ဦးသိန်းစိန်ကို ဧပြီတွင် အာဏာ လွှဲပေးဖွယ်ရှိ

Monday, March 21, 2011 · 0 comments

မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ စစ်အစိုးရက ဧပြီလ ပထမပတ်တွင် အာဏာ လွှဲပေးဖွယ် ရှိကြောင်း ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့တွင် တက်ရောက် နေသည့် လွှတ်တော် အမတ်များက ပြောသည်။

“မတ်လ ၃၁ ရက်နေ့ဆို ဘဏ္ဍာရေးနှစ်က ကုန်ပြီ၊ အစိုးရသစ်ကတော့ ဌာနဆိုင်ရာတွေမှာ တခုခု အပြောင်းအလဲဆိုရင် ဘဏ္ဍာရေး နှစ်အစမှာ လုပ်ကြမှာပဲလေ၊ အဲဒီလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

မြန်မာနိုငံ၏ ဘဏ္ဍာရေး နှစ်သည် နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင်ကုန်ဆုံးပြီး ဧပြီလ ၁ ရက်နေ့တွင် စတင်သည်။ မဇ္ဈိမက လိုက်လံမေးမြန်းသော အခြားအမတ် ၄ လေးဦးကလည်း ဧပြီလဆန်း အာဏာလွှဲပြောင်းမှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့် ထားသည်။

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်လည်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးလည်း ဖြစ်သည်။ စစ်ခေါင်းဆောင် အများစု အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်း နေသော လာဒ်စားမှု နာမည်ဆိုးမှ ကင်းလွတ်သူ တဦးဖြစ်သော ဦးသိန်းစိန်၏ အစိုးရ အဖွဲ့တွင် ဝန်ကြီး ဌာန ၃၄ နေရာရှိပြီး ဝန်ကြီး ၃ဝ ဦး ပါဝင်သည်။

ထိုစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် နောက်ဆုံး တက်ရောက် ဂုဏ်ပြုခံသော မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် တပ်မတော် အခမ်းအနားကို နှစ်စဉ် နှစ်တိုင်း ကျင်းပသလို တခမ်းတနား မဟုတ်ဘဲ အဆောက်အဦ ထဲတွင်သာ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ် သွားဖွယ် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော်တွင် ရောက်ရှိနေသော လွှတ်တော်အမတ်များကို တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိသေးဟုလည်း အမတ်များက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ လွှတ်တော်အမတ်များ တက်ရောက်ခွင့် ရခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။

တနင်္လာနေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာမြတ်ဥာဏစိုး၏ သွင်းကုန် ထုတ်ကုန်များတွင် အခွန်လျော့ပေါ့ ကောက်ခံပေးရန် မေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည် ဖြေကြားရာတွင် ယခုကောက်ခံနေသည့် အခွန်နှုန်းများသည် အရှေ့တောင် အာရှနိုင်ငံများတွင် ကောက်ခံမှုနှုန်း အနည်းဆုံးဖြစ်ပြီး ထိုဝင်ငွေများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်သဖြင့် လောလောဆယ် အခြေအနေတွင် မဖြစ်နိုင်သေးကြောင်း ပြန်လည် ဖြေကြားသည်။

အမျိုးသားလွှတ်တော်၏ တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစုခုန်တိန့်ယိမ်း၏ ကချင်ပြည်နယ်အတွင်း အစိုးရ၏ စီမံကိန်း များကြောင့် ဒေသခံ ပြည်သူများ နေအိမ်များ ရွှေ့ပြောင်းပေးရခြင်းအတွက် ပြန်လည် နေရာချထားပေးရေးကို စီစဉ်ထားသည့် အခြေအနေကို မေးမြန်သည်။

ထိုမေးခွန်းကို စွမ်းအင် ဝန်ကြီး ဦးဇော်မင်းက ပြန်လည် ဖြေကြားရာတွင် နောက်လာမည့် စီမံကိန်းများ အတွက် စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ထို့အပြင် ချင်းပြည်နယ်မှ ဦးဇုန်လှယ်ထျန်း၏ ချင်းပြည်နယ်အတွင်း ပင်မလျှပ်စစ် စက်ရုံတည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားပေး ဖြန့်ဖြူးပေးရေး မေးခွန်းကို ဦးဇော်မင်းက လျှပ်စစ်ဓာတ်အားသည် လောလောဆယ်တွင် လုံလောက်မှု ရှိနေခြင်းကြောင့် ဆောက်ရွက်ပေးရန် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသား လွှတ်တော် အင်္ဂါနေ့ အစည်းအဝေးတွင် ချင်းပြည်နယ် အတွင်းရှိ ဘုံတလာ ရေတံခွန်ကို ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ရန် အဆိုကို ဆွေးနွေးရန် ရှိသည်။ ထိုအဆိုကို ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်က တင်သွင်းပြီး ဦးဘုန်းမြင့်အောင်က ထောက်ခံသည်။

အလားတူ တနင်္လာနေ့ ပြည်သူ့ လွှတ်တော်တွင် ပညာရေးနှင့် ပတ်သက်သည့် မေးခွန်း ၃ ခု၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်သည့် မေးခွန်း ၂ ခုကို မေးမြန်းခဲ့ကြသည်ဟု ပြည်သူ့ လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက ပြောသည်။

ပြည်သူ့ လွှတ်တော် အတွင်း အဆို တင်သွင်းမှုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးမောင်ညို၏ လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် အမျိုးမျိုး ဖြစ်နေခြင်းကို ပုံသေ သတ်မှတ် ပေးရန် ဆွေးနွေးမှုကို လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည် ဖြေကြားရာတွင် မြန်မာ တပြည်လုံးတွင် အချို့နေရာများတွင် ဒီဇယ်ဖြင့် စက်ရုံ လည်ပတ် နေရမှု၊ ရေအားမှ လျှပ်စစ် ရနိုင်မှု စသည်များကြောင့် လျှပ်စစ် သုံးစွဲခ ကောက်ခံမှု မတူနိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

အင်္ဂါနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော် အမတ်များ ဖြစ်သည့် ဒေါက်တာ ပွင့်ဆန်း၏ လူမှုဖွံ့ဖြိုးရေး ဥပဒေသစ် ပြဋ္ဌာန်း ပေးရန် အဆိုနှင့် ဦးတင်မောင်ဝင်း၏ အလုပ်သမားများ လုပ်ငန်းခွင် လုံခြုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရေး အဆိုတို့ကို ဆွေးနွေးရန်ရှိသည်။

source by : မဇ္ဈိမ

ဖတ်ကြည့်ချင်သေးလား....

ဒေါ်စု လွတ်မြောက်ရေး မျှော်လင့်ပြီး ထောက်ခံသူ ရာနဲ့ချီ စုဝေး

Friday, November 12, 2010 · 0 comments

VOA | နေအိမ် အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြန်လွတ် လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ အဲန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေး သူတွေဟာ ဒီမနက်ပိုင်းက စလို့ ထောင်နဲ့ချီ ရောက်နေ ကြပါတယ်။ ရုံးချုပ် အတွင်းထဲမှာလည်း အဲန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက အစုံအလင် ရောက်နေကြပြီ ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အဲန်အယ်လ်ဒီ ရုံးချုပ်က အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာကို ဘန်ကောက်ရုံးက စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာဟာ တကယ်တော့ မနက်ဖြန် နိုဝင်ဘာလ ၁၃ ရက်နေ့မှာမှ သက်တမ်းစေ့မှာဖြစ်ပါတယ်။ ဒါပေမဲ့ မနက်ဖြန်ဟာ စနေနေ့ ရုံးပိတ်ရက် ဖြစ်တာကြောင့် ဒီကနေ့ လွတ်လာမယ်ဆိုပြီး အများက စောင့်စားနေကြတာပါ။ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲအဖြစ် ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်တယောက်လို့ သတ်မှတ်ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ လွတ်များ လွတ်လာမလားဆိုပြီး မြန်မာနိုင်ငံအတွင်းက ပြည်သူတွေတင်မကပါဘူး။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။

ရန်ကုန်မြို့မှာတော့ ဒီကနေ့ မနက် အစောပိုင်းကတည်းက အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ တဖွဲဖွဲနဲ့ ရောက်လာနေကြတာ နေ့လည် ၁၂ နာရီလောက်မှာ ဧည့်ပရိတ်သတ်က ထောင်နဲ့ချီ ရှိသွားပြီလို့ အဲန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က အဖွဲ့ချုပ်ရုံးထဲကနေ အခုလို ပြောပြပါတယ်။

“ရုံးရှေ့မှာကတော့ လူတွေက အပြည့်ဖြစ်နေပြီဗျာ။ ရုံးရှေ့မှာ ပရိတ်သတ်က ထောင်နဲ့ချီနေပြီ။ ဒီမှာ အခြေအနေက အဲဒီလိုဖြစ်နေတယ်။ ဥက္ကဌရော၊ ဒုတိယ ဥက္ကဌ ဦးတင်ဦးရော၊ ဦးဝင်းတင်ရော ရုံးထဲမှာ ထိုင်နေတယ်။ ကျန်တဲ့သူတွေ အကုန်လုံး လူကြီးတွေလည်း ရောက်နေတယ်။ သတင်းထောက်တွေနဲ့ လူငယ်တွေက ဒေါ်စု ဓါတ်ပုံတွေကို ကိုင်ထားပြီးတော့ ပရိတ်သတ် ထောင်ဂဏန်းလောက်က အထူးသဖြင့် လူငယ်တွေများတယ်။ မြို့နယ်အသီးသီးက လာကြာတဲ့အဖွဲ့ဝင်တွေ။ မန္တလေးတို့ ဘာတို့ကလည်း အခု ထပ်ပြီးတော့ ရောက်လာတယ်ဗျ။ အဲဒီအဖွဲ့တွေကတော့ ဒီမှာ ကြိုနေကြတာပေါ့ဗျာ။”

အလားတူပဲ အဲန်အယ်လ်ဒီ ရုံးချုပ်အပြင်ဘက်မှာ ရောက်နေတဲ့ လူငယ်အဖွဲ့ဝင် တဦးကလည်း အပြင်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမလားဆိုပြီး စိတ်ဓါတ် တက်ကြွစွာနဲ့ လာစောင့်နေကြတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“လူ ၁ ထောင်ကျော်ရှိတယ် အခုလေ။ အပြင်မှာကလေ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော၊ ပြည်သူလူထုတွေရော အရမ်းများတာပဲ။ ခုချိန်ထိကို မျှော်လင့်နေတုန်းပဲ။ ကျမတို့ အန်တီထွက်လာတဲ့ အချိန်အထိကို စောင့်ဖို့။ အဘ ဦးတင်ဦးလည်း ရှိတယ်။ အခုချိန်ထိကတော့ အကုန်လုံး ဘာမှမပြောသေးဘူး။ စောင့်မှာပေါ့။ အန်တီ ထွက်လာတဲ့အချိန်အထိ စောင့်မှာ။ အမှန်ဆိုရင် ရုံးက ၄ နာရီဆိုရင် ပိတ်တာလေ။ ဒါပေမဲ့ အခုချိန်ထိ စောင့်နေတုန်းလို့။ ဒီအတိုင်းပဲ စောင့်ရမှာပဲရှင်။ စောင့်နေတုန်း။ တက်ကြွတာမှ ပြောမနေနဲ့။ အကုန်လုံး အန်တီပုံတွေလည်း ကိုင်ထားတယ်။ ကျမတို့ လူငယ်တွေဆိုရင် အန်တီ အကျီ င်္လေးတွေ ၀တ်ထားတယ် အကုန်လုံး။ ပြည်သူလူထုကလည်း အယောက် ၅၀၀ ကျော်ရှိတယ်။ ဟိုဘက်ခြမ်းမှာ စောင့်နေတာ။ ဒီဘက်ခြမ်းမှာကျတော့ ကျမတို့ လူငယ်တွေရော၊ လူကြီးတွေရော၊ တိုင်းနယ်ပြည်က လူတွေရော အကုန်လုံးရှိတယ်။ အန်တီကို စောင့်နေကြတာ။ အခုတော့ ရေတွေဘာတွေကို အန်တီမေက စီစဉ်ပေးထားလို့ ရေတော့ သောက်ရတယ်ရှင့်။ မနက် ၉ နာရီကတည်းက စောင့်နေတာ။”

ဒါကတော့ အဲန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှာ မနက် ၉ နာကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှာ ကြိုဆိုဖို့အတွက် စောင့်နေတဲ့
လူငယ်အဖွဲ့ဝင်တဦး ပြောပြသွားတာပါ။ အဲန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှာ ရောက်နေသူတွေထဲမှာ ပြည်နယ်တိုင်းက အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ အပြင် တခြား အဖွဲ့ဝင်မဟုတ်တဲ့ ဒေသခံပြည်သူတွေလည်း ရာနဲ့ချီ ရောက်နေကြတယ်လို့ သိရပါတယ်။ အခု ရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ကြိုဆိုဖို့အတွက် စောင့်နေကြသူတွေကတော့ လိုအပ်ရင် ညလုံးပေါက် ဆက်စောင့်သွားမယ်လို့ ပြောနေကြပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်အလာကို ကြိုဆိုဖို့ လူတွေ ထောင်နဲ့ချီပြီး အဲန်အယ်လ်ဒီ ရုံးချုပ်အပြင်ဘက်မှာ ရောက်နေသလိုပဲ အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးကို တိုးချဲ့လာတယ်လို့ အဲဒီမှာရောက်နေတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မနက်ပိုင်းက ချထားတဲ့ လုံခြုံရေး တပ်ဖွဲ့တွေအပြင် ညနေ ၃ နာရီလောက်မှာတော့ လုံခြုံရေး ထရပ်ကားတွေ သုံးလေးစီးလောက် အဲန်အယ်လ်ဒီ ရုံးချုပ်နားကို ထပ်ရောက်လာတာကြောင့် မကြာခင် လွတ်လာတော့မလား ဆိုတဲ့ ပြောဆိုမှုတွေ လူထုအကြား ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာတော့ လုံခြုံရေး အခြေအနေတွေဟာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိပေမဲ့ စစ်ကားတွေ လမ်းထဲမှာ အ၀င်အထွက် လုပ်နေတာကို တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီကနေ့ညနေ ၄ နာရီ ရုံးပိတ်ချိန် မတိုင်ခင် လွတ်လာမယ်ဆိုတဲ့ ပြောဆိုမှုတွေ ရန်ကုန်လူထုအကြားမှာ အခိုင်အမာ ထွက်ပေါ်နေပေမဲ့လည်း အခု ညနေ ၆ နာရီ ထိုးတဲ့အထိတော့ လွတ်မလာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ၁၄ နှစ်နီးပါးကို နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားခဲ့ရတာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : VOA

ဖတ်ကြည့်ချင်သေးလား....

အထူး အယူခံက ဥပဒေစိုးမိုးမှုကို သက်သေ ပြရန် ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Monday, November 01, 2010 · 0 comments

ဝီရ | ယနေ့ အပြီးသတ် လျှောက်လဲချက် ပေးသည့် ၎င်း၏ အထူး အယူခံသည် မြန်မာ နိုင်ငံ တရားရုံး၏ ဥပဒေစိုးမိုးမှု မည်မျှရှိကြောင်း သက်သေပြရန် ဥပမာ ကောင်းတရပ် ဖြစ်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ နိုင်မနိုင် ဆိုတာက ဒီအထူးအယူခံဟာ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး ဘယ်လောက်ရှိသလဲ၊ အဲဒီ ဥပဒေ စိုးမိုးမှုကို ဘယ်လောက်ထိ လိုက်နာမလဲဆိုတာ သက်သေပြဖို့ ဖြစ်တယ်။ တကယ်လို့ တရားဥပဒေ စိုးမိုးမှုရှိရင် နိုင်မှာပေါ့။ တရားသေ လွှတ်ပေးရမယ်ပေါ့။ ဒါကြောင့် တရားရုံးက ဘယ်လိုအမိန့်ချမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြည့်ရမယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့၏ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်နှင့် ပတ်သက်၍ အောက်တိုဘာ (၂၉) ရက်နေ့ နံနက် (၁၀) နာရီမှစ၍ နေပြည်တော် ဗဟို တရား ရုံးချုပ်၌ (၅) ဦးထိုင် တရားသူကြီး ရှေ့မှောက်တွင် နှစ်ဘက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ကြားနာ ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ် ခြံဝင်း အတွင်းသို့ ကျူးကျော် ဝင်ရောက် လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံ ခဲ့မှုကြောင့် ၁၉၇၄ ခုနှစ် ဥပဒေပါ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

ချမှတ်ထားသည့် အဆိုပါ ပြစ်ဒဏ်သည် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဖျက်သိမ်းကြောင်း လက်မှတ် ရေးထိုးထားပြီး ဖြစ်၍ ဥပဒေကြောင်းအရ လွဲချော်နေသဖြင့် ပြင်ဆင်ပေးရန် ယနေ့ နောက်ဆုံး အဆင့် လျှောက်လဲခဲ့ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“အမိန့်ချဖို့ သာမန်အားဖြင့် အနည်းဆုံး (၁) ပတ် ကြာတတ်ပါတယ်။ အခုလည်း ဘယ်နေ့ အမိန့်ချမလဲဆိုတာ သေချာ မသိသေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ် (၁၈) လသက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့၌ ကုန်ဆုံးမည် ဖြစ်ပြီး အဆိုပါ လွတ်မြောက်ရက်သည် ရွေးကောက်ပွဲ ကျင်းပရက်နောက်ပိုင်း (၆) ရက်အကြာတွင် ဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “အခု အယူခံဝင်တာက တရားလမ်းကြောင်းအရ အသက်မရှိတော့တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ပေးတာကို ထောက်ပြတာ ဖြစ်တယ်။ ကျနော်တို့ဘက်က အနိုင်ရရင် မြန်မာပြည်အတွက် နိုင်ငံတော် တရားရုံးက တရားဥပဒေအတိုင်း လိုက်နာမှုရှိတဲ့ ဥပမာကောင်းတခု ဖြစ်မှာပါ” ဟု ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက်ပိုင်း ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ နေပြည်တော် ဗဟိုတရားရုံးချုပ်၌ နောက်ဆုံးအဆင့် လျှောက်လဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားရာမှ ရှေ့လအတွင်း ပြန်လွှတ် ပေးမည် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာစီယံ) ထိပ်သီး ညီလာခံ တက်ရောက် နေသော မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို ကိုးကား၍ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာသီ နတ်တလီဂါဝါက ပြောဆိုခဲ့သည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

ကုလ အတွင်းရေးမှူးချုပ် ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ

Sunday, October 31, 2010 · 0 comments

VOA | မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ပွင်းပွင့်လင်းလင်း၊ ထင်သာ မြင်သာ ဖြစ်အောင်နဲ့ အားလုံး ပါဝင်အောင် လုပ်ဖို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။


ဓာတ်ပုံ ASSOCIATED PRESS
အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်။ အောက်တိုဘာ ၂၉၊ ၂၀၁၀
လေးစား လက်ခံနိုင်လောက်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် လိုအပ်တဲ့အတိုင်း ရွေးကောက်ပွဲ တွေကို ကျင်းပပေးဖို့ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာ ပြုလုပ်နေတဲ့ အရှေ့တောင် အာရှ ဒေသတွင်း ထိပ်သီး အစည်းအဝေး ပြင်ပမှာ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ စနေနေ့က သီးခြားတွေ့ဆုံချိန်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ် ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆို ခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပြပါတယ်။

ဒီမိုကရေစီ စနစ်ကျင့်သုံးပြီး တည်ငြိမ် သာယာ ဝပြောတဲ့ အနာဂတ် ဖော်ဆောင် ရေးမှာ ကုလ သမဂ္ဂက မြန်မာအစိုးရ၊ မြန်မာ ပြည်သူတွေနဲ့ အတူ လက်တွဲ လုပ်သွားဖို့ ရေရှည် ကတိပြုထား တယ်ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ထပ်မံ အတည်ပြု ပြောခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံမှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အတွက် ဂျပန်နိုင်ငံနဲ့ မဲခေါင် မြစ်ဝှမ်း ဒေသ နိုင်ငံများ အဖွဲ့ကလဲ သောကြာနေ့က ဟနွိုင်းမှာ မဲခေါင် ထိပ်သီး ညီလာခံအပြီး ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ တောင်းဆို ထားပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

ဖတ်ကြည့်ချင်သေးလား....

ရန်ကုန် - နေပြည်တော် - မန္တလေး မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်

Monday, October 11, 2010 · 0 comments

နရီလင်းလက် | ရန်ကုန် - နေပြည်တော် - မန္တလေး မြန်နှုန်းမြင့် ရထားလမ်းအား တရုတ် နိုင်ငံ၏ အကူအညီဖြင့် လာမည့် ၂၀၁၁ ခုနှစ်တွင် စတင် ဖောက်လုပ်မည်ဟု သိရသည်။

၃၈၅ . ၅၀ မိုင် ရှည်လျားသည့် ရန်ကုန် - နေပြည်တော် - မန္တလေး မြန်နှုန်းမြှင့် ရထားလမ်းကို တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်း အခြေစိုက် ရထားထုတ်လုပ်ရေး ကုမ္ပဏီ၏ အကူအညီဖြင့် ၂၀၁၅ တွင် အပြီး ဖောက်လုပ်မည်ဟု ရထားပို့ဆောင် ရေးဝန်ကြီး ဌာနနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ စီမံကိန်းသည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး ဦးဆောင်သည့် ချစ်ကြည်ရေးအဖွဲ့ ဇူလိုင်လ ၉ ရက်နေ့က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက်စဉ် သဘောတူညီ ချက်များအရ အကောင်အထည်ဖော် ဆောင်ရွက် နေခြင်း ဖြစ်သည် ဟု သိရသည်။

ကူမင်း အခြေစိုက် ရထား ထုတ်လုပ် ရေးကုမ္ပဏီမှ ထိုရထားလမ်း ဖောက်လုပ်ရန် စမ်းသပ် စစ်ဆေးမှုများ လာရောက် ပြုလုပ် ပေးမည်ဟုရထားပို့ဆောင် ရေးဝန် ကြီး ဌာနက ပြောသည်။


“အာဏာပိုင်တွေ တရုတ်ကို ချစ်ကြည်ရေး ခရီး သွားတုန်းက တရုတ်က နည်းပညာတွေ ကူညီပေးမယ်။ ရထားတွဲတွေ အလ ကားပေးမယ်ဆိုပြီး ပြောလိုက်တာတွေ ရှိခဲ့တယ်။ ဒီလို သဘောတူခဲ့တာတွေကို အကောင်အထည် ဖော်ဖို့ တရုတ်အဖွဲ့က လာမှာ”ဟု နေပြည်တော် ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

မြေသားနှင့် ဖောက်လုပ်မည့် လမ်းအနေအထားတို့အား စစ်ဆေးပေးရန် လာရောက်မည်ဟု သိရပြီး အသစ်ဖောက်လုပ်ပြီးစီး သွားသည့် ရန်ကုန်-မန္တလေးကားလမ်းနှင့်အပြိုင် မြန်နှုန်းမြင့်ရထားလမ်းကို ဖောက်လုပ်မည်ဟု သူက ဆိုသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းအား ယခင်က ရန်ကုန်-နေပြည်တော် ဖောက်လုပ်ရန် စီစဉ်ထားပြီးမှ ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တွင် ရထားပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအား ဆွေးနွေးခဲ့ကြပြီး ဘေကျင်းမြို့ မီးရထား ဘူတာရုံသို့ သွားရောက်ကြည့်ရှု၍ အဆင့်မြင့် မြန်နှုန်းမြင့် ရထားဖြင့် စီးနင်းလေ့လာခဲ့သည်ကို ဇူလိုင် ၁၄ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာတွင်ဖော်ပြထားသည်။

“ခရီးစဉ်မှာ ပါသွားတဲ့ အာဏာပိုင်တွေ အပြောအရဆို မြေအောက် ဒါမှမဟုတ် မိုးပေါ် ရထားလမ်း ဖောက်မယ်ဆိုပြီး ပြောနေ တယ်။ ဒါမျိုးလုပ်ဖို့ ဆိုတာ အချိန်ကုန်၊ ငွေကုန်ပြီး အဓိက ကိုယ့်နိုင်ငံနဲ့ မကိုက်တဲ့ အစီအ စဉ်ကြီး။ ဟိုက အလကား ပေးမယ့် ရထားလမ်းတွေက အစ စီစဉ်ပေးမယ် ဆိုတော့ သဘောတူခဲ့တာ။ တရုတ်က ဒီလထဲလာပြီး မြေသား စမ်းသပ်တာတို့၊ တိုင်း တာ တာတို့ လာလုပ်မယ် ပြောတယ် ” ဟု ရန်ကုန် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိ ဗိုလ်မှူးတဦးကဆိုသည်။

အဆိုပါ မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည် ဆိုပါက လျှပ်စစ်မီး လုံလောက်စွာ ရရှိရန် လိုအပ်သောကြောင့် ဖောက်လုပ်မည့် လမ်းတောက် လျှောက်တွင် ၂၄ နာရီ မီးရရှိရန် အလျင် အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဟု သူကပြောသည်။

လက်ရှိ မောင်းနှင်နေသော ရန်ကုန်-မန္တလေး အမြန်ရထားလမ်း သည် အချိန် ၁၆ နာရီခန့် ကြာမြင့်ကြောင်း သိရ သည်။

“ အခု နောက်ပိုင်း ဖောက်တဲ့ ရထားလမ်းတွေ မှန်သမျှ နေပြည်တော်ကို ဆုံချက်လို သဘောထားပြီး ဖောက်သွားမှာ။ ခုလမ်းက လည်း အဲဒီလိုပဲ နေပြည်တော်ကို ဖြတ်ပြီး မန္တလေး ကို ဆက်သွားမှာ။ အခု ဖောက်မယ် ဆိုတဲ့ မြန်နှုန်းမြင့်ရထားလမ်းဆို တာကလည်း ချက်ချင်း ထလုပ်လို့မရဘူး ပြင်ဆင်မှုတွေ လုပ်ရဦးမယ် ” ဟု နေပြည်တော် ဆောက်လုပ် ရေး ၀န်ကြီးဌာနမှ အကြီးတန်း အင်ဂျင်နီယာ တဦးက ဆိုသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းအား ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းနှင့် ယှဉ်ကာ ဖောက်လုပ် သွားမည်ဟု သိရ သည်။

ဇူလိုင်လ ၉ ရက်နေ့က အတွင်းရေးမှူး (၁) ဗိုလ်ချူပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ်ပြည်သို့ ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့စဉ် မီးရထားစက်ခေါင်း ထုတ်လုပ်ရေး စက်ရုံ၌ မြေအောက် ရထားတွဲ ဆောက်လုပ်ရေး လုပ်ငန်းများအား ကြည့်ရှုခဲ့ ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် သဘော တူညီထားသော စာချုပ်အရ စိန် သဘာဝ ဓာတ်ငွေ့မြေနှင့် ပတ္တမြား ဓာတ်ငွေ့မြေတို့မှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ၊ ကူမင်းသို့ ပိုက်လိုင်းဖြင့် တင်ပို့ ရောင်းချ သွားမည် ဖြစ်ပြီး ယင်း ဓာတ်ငွေ့မြေ နှစ်ခုမှ သဘာဝ ဓာတ်ငွေ့ ထွက်ရှိမှုသည် တနေ့လျှင် ကုဗသန်း ၇၀၀ ခန့် ရှိကြောင်း သိရသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

ဦးအောင်သိန်းလင်းကြောင့် ဘာသာရေး အဓိကရုဏ်း ဖြစ်တော့ မလား

· 0 comments

ဧရာဝတီ | ရပ်ဆိုင်း ထားသော အစ္စလမ်ဗလီ ဝတ်ပြုကျောင်း ဆောက်လုပ်မှုကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက မဲဆွယ် စည်းရုံးသည့် အနေနှင့် ပြန်လည် ခွင့်ပြု လိုက်သည့် အတွက် ဒေသခံ ဗုဒ္ဓဘာသာဝင် များက မကျေမနပ် ဖြစ်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာ နိုင်သည် အထိ အခြေအနေ တင်းမာ နေကြောင်း သတင်းရရှိသည်။


ကန့်ကွက်မှုကြောင့် ဆောက်လုပ်မှုရပ်ဆိုင်းထားရသည့် တောင်ဥက္ကလာပ ၇ ရပ်ကွက် သီရိဇေယျာလမ်းရှိ ဗလီဝတ်ပြုကျောင်း (ဓာတ်ပုံ - ဧရာဝတီ)
တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်၊ သီရိဇေယျာ လမ်းရှိ ဆောက်လက်စ အစ္စလမ် ဗလီဝတ်ပြုကျောင်းကို ရပ်ကွက်နေ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၂၀၀၃ ခုနှစ် ကတည်းက ဆောက်လုပ်ခွင့် ရပ်ဆိုင်း ထားခဲ့ရာမှ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် တည်ဆောက် ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်း က ၎င်းအတွက် မဲထည့်ပေးလျှင် အဆိုပါ ဗလီကို ဆောက်လုပ်ခွင့် ပြန်ပေးမည် ဟုဆိုကာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပ ၇ ရပ်ကွက်နေ ပြည်သူများက ပြောသည်။

“ဦးအောင်သိန်းလင်းက သူ့ကို အမာခံမဲပေးမယ့် ကြံ့ဖွံ့ပါတီဝင်အင်အား ၂၀၀၀ ပေးရင် ဗလီ ပြန်ဆောက်ခွင့်ပေးမယ်လို့ ပြောတဲ့အတွက် သက်ဆိုင်ရာ ဗလီဝတ်ပြုကျောင်း ဖြစ်မြောက်ရေး လူကြီးတွေစုစည်းပြီး အမာခံမဲပေးမယ့်သူတွေ၊ ပါတီဝင် အင်အားတွေ စုပေးခဲ့တယ်။ အဲဒါကြောင့် ဆောက်လုပ်ခွင့်ရတယ်” ဟု ၇ ရပ်ကွက်နေ အစ္စလမ် ဘာသာဝင် တဦးက ပြောသည်။

ထိုသို့ ဗလီဝတ်ပြုကျောင်း ဆောက်ခွင့် ပေးခဲ့သည့် အတွက် တောင်ဥက္ကလာပ မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာ ၀ါတွင်း ဆွမ်းလောင်း အသင်းများ စုပေါင်းပြီး ၇ ရပ်ကွက် ဥက္ကဋ္ဌက ဦးဆောင်ကာ မြို့တော်ဝန် ဦးအောင်သိန်းလင်းထံ ဗလီ တည်ဆောက်ခြင်းကို တရားဝင် ကန့်ကွက်သည်ဟု တင်ပြကြကြောင်း၊ ထိုသို့ တင်ပြလိုက်သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များ အကြား တင်းမာမှုများ စတင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗလီက ၃ ထပ်ဗလီ အဆောက်အအုံ၊ တော်တော်လည်းကြီးတယ်။ အစကတည်းက ဒီ ဗလီမဆောက်ဖို့ ၀ိုင်းကန့်ကွက် ထားကြတာ။ မြို့တော်ဝန်က မဲလိုချင်တာနဲ့ ဗလီဆောက်ခွင့် ပြန်ချပေးလိုက်တော့ မကျေမနပ်ဖြစ်ကုန်တယ်” ဟု တောင်ဥက္ကလာပ မြို့နယ် ၁၂ ရပ်ကွက် ၀ါတွင်းသုံးလ ဆွမ်းလောင်းအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီက ဗလီဆောက်ခွင့်ပြုပြီး မဲဆွယ်သည့် သတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း၌ ပျံ့နှံ့သွားပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မဲမထည့်လိုကြောင်း ပြောဆိုမှုများ ရှိလာသည့်အတွက် အောက်တိုဘာ ၆ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီး ဗလီတည်ဆောက်ခြင်း ဆိုင်းငံ့လိုက်ကြောင်း သတင်းရရှိသည်။

စည်ပင်က ဗလီတည်ဆောက်ခြင်းကို တားမြစ်လိုက်ခြင်းသည် ဗုဒ္ဓဘာသာဝင်များ၏ ကန့်ကွက်မှုကြောင့် ဖြစ်သည်ဟု တောင်ဥက္ကလာပမြို့နယ် အတွင်းနေ အစ္စလမ် အသိုင်းအ၀န်းက ဗုဒ္ဓဘာသာ ၀င်များအပေါ် မကျေမနပ် ဖြစ်နေကြကြောင်း ပြောဆိုနေကြသည်။

“ကျနော်တို့က မြို့တော်ဝန်ကို မဲပေးရမယ်။ ပါတီဝင် အင်အားပေးပြီးတော့မှ ဗလီဆောက်လုပ်ခွင့် ပြန်ရတာ။ အခု ဗလီ ဆောက်တာ ပြန်ရပ်လိုက်ရပြီဆိုတော့ ပါတီဝင်အင်အား ပေးလိုက်ရတာ၊ မဲစာရင်း ပေးလိုက်ရတာတွေ အလကား ဖြစ်ကုန်တာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသား တဦးက ရှင်းပြသည်။ ဗလီ ကိစ္စကြောင့် တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်ဝန်ဦးအောင်သိန်းလင်းကို ထောက်ခံမှု အင်အား ကျဆင်းလာကြောင်း
လည်း သတင်းရရှိသည်။

“နဂိုကတည်းကလည်း မကြိုက်ဘူး။ အခုဆိုရင် သူ့ကို မဲပေးပါမယ်ဆိုတဲ့ ရယကတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေတောင် တော်တော် စဉ်းစားကုန်ပြီ” ဟု ၇ ရပ်ကွက် ရယက အဖွဲ့ဝင် တဦးက ဆိုသည်။

တောင်ဥက္ကလာ မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း ဘာသာရေးကို အသုံးချသည့် ဦးအောင်သိန်းလင်းကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်ကြောင်း၊ ပြည်သူများ ထိခိုက် အနာတရ မဖြစ်စေလိုကြောင်း ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ ဗလီတည်ဆောက်ခွင့် ရပ်ဆိုင်းလိုက်ရခြင်းကို မကျေမနပ် ဖြစ်နေသော အစ္စလမ် ဘာသာဝင်များကို နှစ်သိမ့်ရန် ဦးအောင်သိန်းလင်းက ဗလီတည် ဆောက်ရေး ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေကြေးများထဲမှ လှူဒါန်းလိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း၊ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆို ထိုသူအား တနှစ်ထက်မပိုသော ထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် တသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြ ထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄) အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

ထိုင်း ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

· 0 comments

သန်းထိုက်ဦး | ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။


အောက်တိုဘာလ ၆ ရက်နေ့က အမေရိကန် နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ မစ္စတာ အဖိဆစ်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ - Reuters)
“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ် ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြား ခဲ့သည်။

ထိုင်း ရုပ်မြင်သံကြားလိုင်း တခုတွင်လည်း မစ္စတာ အဖိဆစ်က “မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ လာမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ချောချော မောမော ဖြစ်တာကို ကျနော်မြင်ချင်ပါတယ်၊ ထိုင်းအစိုးရ အနေနဲ့လည်း နယ်စပ် ဒေသတလျှောက် တည်ငြိမ်အေးချမ်းမှု ရှိတာကို လိုလားနေပါတယ်”ဟု ပြောဆိုထားသည်။

ဝန်ကြီးချုပ် အဖိဆစ်၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်း အပါအ၀င် ထိုင်းနိုင်ငံ လက်ရှိ ကြည်းတပ် ဦးစီးချုပ် Gen Prayuth Chan Ocha တို့လည်း လိုက်ပါသွားကြပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ကိုလည်း တွေ့မည်ဟု ထိုင်း နိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြ ထားသည်။

မစ္စတာ အဖိဆစ်က ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို လေ့လာရန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် မြန်မာပြည်ရှိ တိုင်းရင်းသားများ အရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း လည်း ပြီးခဲ့သည့်လ အတွင်းက ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်အစိုးရဘက်က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ် တံတား ပိတ်ထားသည့် အတွက် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း၊ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ် သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်း သတင်း ဌာနများက ဖော်ပြသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ခရီးစဉ် အချိန် ဇယားဆွဲရန် အခက်အခဲ ရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

ကြံ့ဖွံ့ပါတီတွင်း သဘောထား ကွဲလွဲမှုများရှိနေ

· 0 comments

ဆက်လင်း | ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အောက်ခြေ မြို့နယ် အဆင့် တာဝန်ရှိသူများ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက ပြောသည်။


ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ တင်ထွန်းဦး အောက်တိုဘာ ၉ ရက်နေ့က မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ်(ဓာတ်ပုံ - AP)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့အသင်း) ကတည်းက တာဝန် ထမ်းဆောင် ခဲ့သော မြို့နယ် အဆင့် အမှုဆောင် အများစုမှာ ပါတီ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ချိန်တွင် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် မရဘဲ အရပ်ဝတ်လဲ ဗိုလ်ချုပ်ကြီး ဟောင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ လိုလားသည့် ပညာရှင်များက နေရာ ယူလာသည့် အတွက် မကျေနပ်မှုများ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီ၏ တိုင်း၊ ခရိုင်နှင့် မြို့နယ် အမှုဆောင် ရာထူးများတွင် စစ်တပ်မှ အငြိမ်းစားပေးခံခဲ့ရသည့် အရာရှိများ ရောက်ရှိ လာချိန် ကတည်းက မကျေနပ်မှု တချို့ စတင် ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်အဆင့် ကြံ့ဖွံ့ပါတီ အမှုဆောင် တဦးက ပြောသည်။

“သူတို့တွေက ရွေးကောက်ပွဲ ကော်မရှင်ကို တင်တော့ လိပ်စာကို ပြိုင်မယ့် မြို့နယ်တွေရဲ့ လိပ်စာ ရေးထား ပေမယ့် အဲဒီမြို့နယ်တွေ မှာ တကယ်နေတာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

အသင်းကို ပါတီ မပြောင်းလဲခင်ကတည်းက မြို့နယ် အမှုဆောင်အဖွဲ့ဝင် တာဝန်ယူခဲ့သူ ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်မှ ကြံ့ဖွံ့ ပါတီ အလုပ် အမှုဆောင် တဦးကလည်း “မြို့နယ် အမှုဆောင် အဆင့် က တိုင်းဒေသကြီး လွှတ်တော် တခုတလေ လောက်ပဲ ၀င်ပြိုင် လို့ ရတော့တယ်၊ နေရာတော်တော်များများက ယူနီဖောင်း ချွတ်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေရယ်၊ ၀န်ကြီးတွေရယ်၊ လုပ်ငန်း ရှင်ကြီး တွေရယ်၊ ဆရာဝန်တွေ ပညာရှင် တွေရယ်နဲ့ ပြည့်နေတော့ အရင်အသင်းက ခရိုင်အဆင့် တိုင်းအဆင့် အမှုဆောင်တွေလောက်ပဲ ပါလို့ ရတော့တယ်”ဟု ပြောသည်။

ကျုံပျော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်ဆန်းဆင့်က ယူနီဖောင်းချွတ်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများ အဖြစ် တိုင်းနှင့်ခရိုင်တို့မှ ကြံ့ဖွံ့ကိုယ်စားလှယ်များ က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် မြို့ခံအမှုဆောင်များ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရကြောင်း သိရသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် ဒေါက်တာ တင်ထွန်းဦး နှင့် တက္ကသိုလ်မြတ်သူတို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယခင် ပုဇွန်တောင် မြို့နယ် ကြံ့ဖွံ့ အသင်း အမှုဆောင်များမှာ တိုင်းဒေသကြီးလွှတ်တော် တနေရာတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်ဟု ပုဇွန်တောင်မြို့နယ် ကြံ့ဖွံ့ ပါတီဝင် တဦး က ပြောပြသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဒေါက်တာတင်ထွန်းဦးအတွက် မဲဆွယ်စည်းရုံးသည့် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေရာတွင် ပါတီဝင်ထဲမှ လိုက်ပါကူညီမည့်သူ မရှိသဖြင့် ပါတီဝင်မဟုတ်သူ ၁၂ ဦးကို ပါတီ တံဆိပ်ပါ တီရှပ်များ ၀တ်ဆင်ပေးပြီး နေ့တွက် စားရိတ် ပေးကာ ဖြန့်ဝေခိုင်းခဲ့ရသည်ဟု ကြော်ငြာဖြန့်ဝေပေးခဲ့သူများနှင့် နီးစပ်သူတဦးကပြောသည်။

အမည်မဖော်လိုသူ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းတဦးကလည်း ပါတီစည်းရုံးရေး လုပ်ငန်းများအတွက် မြို့ခံ ပါတီဝင်များနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း ပြောဆိုသည်။

“အောက်ခြေကလူတွေသာ ဘာမှန်းညာမှန်းမသိဘဲ ခိုင်းတာလုပ် ကျွေးတာစားဖြစ်နေတာ၊ မြို့နယ်အမှုဆောင် အဆင့်လောက်က အရင်ကတည်းက နိုင်ငံရေး မျှော်မှန်းချက်တွေထားပြီး လုပ်နေကြတာ၊ တကယ်တမ်းပြိုင်မယ်ဆိုတော့ အထက်က အလျှိုလျှို ရောက်လာတော့ အချင်းချင်းပြန် ငြိကုန်ကြရော”ဟု ကြံ့ဖွံ့ အသင်းဝင် ဟောင်းတဦးက ပြောပြသည်။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးကလည်း“နဂိုကတည်းက အခွင့်အရေး သမားတွေလေ၊ အခုတော့ ရတဲ့ အခွင့်အရေးကို လုရင်း မသင့်မမြတ်ဖြစ်တာ မဆန်းပါဘူး၊ နောက်ပိုင်းမှာ ဒီထက်ကြီးတဲ့ ပြဿနာတွေလည်း ထပ်ကြားရလာနိုင်တာပဲ”ဟု ပြော သည်။

ကြံ့ဖွံ့ပါတီသည် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့က ဧပြီလ ၂၉ ရက် နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့သည်။

ကြံ့ဖွံ့ပါတီတွင် ယခင် အသင်းဝင် အစိုးရ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သက်ကြီး ရွယ်အိုများကို ပါတီဝင် အဖြစ် လက်ခံခြင်းမရှိဘဲ စာရင်း ပယ်ဖျက် လိုက်ပြီး လက်ရှိတွင် အသင်းဝင်အင်အား၏ သုံးပုံ တစ်ပုံ ဖြစ်သော ပါတီဝင် ၈ သန်းကျော် ရှိသည်ဟု ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးတင်မောင်ဝင်းက စက်တင်ဘာလ အတွင်း သတင်းထောက်များကို ပြောခဲ့ သည်။

ကြံ့ဖွံ့အသင်းကို ဇူလိုင်လ ၆ ရက်နေ့မှ စ၍ ဖျက်သိမ်းပြီး အသင်းပိုင် ပစ္စည်းများကို ပါတီသို့ အပြီးအပိုင် လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါ ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့ အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဘဲ လူမှုရေး လုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရ အလိုကျ နိုင်ငံရေး မူဝါဒများကို အကောင်အထည် ဖော်လာခဲ့ခြင်း ဖြစ်သည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

စင်ကာပူရောက် မြန်မာများ သူရ ဦးတင်ဦးထံမှ သြ၀ါဒခံယူ

· 0 comments

မြတ်ခိုင်ဦး | စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ် ကုသပြီး၍ လိုအပ်သော ဆေးဝါး စောင့်ရှောက်မှု ဆက်လက် ခံယူနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရ ဦးတင်ဦးထံမှ သြ၀ါဒ စကားများ ခံယူသည့် ဂါရ၀ပြုပွဲ တရပ်ကို စင်ကာပူရောက် မြန်မာ လူငယ်များက ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုး မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်း ပြုလုပ်ကြခြင်း ဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာ နိုင်ငံသား (၃၀၀) ခန့် တက်ရောက် ကြသည်။

ပထမဦးစွာ ရဟန်း သံဃာများအား ဦးတင်ဦးမှ ဦးဆောင်၍ သင်္ကန်း ကပ်လှူ ပူဇော်ပြီးနောက် သံဃာတော် များထံမှ သီလခံယူကာ တက်ရောက် လာကြသော မြန်မာ နိုင်ငံသားများက ဦးတင်ဦးအား ကန်တော့ ကြသည်။ ထို့နောက် ဦးတင်ဦးက မြန်မာ ပြည်သားများအား မိနစ် (၂၀) ခန့် ဆုံးမ စကားပြောကြားသည်ဟု အခမ်းအနား ဦးဆောင် ကျင်းပသူ ကိုဝဏ္ဏက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ဘဘက ဆုတွေ အများကြီး ပေးတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ပြီးတော့ လူငယ်တွေဆိုတာ ရိုးသားရမယ်၊ ကြိုးစားရမယ်၊ တိုင်းပြည် အတွက် မေတ္တာ စေတနာထားပြီး ပြဿနာရပ်တွေ အားလုံးကို ဖြေရှင်းရမယ် ဆိုပြီး မှာကြားသွားတယ်” ဟု ပြောသည်။

အဆိုပါပွဲ ပြုလုပ်ရခြင်းမှာ သူရဦးတင်ဦးထံမှ လူငယ်များအတွက် စိတ်အား ထက်သန်စေမည့် အမှာစကားရပ်များကို သိရှိကြရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ဦးတင်ဦးက တိုင်းကျိုး ပြည်ကျိုး ထမ်းရွက်ရာတွင် နိုင်ငံရေး ပြဿနာများကို စိတ်ရှည်ရှည် ထားကာ တွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ကိုဝဏ္ဏက ပြောသည်။

သူရဦးတင်ဦးက ၎င်းစင်ကာပူသို့ မလာရောက်မီက အရာအားလုံး အဆင်ပြေချောမွေ့ပါ့မလားဟု စိုးရိမ်ပူပန်ခဲ့ကြောင်း၊ သို့ရာတွင် ရောက်သည့်နေ့မှစ၍ စင်ကာပူရောက် မြန်မာနိုင်ငံသားများ၏ အစစ၊ အရာရာ ဝိုင်းဝန်းကူညီပံ့ပိုးမှုကို တွေ့ရသည့်အတွက် လွန်စွာကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု အခမ်းအနား တက်ရောက်သူ လူငယ်တဦးက ပြောသည်။

သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့ကြောင့် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် စက်တင်ဘာ (၂၈) ရက်တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဘယ်ဘက်မျက်စိအား စက်တင်ဘာ (၃၀) ရက်နေ့၌ Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မျက်စိခွဲစိတ်ကုသမှုအပြီးတွင် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများက ဦးဆောင်ကာ စင်ကာပူရောက် မြန်မာနိုင်ငံသားများ အတူတကွ ပူးပေါင်း၍ ဤပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသော သူရဦးတင်ဦးကို ယခုကဲ့သို့ ဂါရဝပြုခွင့်ရသည့်အတွက် များစွာဝမ်းမြောက် ပျော်ရွှင်ကြကြောင်း စင်ကာပူရောက်မြန်မာများထံမှ သိရသည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

မြန်မာ ကလေးငယ် (၃၅) ဦးအား အုပ်ထိန်းသူထံ ပြန်အပ်နှံမည်

· 0 comments

အောင်ထက် | သီရိလင်္ကာ နိုင်ငံ၌ ဒုက္ခကြုံတွေ့ နေရသော မြန်မာကလေးငယ် (၃၅) ဦးသည် လာမည့် အောက်တိုဘာ (၁၉) ရက် နံနက်တွင် မလေးရှား အဲယားလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာတော့မည်ဟု သီတဂူ သာသနာပြု အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားသည်။

ပြန်လည် ရောက်ရှိလာမည့် သီလရှင် (၂၅) ပါး၊ ကိုရင် (၁၀) ပါးအား သီတဂူ အုပ်ချုပ်ရေး အဖွဲ့မှ သွားရောက် ကြိုဆိုမည်ဖြစ်ပြီး အုပ်ထိန်းသူ မိဘ (သို့မဟုတ်) ဘုန်းတော်ကြီးများ ထံသို့ ယင်းနေ့တွင် ပြန်လည် အပ်နှံမည်ဖြစ်သည်။

“(၁၇) ရက်နေ့မှာ သီတဂူအဖွဲ့ သီရိလင်္ကာကို လိုက်မယ်။ သီတဂူ ဆရာတော်တော့ မပါတော့ဘူး။ သီရိလင်္ကာ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက (၁၈) ရက်နေ့ အတွက် လေယာဉ် လက်မှတ် စီစဉ်ပြီးပြီ။ မလေးရှားမှာ Transit နားပြီး (၁၉) ရက်နေ့ မလေးရှား အဲယားလိုင်းနဲ့ မြန်မာပြည် ပြန်လာမယ်။ မင်္ဂလာဒုံ လေဆိပ် ‘ရောမမာန်’ စားသောက်ဆိုင်မှာ နံနက်စာ ကျွေးပြီး အုပ်ထိန်းသူလက် ပြန်အပ်မယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းနေ့တွင် သီတဂူ ဆရာတော် ဘုရားကြီး လိုက်ပါ ကြိုဆိုခြင်း ရှိ မရှိနှင့် သတင်းစာ ရှင်းလင်းပွဲ ပြလုပ်ခြင်း ရှိ မရှိကိုမူ အုပ်ချုပ်ရေး အဖွဲ့မှ ဖြေဆိုရန် ငြင်းဆန်သည်။

လွန်ခဲ့သော ၁၉၉၀ ခုလွန်နှစ်များက သီရိလင်္ကာသာသနာပြုမစ်ရှင်အဖွဲ့သည် ရန်ကုန်မြို့ရှိ ကျောင်းတိုက်ကြီး (၃) တိုက်မှ ကလေးငယ် (၁၀၀) ကျော်အား ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ကိုရင်နှင့် သီလရှင်များ ၀တ်ပေးခဲ့သည်။

ထို့နောက် သီရိလင်္ကာနိုင်ငံသား (ထိုင်ဝမ်ဘုန်းကြီး)က ထိုကလေးငယ်များအား ပညာဆက်လက်သင်ကြားပေးမည်ဟု ပြောဆိုကာ (၃) သုတ်ခွဲ၍ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ကွန်ပျူတာဖြင့် စာသင်ကြားနေဟန် ဓာတ်ပုံများဖြင့် အင်တာနက်မှတဆင့် ကမ္ဘာအရပ်ရပ်သို့ အလှူခံခဲ့ကြောင်း၊ ကလေးငယ်အများစုကိုမူ သီရိလင်္ကာနိုင်ငံအတွင်း နေရာများခွဲ၍ စေလွှတ်ပြီး အလုပ်ကြမ်းများ ခိုင်းစေကာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

“ထိုင်ဝမ်ဘုန်းကြီးနဲ့ သီတဂူဆရာတော် လုံးဝပတ်သက်မှုမရှိဘူး။ သူ့ရဲ့ဘွဲ့တော်လည်း မသိရဘူး။ မြန်မာသံအမတ်ကြီးနဲ့ ပတ်သက်မှုရှိတယ်။ မြန်မာပြည်က ကလေးငယ်တွေ ဗန်းပြပြီး ထိုင်ဝမ်သူဌေးတွေဆီက ကမ္ဘာအနှံ့မှာ ပိုက်ဆံလက်ဖြန့်တောင်းနေတာ” ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကလေးယ်များမှာ ၁၉၉၅-၁၉၉၆ ခုနှစ် မွေးဖွားသော (၁၅) နှစ်ခန့် ကလေးငယ်အများစု ပါဝင်ကြောင်း၊ သီရိလင်္ကာနိုင်ငံအတွင်း ကိုရင်၊ သီလရှင်၊ လူဝတ်များဖြင့် ရှိနေကြပြီး ဖိနှိပ်မှုများ ခံနေရခြင်းကြောင့် မြန်မာကလေးငယ် (၃၅) ဦးက မြန်မာသံအမတ်ကြီးထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီးက ကလေးငယ်များ၏ နိုင်ငံကူးလက်မှတ်များ ပြန်လည်စုစည်းရယူခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓညီလာခံသို့ တက်ရောက်လာသည့် သီတဂူ ဆရာတော်ဘုရားကြီးအား အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တာဝန်ရှိသူက “ကလေးတဦးစရိတ် (၃၅၀) ဒေါ်လာကုန်ကျမှုရှိတယ်။ ဒါကို ဆရာတော်ဘုရားကြီးနဲ့ အလှူရှင်တွေ စိုက်ထုတ် ကျခံပြီး သွားခေါ်မယ်။ သီရိလင်္ကာနိုင်ငံ နေရာအသီးသီးမှာ ပြန့်ကြဲနေတဲ့ မြန်မာကလေးငယ် (၇၀) ကျော်ကိုလည်း ရအောင် ခေါ်နိုင်ဖို့ ထပ်မံ ကြိုးစားမယ်” ဟု ပြောသည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တပါးကမူ “ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ အစိုးရနဲ့ သီရိလင်္ကာ အစိုးရ တွေ့ဆုံ ဆွေးနွေး စေချင်တယ်။ ကလေးငယ် (၁၀၀) ကျော်ကို အသုတ်ခွဲ ခေါ်ထုတ်ခွင့်ပေးလိုက်တဲ့ မြန်မာအစိုးရမှာ လုံးဝတာဝန်ရှိတယ်။ ဒီကိစ္စ ဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့၊ နှစ်နိုင်ငံ သံရုံး အသီးသီး နိုင်ငံခြားရေးရုံး၊ သာသနာရေး ၀န်ကြီးရုံး အားလုံးမှာ တာဝန်ရှိတယ်” ဟု နာကြည်းကြေကွဲစွာ မိန့်မှာသွားသည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

နည်းပညာ မြို့သစ်မှ ကျောင်းသားချင်း ရန်ဖြစ်၍ ကျောင်းပိတ်လိုက်ရ

· 0 comments

အောင်ထက် | ရတနာပုံ နည်းပညာ မြို့သစ် (ပြင်ဦးလွင်) တွင် Asian Institute of Technology (A.I.T) မှ ဖွင့်လှစ်ထားသော အဆင်မြင့် နည်းပညာ ရပ်ဆိုင်ရာ အင်ဂျင်နီယာ ဘွဲ့သင်တန်း များကို သင်ယူ နေသော အဓိက ဘာသာတွဲ မတူသည့် ကျောင်းသား အုပ်စု နှစ်စု ခိုက်ရန် ဖြစ်ပွားသောကြောင့် အောက်တိုဘာ (၇) ရက်မှစ၍ ရက် အကန့်အသတ် မရှိ ကျောင်းပိတ် လိုက်ကြောင်း သိရသည်။

Business Information Technology (B.I.T) ကျောင်းသား တဦးက“အောက်တိုဘာ (၆) ရက် ည (၁၀) နာရီမှာ အဆောင်ရှေ့ ဘောလုံးကွင်းမှာ ကစားကြရင်း ရန်ဖြစ်ကြတယ်။ အဲဒီမှာ A.I.T (၅ နှစ် အင်ဂျင်နီယာ ကျောင်းသား) တွေ အထိနာကြတယ်။ နောက်တနေ့ B.I.T (၃ နှစ် ကွန်ပျူတာ ကျောင်းသား) တွေ အတန်းဝင်နေတုန်း A.I.T ကျောင်းသားတွေ B.I.T လေးထပ်ဆောင်ကို ရောက်လာတယ်။ မှန်တွေ ရိုက်ခွဲ၊ အခန်း တံခါးတွေကို ရိုက်ချိုး ဖွင့်ကြတယ်။ B.I.T ကျောင်းသားတွေက သူတို့ပစ္စည်းတွေ ဖျက်ဆီးနေတာ မြင်တော့ ပြန်ရိုက်ကြရင်း သွေးထွက်သံယိုတွေ ဖြစ်ကုန်ကြတယ်” ဟု ပြောသည်။

ကျောင်းဝင်းတခုတည်း အတူနေကျောင်းသားများသည် အုတ်ခဲ၊ တုတ်များ အသုံးပြု ရိုက်နှက်ကြသောကြောင့် ကျောင်းသား (၂၀) ခန့် ပြင်ဦးလွင်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

B.I.T သင်တန်း ဖွင့်သည်မှာ (၂) နှစ် ရှိဖြစ်ပြီး A.I.T သင်တန်းမှာ ယခုနှစ်မှ စတင် ဖွင့်လှစ်ခြင်း ဖြစ်သည်။ ယခင် ဖွင့်လှစ်စဉ်က ကျောင်းသားများ အဆောင် မရှိသေးဘဲ ယခုနှစ်မှ အဆောင် နေခွင့်ရသည်ဟု သိရသည်။

“နှစ်ဖက် ဘောလုံးအသင်းရဲ့ ကျောင်းသားနှစ်ယောက်က စဖြစ်တယ် ပြောတယ်။ သေချာမသိဘူး။ ကျနော်ဆို ကိုယ်လွတ်ရုန်းပြေးပြီး ပုန်းနေရတယ်။ ကျောင်းသားတွေကလည်း သူ့အုပ်စု ကိုယ့်အုပ်စုမို့သာ ရိုက်နေကြတာ။ အဖြစ်မှန်ကို သေချာသိကြတာမဟုတ်ဘူး” ဟု A.I.T ကျောင်းသားတဦးက ပြောသည်။

အဆိုပါ ရန်ပွဲသို့ နိုင်ငံခြားသား ဆရာ (၃) ဦးအပါအ၀င် ဆရာအားလုံး ၀င်ရောက် ဖျန်ဖြေသော်လည်း ထိန်းမနိုင် ဖြစ်ခဲ့ကြောင်း၊ အတွေ့အကြုံ မရှိသော နိုင်ငံခြားသား ဆရာတို့မှာ လွန်စွာ ထိတ်လန့် ကြောက်ရွံ့ နေကြကြောင်း ကျောင်းသားများထံမှ သိရသည်။

ရန်ဖြစ်သည်ကို ကြားသိ လိုက်သော ပြင်ဦးလွင်ရှိ စိုးစံ ဘော်ဒါဆောင်တွင် နေထိုင်သည့် ဒုတိယနှစ် B.I.T ကျောင်းသား များကလည်း ပြင်ဦးလွင် မြို့ပေါ် ရောက်ရှိသည့် A.I.T ကျောင်းသားများအား ၀င်ရောက် ရိုက်နှက် ခဲ့ကြကြောင်း၊ လုံခြုံရေး တာဝန်ရှိသူများ ရောက်ရှိ လာသော်လည်း အဆိုပါ အဆင့်မြင့် ကျောင်းသား များအား အရေးယူရန် အခက်အခဲ ရှိနေပုံရကြောင်း ပြင်ဦးလွင်မြို့ခံအချို့က ပြောသည်။

ထို့ကြောင့် ကျောင်းအုပ်ချုပ်ရေးက အောက်တိုဘာ (၇) ရက် ညနေ (၄) နာရီတွင် B.I.T ကျောင်းသားများအား လည်းကောင်း၊ အောက်တိုဘာ (၈) ရက် ညနေတွင် A.I.T ကျောင်းသား တို့အား လည်းကောင်း ခရီးသည်တင် ကားများဖြင့် အချိန်ခွဲ၍ နေရပ် ပြန်ပို့ခဲ့ရသည်။

အဆိုပါ ပြင်ဦးလွင်ကျောင်း၏ ရန်ကုန် ရုံးချုပ် တည်ရှိရာ သိမ်ကြီးဈေး (စီ) ရုံ တတိယထပ်သို့ သွားရောက် စုံစမ်းရာ “ကျောင်းသားချင်း ရန်ဖြစ်လို့ ကျောင်းပိတ်တာပါ။ ပြန်ဖွင့်မယ့်ရက်ကို အကြောင်းကြားပါ့မယ်။ ရွေးကောက်ပွဲလဲ နီးနေတော့ ဆူဆူပူပူ မဖြစ်စေချင်လို့ပါ” ဟု တာဝန်ရှိသူများက ဖြေကြားသည်။

အဆိုပါ အဆင့်မြင့် သင်တန်းများသို့ တက်ရောက်ရန် တက္ကသိုလ် ၀င်တန်းကို သိပ္ပံဖြင့် အောင်မြင်ပြီး အနည်းဆုံး အမှတ် (၃၀၀) ရရှိရန်လိုအပ်သည်။ G.T.C (သို့) AGTI သင်တန်း (၂) နှစ်တက်ပြီး သူများ၊ သင်္ချာ (သို့) ရူပဗေဒဖြင့် ဘွဲ့ရရှိ ထားသူများသည် ဒုတိယနှစ်မှ စတင် တက်ရောက်ခွင့်ရှိကာ အင်္ဂလိပ်စာ အဆင့်အတန်း အတွက် IELTS 5.5 နှင့်အထက်၊ TOEFL 71 နှင့်အထက် လိုအပ်သည်။

၎င်းသင်တန်းကျောင်းသို့ အရာရှိကြီးများ၏ သားသမီး အများဆုံး တက်ရောက် ကြပြီး တနှစ်လျှင် သင်တန်းကြေး သိန်း (၃၀) ကျပ်၊ နေထိုင် စားသောက် စရိတ် ကျပ် (၁၀) သိန်း ပေးသွင်းရသည်ဟု သိရသည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အယူခံ အတွက် ကြားနာမည်

Friday, October 08, 2010 · 0 comments

ဝီရ | နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး အယူခံ အတွက် လာမည့် အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြားနာမည် ဖြစ်ကြောင်း ရန်ကုန် ဗဟို တရားရုံးချုပ်က ယနေ့ ထုတ်ပြန် ကြေညာ လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ထားတဲ့ အပေါ် ပြင်ဆင်ပေးဖို့ အထူး အယူခံအမှု အတွက် ကြားနာမှာ ဖြစ်ပါတယ်။ ဒီအယူခံက လွန်ခဲ့တဲ့ (၄) လကတည်းက ကျနော်တို့ တင်ထား တာပါ။ အခု ကြားနာမယ် ဆိုတော့ ပထမဆုံး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင် တွေ့ရဖို့ လုပ်သွားပါ့မယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များ အပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယခုကဲ့သို့ ကြားနာရန် နေ့ရက် သတ်မှတ် လိုက်ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “ပထမဆုံး ကြားနာတဲ့ ရက်မှာ ကျနော်တို့ ဘက်က ဘာကြောင့် အယူခံဝင်တာလဲဆိုတဲ့ လျှောက်လဲချက်ကို အရင် ကြားနာဖို့ ရှိပါတယ်။ ပြီးရင် အစိုးရဘက်က ရှေ့နေတွေ နှစ်ဘက် လျှောက်လဲတာ ရှိမယ်ထင်တယ်။ ဒီကြားနာပွဲကို သံတမန် အသိုင်းအဝိုင်းတွေလည်း တက်ခွင့်ရမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဟု ၎င်း၏ ရှေ့နေများက ဆိုသည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ် ခြံဝင်း အတွင်းသို့ ကျူးကျော် ဝင်ရောက် လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေး အာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိတဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သည့်ရက် စက်တင်ဘာ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည် ဖော်ပြထားခြင်း မရှိသော်လည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်နေ့ ထုတ်ပြန်သည့် မဲဆန္ဒရှင် စာရင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့၍ ရွေးကောက်ပွဲ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးနိုင်ဖွယ် ရှိသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

မန္တလေးမြို့ပေါ်တွင် ရေကြီး၍ ရုံးများ၊ ကျောင်းများ ပိတ်ထားရ

· 0 comments

မြတ်ခိုင်ဦး | ဆည်တော်လေး ရေလှောင်တမံမှ ရေမနိုင်၍ ဖွင့်ချလိုက် သဖြင့် ယနေ့နံနက် (၄) နာရီမှစ၍ မန္တလေးမြို့ တောင်ဘက် အခြမ်း မြို့နယ်တို့တွင် ရေကြီးနေသည်။

မန္တလေး ပြည်ကြီးတံခွန် မြို့နယ် (ဂ) ရပ်ကွက်၊ အင်းခရု ရပ်ကွက်၊ ဘ (၃) ရပ်ကွက်၊ အောင်သာယာ၊ ထွန်တုံး ရပ်ကွက်များ အပါအဝင် ချမ်းမြသာစည် မြို့နယ်လည်း အနည်းငယ် ရေမြုပ်သည့် အပြင် အစိုးရရုံးများ၊ ကျောင်းများ ကိုလည်း ပိတ်ထားရပြီး အဆိုပါ ရပ်ကွက်တို့မှ လူများမှာ လမ်းမပေါ် ထွက်နေရသည်ဟု ဘ (၃) ရပ်ကွက်သားတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ရေတားဘောင် မရှိသော ရပ်ကွက်များ အတွင်း ရေဝင်လာသည့် အတွက် မန္တလေးမြို့၏ တောင်မြောက် လမ်းမကြီး ဖြစ်သည့် (၆၂) လမ်းကို ရေကျော်သွားပြီး သွားရေးလာရေး ခက်ခဲနေကြောင်း၊ အချို့နေရာများတွင် ရေအမြင့် (၅) ပေခန့်ထိ ရှိနေကြောင်း သိရသည်။

“မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် (၃၀) ကျော် အကွာက တောင်ကျချောင်းရေတွေကို လှောင်တဲ့ ဆည်တော်လေး ရေလွှတ်လိုက်တာပါ။ ဆည်တော်လေးက လွှတ်လိုက်တော့ ပြည်ကြီးတံခွန် မြို့နယ်အတွင်းမှာ ပန်းရံတော်ချောင်းက ရေလျှံတာပါပဲ” ဟု ဘ (၃) ရပ်ကွက်သားက ဆိုသည်။

ပန်းရံတော်ချောင်းသည် မန္တလေးမြို့၏ အရှေ့တောင်ဘက်မှ စီးဆင်းလာကာ တောင်သမန်အင်းထဲသို့ စီးဝင်သောချောင်းဖြစ်ပြီး လွန်ခဲ့သော (၄) နှစ်က ဤသို့ရေကြီးမှု ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုအကြိမ်ကဲ့သို့ မပြင်းထန်ကြောင်း သိရှိရသည်။

အဆိုပါရေကြီးမှုကြောင့် အိမ်ခြေ (၅,၀၀၀) ကျော်ခန့် ရေအလွှမ်းခံနေရပြီး မန္တလေးမြို့ နေရာအတော်များများဖြစ်သည့် (၃၀၊ ၆၃၊ ၇၃) လမ်းအပြင် (၂၆) လမ်းမှ (၃၅) လမ်းအထိ ရေမြုပ်နေကာ အစိုးရက လောလောဆယ် ဘာမှ မပြုလုပ်ပေးသေးကြောင်း ဒေသခံများက ပြောသည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

ဘိုကလေးမြို့နယ်တွင် ပင်လယ်ရေ အတိုးကြမ်း ကျေးရွာအချို့ ရွှေ့ပြောင်းနေရ

· 0 comments

အောင်ထက် | ဘိုကလေးမြို့အပိုင် ရေငန် ဒေသများ ဖြစ်သော အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများတွင် အောက်တိုဘာ (၆) ရက် ည (၁၁) နာရီခန့်မှစ၍ အောက်ရေ (၃) ပေခန့်တိုးပြီး ရေပြင် ရေတိုးကြမ်း နေခြင်းကြောင့် ဘင်္ဂလား ပင်လယ်အော် အနားသတ် ကျေးရွာ အချို့ ရေဘေးကင်းရာသို့ ရွှေ့ပြောင်း နေရကြောင်း ဘိုကလေး မြို့နယ် ဒေသ အာဏာပိုင်တို့ထံမှ သိရသည်။

ထိုသို့ ပင်လယ်ရေပြင် အခြေအနေ မူမှန်မဟုတ်ခြင်းကြောင့် ငါးဖမ်းစက်လေ အသေး၊ အကြီး (၁၅၀) ခန့်သည် ပင်လယ်စပ် ကဒုံကနိကျေးရွာ ကမ်းခြေများသို့ ခေတ္တ၀င်ရောက် နားခိုနေရကြောင်း သိရသည်။

အဆိုပါ အခြေအနေ အပေါ် စက်လှေပိုင်ရှင်တဦးက “ပင်လယ်ပြင်ထဲ ဘယ်စက်လှေမှ နေလို့မရဘူး။ ရေပြင်မှာ လှိုင်းကြမ်းနေတော့ ငါးဖမ်းဖို့လည်း မဖြစ်နိုင်ဘူး။ ဘင်္ဂလား ပင်လယ်အော်မှာ မိုင် (၄၀) နှုန်းရှိတဲ့ လေဖိအားနည်း ရပ်ဝန်းရှိတယ်ဆိုတာ ကျနော်တို့ သူဌေးတွေ ပြောပြထားလို့ သိနေကြပါတယ်။ ခုလို အခြေအနေကြောင့် မော်တော်တွေဟာ ပင်လယ်စပ် ကဒုံကနိဘက်မှာ စက်လှေအုပ်လိုက် ခိုနားနေကြရတယ်” ဟု ပြောသည်။

ကဒုံကနိ၊ ခေတ္တာကျွန်း၊ ကျွန်းသာယာ ကျေးရွာ အုပ်စုများအတွင်း ရယကများက ပင်လယ်ရေ မြင့်တက် နေသည့် အတွက် သတိရှိကြရန်နှင့် လိုအပ်ပါက ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် အသံချဲ့စက်များဖြင့် လိုက်လံ သတိပေးနေကြသည်ဟု သိရသည်။

ထိုသို့ ပင်လယ်ရေမြင့်တက်မှုကြောင့် ကဒုံချောင်းနံဘေးရှိ ကဒုံဈေးအတွင်း (၃) ပေခန့် ရေတက်ခဲ့ပြီး အောက်တိုဘာ (၇) ရက် ညနေ (၄) နာရီခန့်တွင် ပြန်လည် ကျဆင်းသွားသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် အေရာ၊ အမာ၊ ကဒုံကနိ ကျေးရွာများအတွင်း ပင်လယ်ရေ တရိပ်ရိပ်တိုးနေပြီး ညနေ (၄) နာရီခန့် ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ထင်ကြေးပေးနေကြသည်။

ထို့အတူ ဂွေးချောင်း၊ မရမ်းချောင်းများသို့ ပင်လယ်ရေ တိုးဝင်နေမှုကြောင့် ယင်း ကျေးရွာတို့ကြားရှိ လယ်မြေဧက (၅၀၀) ခန့် ရေငန်ထိုးမည့်အန္တရာယ်ကို ဒေသခံတောင်သူတို့ စိုးရိမ်နေကြသည်။

ယခင်က ည (၇) နာရီ ပုံမှန်ထွက်ခွာလေ့ရှိသည့် ကဒုံ-ဘိုကလေး၊ အေရာ-ဘိုကလေး ခရီးသည်တင် မော်တော် (လိုင်းကောင်) များကိုလည်း အောက်တိုဘာ (၇) ရက် နံနက် (၇) နာရီသို့ အချိန်ပြောင်း၍ ခုတ်မောင်းထွက်ခွာကြရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ အခြေအနေများကြောင့် ကျွန်းသာယာ ကျေးရွာ အုပ်စုမှ ကဒုံးလေး ကျေးရွာနှင့် ဂယက်ကြီး ကျေးရွာများ အတွင်း နေထိုင်သူတို့အား အောက်တိုဘာ (၇) ရက်နေ့ နံနက် ကတည်းက အခြား ရေဘေး ကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း ခိုင်းထားသည်ဟု ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ထို့အပြင် ပင်လယ်ရေ အတက်အကျ ကြမ်းနေခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်းအချို့ ဝှေ့ယမ်း တိုက်ခတ် နေခြင်းများကြောင့် ပင်လယ်ကမ်းခြေဒေသခံတို့၏ စိုးရိမ်မှုကို ပို၍ ကြီးလေးစေကြောင်း၊ ဘိုကလေး မြို့ပေါ်၌မူ သာမန် မိုးရွာသွန်းမှုသာ ရှိနေကြောင်း ဘိုကလေး မြို့ခံများက ပြောသည်။

source by : ခေတ်ပြိုင်

ဖတ်ကြည့်ချင်သေးလား....

ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံ အလုပ်သမားများ ဆန္ဒပြ

· 0 comments

ဘစောတင် | ထိုင်းနိုင်ငံ မြောက်ပိုင်း လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် မြန်မာ အလုပ် သမား ၉၀၀ ကျော်နှင့် အလုပ်ရှင်အကြား လုပ်ခလစာ အပါအ၀င် ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်၍ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။


စက်တင်ဘာလအတွင်းက ဆန္ဒနေကြသည့် Dechapanichငါးဖမ်း ပိုက်ကွန် စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ စက်ရုံမှ တာဝန် ရှိသူများက အလုပ်သမား ၆ ဦး၏ အလုပ်လုပ်ခွင့် ကတ်ပြား(Work Parmit)ရှိ ဓာတ်ပုံ များကို ပြောင်းလဲပစ်ခြင်း၊ ယာယီ နိုင်ငံကူး လက်မှတ်၌ ပါရှိသော ဗီဇာ စာရွက်တွင် CANCEL ဟူသော စာကို ရေးသား ထား ခြင်းကြောင့် မကျေမနပ်ဖြစ်မှုမှ စတင်ကာ အလုပ်သမားများက စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် တဦးက ပြောပြသည်။

တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီးနောက် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောရန် အလုပ်ရှင် က ကတိပြုခဲ့သော်လည်း လုပ်ခလစာနှင့် စာရွက်စာတမ်းများကို စက်ရုံတွင် ထုတ်ပေးခြင်းမရှိဘဲ ထိုင်း လူဝင်မှု ကြီး ကြပ်ရေးရုံးတွင် ထုတ်ယူရန် အောက်တိုဘာလ ၆ ရက်နေ့က ကြေညာချက် ထုတ်ရာမှ ဆန္ဒပြမှု ပြန်လည်ဖြစ်ပွားခဲ့ ကြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသော MAP Foundation မှ မမိုင်က ပြောသည်။

“အလုပ်ရှင်က အလုပ်သမား ၅၆၉ ယောက်ကို အလုပ် ထွက်ခိုင်းနေတယ်။ ဒါပေမယ့် အလုပ်သမားတွေ ရမယ့် လုပ်ခ ကိုလည်း မရှင်းပေးတော့ အလုပ်သမားတွေက ထွက်လို့မဖြစ်ဘူး။ နောက်တခုက လုပ်ခကို လ၀က ရုံးမှာ သွားယူ ရမယ် လို့ စာကပ်တယ်။ ဒါကတော့ ထိုင်း အလုပ်သမား ဥပဒေနဲ့ မညီဘူးလေ။ ဥပဒေ အရက လုပ်ခလစာကို ကိုယ် လုပ်တဲ့ အလုပ်ရုံမှာ ထုတ်ရမှာ။ ဒါကြောင့် အခြေအနေက တင်းမာနေတယ်”ဟု ပြောသည်။

ထို့အပြင် အလုပ်ရှင်ဘက်မှ လုပ်ခလစာများ ထုတ်ပေးခြင်းမရှိဘဲ အလုပ်မသားများကို အောက်တိုဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး စက်ရုံမှ ထွက်ခွာရန်၊ မထွက်ခွာလျှင် ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း နှစ်ကြိမ် စာကပ် သည် ဟုလည်း သိရသည်။

“စက်ရုံက ကျနော်တို့ကို အမျိုးမျိုး ခြိမ်းခြောက်တာပဲ။ ဒါပေမယ့် ကျနော်တို့လစာတွေ ကျနော်တို့ ယာယီပတ်စ်ပို့ အပါ အ၀င် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရပိုင်ခွင့်တွေကို မရသရွေ့ ကျနော်တို့ အားလုံး ဒီစက်ရုံက မခွာဖို့ ဆုံးဖြတ်ထား ပါတယ်”ဟု အလုပ်သမား ကိုယ်စားလှယ် ကိုမြင့်မောင်က ပြောသည်။

“လ၀က ရုံးမှာ ကျနော်တို့ စာရွက်စာတမ်းတွေ လခတွေကို သွားထုတ်ပါဆိုတာက ကျနော်တို့ကို တပတ်လှည့်နဲ့ လုပ်တာလို့ ကျနော်တို့ ယူဆတယ်။ ရုံးကိုရောက်တာနဲ့  လ၀ကက ကျနော်တို့ကို အဆင့်သင့်ဖမ်းမယ်ဆိုရင် ဖမ်းနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်ရှင်ဘက်မှ ယာယီနိုင်ငံကူးလက်မှတ်များကို လူစေ့မထုတ်ပေးခြင်း။ လုပ်ခများကို ပြည့်ပြည့်၀၀ မပေးခြင်းတို့ ကြောင့် ယာယီ နိုင်ငံကူး လက်မှတ် ပြန်လည်ရရှိထားသူ အလုပ်သမား ၅၆၉ ဦးက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အလုပ် ထွက်စာတင်ခဲ့ကြသည်ဟုလည် ကိုမြင့်မောင်က ဆိုသည်။

ယင်းစက်ရုံတွင် ယာယီ နိုင်ငံကူးလက်မှတ်ရှိသူ မြန်မာအလုပ်သမား ၉၃၈ ဦးရှိပြီး ၃၆၉ ဦးမှာ ယာယီ နိုင်ငံကူး လက် မှတ် ပြန်ရခြင်း မရှိသေးကြောင်း သိရသည်။

အလုပ်သမားများမှာ စက်တင်ဘာလဆန်းက ဆန္ဒမပြမီအထိ နေ့စဉ် နံနက် ရှစ်နာရီမှ ည ရှစ်နာရီအထိ အလုပ်ဆင်းရ ကာ တရက် လုပ်အားခ ၁၇၀ ဘတ်ရရှိခဲ့ကြောင်း၊ ဆန္ဒပြပြီးနောက် နံနက် ၈နာရီမှ အလုပ်စ၀င်ကာ ညနေ ၅ နာရီတွင် အလုပ်ပြီးဆုံးပြီး တရက် လျှင် ၁၅၇ ဘတ်ရရှိကြောင်း၊ ယခု ဆန္ဒပြ အလုပ်သမားများသည် အလုပ်ရှင်ထံမှ ပျမ်းမျှ တဦး လျှင် ဘတ် ၄၀၀၀ ခန့်ရရှိရန် ကျန်နေသေးကြောင်း ကိုမြင့်မောင်က ပြောဆိုသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက“အခု လက်ရှိအနေအထားကတော့ အလုပ်ရှင်က ပတ်စ်ပို့ စာအုပ် ပြန်ထုတ်ပေးတာမှာ အိမ်ထောင်ရှင်တွေ ပါတယ် လေ။ တချို့ မိသားစုမှာ ယောက်ျားတွေက ရပြီ။ မိန်းမက မရဘူး။ မိန်းမက ရတယ်။ ယောက်ျားက မရသေးဘူး ဆိုတာ မျိုး ဖြစ်နေတယ်။ ဒါကြောင့် ပတ်စ်ပို့ အကုန်လုံးကို ထုတ်ပေးဖို့နဲ့ လစာကို ပြည့်ပြည့်၀၀ ဒီစက်ရုံထဲမှာပဲ ထုတ်ပေးဖို့ တောင်းဆိုနေကြတယ်။ စိုးရိမ်စရာ တချက်ရှိတာက တော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီ အလုပ်သမားတွေကို အလုပ်ထုတ်ထားပြီးပြီဆိုတာ ကြိုတင်တိုင်ထားပြီး ၇ ရက် မြောက်သွားရင် အလုပ်ရှင်မဲ့ အလုပ်သမားတွေအဖြစ် ဖမ်းလို့ ရတဲ့ ဥပဒေ တခုရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ ဇနီး ရိုက်နှက် ငွေတောင်းခံရ

· 0 comments

နရီလင်းလက် | ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ကွယ်လွန်သူ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ ဇနီး ဒေါ်နီနီခင်အား အဓမ္မ ငွေတောင်းသူ တဦးက ရိုက်နှက်သွား ခြင်းကြောင့် ဒဏ်ရာပြင်းထန်ပြီး ရန်ကုန် ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

“အနုကြမ်း စီးတဲ့သူက ကျပ် ၁ သိန်း တောင်းတာ၊ အဘွားက ၅ သောင်းပဲရှိတယ် ပြောတာကို အုတ်ခဲကျိုးနဲ့ ထုသွားတာ။ နောက်စေ့ထိပြီး သတိမေ့သွားတယ်။ နာရီဝက်လောက်ကြာတော့ သတိရလို့ အပြင်ထွက်အော်မှ အိမ်ဘေးကလူတွေ သိကြတာ။ အဲဒီလူက ဖုန်းရုံးမှာလုပ်တာ။ သူက ဖုန်းကြိုးတွေဖြတ်၊ အိမ်တွေက ဆက်မရလို့ လှမ်းခေါ်ရင် သွားပြင်၊ ပြီးရင် ကျပ် ၂၀၀၀၊ ၃၀၀၀ တောင်း၊ အဲဒီလို လုပ်စားနေတာ” ဟု အိမ်နီးချင်းတဦးက ပြောသည်။

“အဘွားအိမ် မရောက်ခင် အိမ် ၂ အိမ်လောက်ကိုလည်း ၀င်ပြင်ပြီး ပိုက်ဆံတောင်းသွားတာ။ ဖြစ်ချင်တော့ ညာဘက် ဘေးအိမ်က ပိတ်ထားတယ်။ ဘယ်ဘက်ကလည်း ကွင်းပြင်ပဲရှိတယ်။ အနောက်ဘက်က ချောက်ကြီး။ အရှေ့မှာ ဘုန်းကြီးကျောင်းပဲရှိတော့ စဖြစ်ဖြစ်ချင်း အကူအညီတောင်းပေမယ့် မကြားဘူး ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယမန့်နေ့ နံနက် ၁၁ နာရီခန့်က သံလျင်မြို့၊ အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်းတွင် အဆိုပါ ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ လမ်းအတွင်း နေထိုင်သူများသည် အခင်းဖြစ်ပွားပြီးနာရီဝက်အကြာမှ သိရှိသောကြောင့် အဆိုပါ ရိုက်နှက် ကျူးလွန်သူအား သိရှိသော်လည်း မဖမ်းနိုင်ခဲ့ကြောင်း သိရသည်။

“တရားခံကို အခုထိ မဖမ်းမိသေးဘူး။ ဘယ်မှာ ရှိမလဲ စုံစမ်းနေတုန်း။ အမှုစစ် အပြောအရဆိုရင် တရားခံက မြို့နယ် တယ်လီဖုန်းရုံးက ကျော်ဇေယျလို့တော့ သိရတယ်။ အိမ်ထဲဝင်ပြီး လုယက်တာဖြစ်တော့ ပုဒ်မ ၃၉၄ နဲ့ အရေးယူသွားမယ်” ဟု သန်လျင်ရဲစခန်းမှ ဒုရဲအုပ် ကျော်ညွှန့်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ စစ်ဆေးဆဲ ကာလတွင် အခင်းဖြစ်ပွားရာအိမ်ကို ရဲများက ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

ဒေါ်နီနီခင်၏ ချွေးမဖြစ်သူ မ၀ိုင်းက “ကိုယ်ကတော့ အမှု မဖွင့်ရသေးပေမယ့် မေမေဒီလို ပုံစံနဲ့ ဆေးရုံ ရောက်သွားတော့ ရဲက အရေးပိုင်သွားပြီလေ။ အစ်မတို့က မေမေ့ကို ဂရုစိုက်နေတာနဲ့တင် အမှုနဲ့ ပတ်သက်တဲ့ ကိစ္စကို မလုပ်နိုင်သေးဘူး။ မနေ့က ထက်စာရင် တိုးတက်လာပြီ။ ဒဏ်ရာတွေက များတော့ နာနေ သေးတယ်” ဟု ပြောပြသည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ကုသနေရကြောင်း၊ အသက် အန္တရာယ် မရှိသော်လည်း ဦးခေါင်းမှ ဒဏ်ရာပြင်းသဖြင့် ဆေးရုံတွင် နောက်ထပ် ၆ ရက်ခန့် နေရဦးမည်ဖြစ်ကြောင်း မဝိုင်းက ဆိုသည်။

စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ခေါင်းချရာ အဆိုပါအိမ်တွင် အသက် ၇၅ နှစ်အရွယ် ဆရာကြီး၏ ဇနီးနှင့် အရှေ့ပိုင်း တက္ကသိုလ် ငွေစာရင်းဌာနတွင် အလုပ်လုပ်သော သမီးဖြစ်သူအတူ ဆက်လက် နေထိုင်နေပြီး သားဖြစ်သူ မိသားစုသည် လုပ်ငန်းဖြစ်သော ကံ့ကော်ဝတ်ရည် စာအုပ်တိုက်ရှိရာ ရန်ကုန်တွင် နေထိုင်ကြောင်း သိရသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

မန္တလေး ရေကြီး၊ မြန်မာပြည်အောက်ပိုင်း မုန်တိုင်းရှိ

· 0 comments

မြတ်ကျော် | မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ် အတွင်းရှိ ဆည်တော်လေးဆည် ယမန်နေ့ညက ရေလျှံသောကြောင့် မန္တလေးမြို့နှင့် အနီး တဝိုက်တွင် ရေကြီးနေကြောင်း သတင်းရရှိသည်။

“ဆည်ကျိုးသွားတယ်လို့ သိရတယ်။ လူ ၃ ဦး သေတယ် ကြားတယ်။ ပုသိမ်ကြီးထဲကပဲ။ အခုတော့ ပုသိမ်ကြီးမှာလည်း ရေကြီးတယ်။ ဒီမန္တလေးဘက်မှာလည်း ရေကြီးနေတယ်။ မိုးကတော့ ရွာနေတုန်းပဲ”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း၊ ယခုအခါ ကျွဲဆည်ကန် ကားဝင်းအတွင်း ၃ ပေ ၀န်းကျင်အထိ ရေတက်လာသောကြောင့် ကားအသွားအလာများလည်း အခက်အခဲ ဖြစ်နေကြောင်း၊ မန္တလေးမြို့တွင်းမှာပင် ကားလမ်းရေကျော်မှုများ ရှိနေသောကြောင့် တနေရာမှ တနေရာသို့ ဆိုင်ကယ်နှင့် သွားလာရန်ပင် ခက်ခဲနေကြောင်း သိရသည်။

“ဒီလိုသာ မိုးရက်ဆက် သည်းနေဦးမယ်ဆို ရွှေတချောင်းလည်း ရေလျှံနေပြီ။ မြို့နေလူထုအနေနဲ့ ဟိုဘက်ဒီဘက် ကူးဖို့တောင် အခက်အခဲ ရှိတယ်”ဟု အဆိုပါမြို့ခံက ပြောသည်။

မန္တလေးမြို့တွင် မြို့သစ်ပိုင်းနှင့် အနောက်ခြမ်းရပ်ကွက်များတွင် ရေစီးရေလာ မကောင်းသဖြင့် ရေလျှံကြောင်း၊ မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန် ယနေ့နံနက် ၉ နာရီခန့်တွင် မြို့ပေါ်သို့ လိုက်လံကြည့်ရှု စစ်ဆေးကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ယနေ့အထိ မိုးဆက်တိုက် ရွာသွန်းနေသော ကြောင့် ဒုဋ္ဌ၀တီမြစ်၊ မြစ်ငယ်မြစ်တို့မှ ရေကြီးရေလျှံဖြစ်ပြီး ကားလမ်းများ ရေကျော်နေသောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်း သွားလာရေးကို ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

“မန္တလေးကနေ မေမြို့ကိုတောင် သွားလို့မရတော့ဘူး။ မေမြို့ ဟိုဘက်မှာလည်း ကားလမ်းတွေ ရေကျော်ကုန်တယ်။ နောင်ချို ဂုတ်တွင်းမှာလည်း ရေကျော်တယ်။ သီပေါမှာလည်း ရေကျော်နေတော့ ဒီကကားတွေလည်း မတက်နိုင်ဘူး။ အဆင်းကားတွေလည်း မလာနိုင်ဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း ပြေးဆွဲနေသော ရွှေမန်းသူကားလိုင်းမှ ဂိတ်မှူးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း မိုးရက်ဆက် သည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းများ ရေလျှံကာ ကားလမ်းများ ရေကျော်နေသောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမှ ကားများ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမှ ကားများ မန္တလေးတိုင်းအတွင်းသို့ ဆင်းမလာနိုင်ကြောင်း၊ မန္တလေးတိုင်းမှ ကားများလည်း ရှမ်းပြည်နယ်ဘက်သို့ မတက်နိုင်သေးကြောင်း၊ ထိုသို့ ကားလမ်း ရေကျော်နေသည်မှာ ၇ ရက်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းပြည်မြောက်ပိုင်းက ကားမဆင်းတာ ၇ ရက်၊ ၈ ရက်လောက်ရှိပြီ။ အခုဆို အဲဒီဘက်ကိုလည်း ကားတွေတက်မရတော့ဘူး။ မိုးဆက်ရွာနေရင်တော့ တရုတ်ပစ္စည်း အ၀င်ပိုင်းကို ထိခိုက်လာနိုင်တယ်”ဟု မန္တလေးမြို့ တရုတ်တန်းမှ ကုန်သည်တဦး က ပြောသည်။

မြန်မာနိုင်ငံ အထက်ပိုင်း၌ မိုးရွာပြီး ရေကြီးမှုများ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်း၌လည်း မုန်တိုင်း အဖျားခတ်နိုင် ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း မုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျနိုင်ပြီး ရေပြင်၊ မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀နှုန်းအထိ တိုက်ခတ်နိုင်သည်ဟု သတိပေးထားသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ထွန်းလွင်ကလည်း ယခု ဖြစ်ပေါ်နေ သည့် မုန်တိုင်းငယ်သည် အင်အားကြီးမားခြင်း မရှိသော်လည်း ကြီးမားသည့် တိမ်တိုက်တခုအနေဖြင့် အရှေ့မြောက်ဘက်ကို ဦးတည်နေကြောင်း ယနေ့တွင် ယင်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို စတင်ကျော်ဖြတ်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ယင်းမုန်တိုင်းဖြတ်သန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တွင် နေရာ အနှံ့ အပြား မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးမှု ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အထူးသတိပြုရန်မှာ ကုန်းမြင့်ဒေသများတွင် မြေပြိုကျမှု နှင့်တောင်ကြားဒေသများတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်နိုင် ကြောင်း၊ အတိုင်းအတာတခုအထိ ပျက်စီးနိုင်ကြောင်း၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်တို့၏ ရေဝေရေလဲဒေသများတွင် မိုးများမှု ကြောင့် ချင်းတွင်းမြစ်ရေ လျှင်မြန်စွာ တက်နိုင်အောင်ကြောင်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ရခိုင် ကမ်းရိုးတန်းဒေသနှင့် ကမ်းလွန် ပင်လယ်ပြင်တွင် မုန်တိုင်းအင်အား မကြီးမားသည့်အတွက် ကြီးမားသော ဒီရေ မတက် နိုင်သော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း ကျရောက်ခြင်း၊ လှိုင်းကြီးခြင်းတို့ ကြုံတွေ့ နိုင်
ကြောင်း ဒေါက်တာ ထွန်းလွင်က ရှင်းပြသည်။

ထိုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်သွား ငါးဖမ်းရေယာဉ်များ၊ ခရီးသွားရေယာဉ်များ အနေဖြင့် အထူးဂရုပြုရန်လည်း ဒေါက်တာ ထွန်းလွင်က အကြံပေးထားသည်။

ယခုအောက်တိုဘာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၂ ကြိမ်ခန့် ဖြစ်နိုင်ပြီး ယခုမုန်တိုင်းသည် ၂၀၁၀ အတွင်း ဒုတိယ မြောက်မုန်တိုင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ခံ တဦးဖြစ်သူ ခိုင်ပြည်စိုးက “လေက အရမ်းထန်နေပြီ။ အတွေ့အကြုံအရ မုန်တိုင်းဝင်မယ့် လက္ခဏာပဲ”ဟု ဆို သည်။

ပြီးခဲ့သည့် ၃ရက်ခန့်က ရာသီဥတုမှာ ပူပြင်းသော်လည်း ယမန်နေ့ကမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလာခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်တွင် ရာသီဥတုမှာ မှုန်မှိုင်းလာသည့်အတွက် မုန်တိုင်းငယ်ဟု ဆိုသော်လည်း သတိထားနေကြကြောင်း ခိုင်ပြည်စိုးက ပြောသည်။

စစ်တွေအခြေစိုက် ပဉ္စ၀တီ FM ရေဒီယိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက် မထုတ်ပြန်သေးကြောင်း၊ မုန်တိုင်းဝင်မည် အဓိကနေရာများမှာ ဘူးသီးတောင်၊ မောင်းတော မင်းပြားမြို့နယ်များဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် ရန်ပိုင် ပူးပေါင်း ရေးသားသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

ဘူးသီးတောင် ထောင် အကျဉ်းသား ရပိုင်ခွင့် ကန့်သတ်

· 0 comments

ခင်ဦးသာ | ထောင်ဖောက်၍ ထွက်ပြေးရန် အကျဉ်းသား တချို့က ကြံစည်သည် ဆိုသော သတင်းကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများမှာ ပုံမှန်ရနေကျ အခွင့်အရေးများ မရတော့ကြောင်း သိရသည်။


ဘူးသီးတောင်ထောင် (ဓာတ်ပုံ - Narinjara)
“ထောင်ဖောက်ဖို့ ကြံစည်တယ် ဆိုတဲ့ သတင်းကြောင့် ကိုဌေးကြွယ်နဲ့အတူ တခြားနိုင်ငံရေး အကျဉ်းသားတွေ၊ ရိုးရိုး အကျဉ်သားတွေဟာ သူတို့ ခါတိုင်းလုပ်နေကျ လမ်းလျှောက်တာတို့၊ စကားပြောတာ တို့ကို အရင်လို မရတော့ဘူး”ဟု ကိုဖြိုးမင်းသိန်း က ဧရာဝတီကို ပြောသည်။

ကိုဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဥက္ကဌ ဟောင်း တဦးဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုဌေးကြွယ်၏ ယောက်ဖတော်စပ်သူလည်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုဌေးကြွယ်အား ထောင်ဝင်စာ သွားတွေ့ ထားသူဖြစ်သည်။

ထောင်ဖောက်၍ ထွက်ပြေးရန် အကျဉ်းသား တချို့ ကြံစည်သည် ဆိုသော သတင်းသည် ပြီးခဲ့သည့် တပတ်ကျော်က ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ကြံစည်သူများမှာ ထောင်ဖောက်ရန် ကြံစည်သည့် ပြစ်မှုဖြင့် ဘူးသီးတောင် ထောင်သို့ မကြာမီက ပြောင်းရွှေ့ ခံထားရသူများ ဖြစ်ကြောင်း ကိုဖြိုးမင်းသိန်းက ပြောပြသည်။

ယခုအခါ ထိုသူများအား ခေါ်ယူစစ်ဆေးမှုများ ဆက်တိုက်လုပ်နေခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားများနှင့် တခြားသော အကျဉ်းသားများကို ခေါ်ယူမေးမြန်းမှု၊ ပုံမှန်ရနေသည့် အခွင့်အရေးများ ကန့်သန့်မှုများကို ထောင်အာဏာပိုင်များက အရေးတကြီး လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ဘူးသီးတောင် ထောင်သည် နာမည်ဆိုးသတင်းများနှင့်ကျော်ကြားသော ထောင်တခုဖြစ်သည့် အပြင် လာဘ်စားမှု ပြဿနာ များကြောင့် ထောင်အာဏာပိုင်များ မကြာခဏ နေရာပြောင်းခံရခြင်း၊ အရေးယူခံရခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်ထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော် ဦး၊ ကိုမြတ်သူနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မှ ဆရာတော် တပါး ရှိကြောင်း သိရသည်။

ဘူးသီးတောင် ထောင်ကဲ့သို့ သံတွဲ အကျဉ်းထောင်တွင်လည်း နိုင်ငံရေး အကျဉ်းသားများနှင့် တခြား ထောင်သားများမှာ စား ၀တ်နေရေး ခက်ခဲမှုပြဿနာကို ယခုရက်ပိုင်းတွင် ဆိုးဆိုးဝါးဝါး ကြုံတွေ့ နေရကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။

သံတွဲ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ချခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီး၊ ကိုဝင်းမော်နှင့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဝန်းကျင်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

သံတွဲထောင်၏ ထောင် အာဏာပိုင်များက ထောင်တန်းစီးများနှင့် ပူးပေါင်း၍ အိပ်ရန် နေရာတခုကို ကျပ် ၄ သောင်း၊ ၅ သောင်းထိ ရောင်းစား နေကြောင်း ထောင်ဝင်စာ သွားတွေ့ခဲ့သည့် အမျိုးသမီး တဦးကို ကိုးကား၍ ပြည်ပ အခြေစိုက် နိရဉ္စရာ ဌာန တွင် ရေးသားထားသည်။

နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသူ တဦးက“ထောင်တွေမှာ နေရာ ရောင်းစားတာတို့၊ မြေနေရာငှားစားတာတို့ တွေက မြန်မာ နိုင်ငံက ထောင် အများစုမှာ ရှိပါတယ်၊ ဒါပေမယ့် အခုကိစ္စက ဈေးကြီးလွန်းတယ်”ဟု ဆိုသည်။

သံတွဲထောင်ရှိ အကျဉ်းသားများ အတွက် အစားအစာ များမှာလည်း လတ်ဆတ်မှု မရှိဘဲ ရက်လွန် အစားအစာများ ဖြစ်ကြောင်း၊ အာဏာပိုင် များ၏ ထောင်တွင်း စီးပွားရေးဖြစ်သော မွေးမြူရေး လုပ်ငန်းများကိုလည်း အကျဉ်းသားများအား အတင်းအကျပ် ခိုင်းစေမှုများ ရှိကြောင်းလည်း သိရသည်။

“ပြီးခဲ့တဲ့ လကလည်း ထောင်တွင်းမှာ ၀မ်းပျက်တာတို့၊ ၀မ်းလျှောတာတို့တွေ ဖြစ်ကြသေးတယ်၊ အဓိက အစားအသောက် တွေကြောင့်ပါ”ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ဇနီး ဒေါ်မြင့်သောင်းက ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ကိုကိုကြီး၏ ကျန်းမာရေး အခြေအနေမှာ အစာအိမ် ရောဂါ ဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း AAPP ၏ ထုတ်ပြန်ချက် အရ သိရသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

ဦးတေဇ လေကြောင်းလိုင်းသစ် ဖွင့်ရန်စီစဉ်

· 0 comments

ဧရာဝတီ | စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်းမည့် Asia Wing ဟု အမည် ပေးထားသော လေကြောင်းလိုင်း အသစ် တခု ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။


ဦးတေဇပိုင် Air Bagan လေယာဉ်နှင့် လေယာဉ်မယ်များ (ဓာတ်ပုံ - AP)
ဦးတေဇ အနေဖြင့် Sun Far ကုမ္ပဏီ နှင့် ပူးပေါင်း၍ လေကြောင်း လိုင်းသစ် ထပ်မံ ဖွင့်လှစ် ရခြင်းမှာ ၎င်းပိုင်ဆိုင်သည့် Air Bagan (အဲပုဂံ) လေကြောင်း လိုင်းကို အမေရိကန် နှင့် ဥရောပသမဂ္ဂ နိုင်ငံများက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားမှုကို ရှောင်ရှားနိုင်ရန် ထပ်မံ တည်ထောင်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံ စီးပွားရေး သမား များက ဧရာဝတီသို့ ပြောသည်။

မကြာသေးမီကလည်း စီးပွားရေး ပိတ်ဆို့ အရေး ယူမှုကြောင့် ဦးတေဇ၏ Air Bagan လေကြောင်း လိုင်းမှ လေယာဉ်နှင့် ပတ်သက် သည့် အပိုပစ္စည်းများ ၀ယ်ယူ မရရှိသည့် အတွက် ယင်း လေကြောင်းလိုင်းကို ပြန်လည် ရောင်းချတော့မည် ဆိုသည့် သတင်းများ လည်း ထွက်ပေါ်ခဲ့သေးသည်။

အမေရိကန် အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်အစိုးရအဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။

ဦးတေဇနှင့် နီးစပ်သူ တဦးကမူ“ဦးတေဇကတော့ အခက်အခဲ ဘယ်လိုရှိရှိ အဲပုဂံ လေကြောင်းလိုင်းကို ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

ရန်ကုန်မြို့ ၃၈လမ်းရှိ Sun Far ကုမ္ပဏီသို့ လေကြောင်းလိုင်းအသစ် ဖွင့်မည့်သတင်းနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တာဝန်ခံတဦးက လေကြောင်းလိုင်းအသစ် ပြေးဆွဲမည့် သတင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် ပြောဆိုရန် ငြင်းဆိုသွားသည်။

Sun Far Travels & Tours Co., Ltd ကုမ္ပဏီကို ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Air China ၊ Air Mandalay ၊ Myanmar Airways International(MAI) ၊ Biman Bangladesh Airlines ၊ India Airlines ၊ Malaysia Airlines ၊ Mandarin Airlines ၊ Silk Air စသည့် လေကြောင်းလိုင်းများ၏ လက်မှတ်များကို ရောင်းချပေးသည့် ကုမ္ပဏီတခုဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေသည့် ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်၏ အွန်လိုင်း စာမျက်နှာတွင်လည်း Asia Wing အမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တခုကို ခရီးသွားလုပ်ငန်း လုပ်ကိုင် နေသည့် နိုင်ငံသားပိုင် ကုမ္ပဏီ တခုက လုပ်ကိုင် ရန် ရှိကြောင်း၊ ၎င်းခရီးသွားလာရေး ကုမ္ပဏီသည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုနှင့် ဆက်သွယ်မှုရှိကြောင်း ရေးသားထား သည်။

ထို့အပြင် Air Bus အမျိုးအစား လေယာဉ်ကို ၀ယ်ယူထားကြောင်း ရေးသားထားပြီး အရေအတွက် ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံ နှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်း ရှိသည်။

မကြာသေးမီကလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်တို့ကို အဲ အင်းလေး ဆိုသည့် လေကြောင်းလိုင်းသစ် တခု ဖွင့် လှစ်ခွင့် ပြုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

source by : ဧရာဝတီ

ဖတ်ကြည့်ချင်သေးလား....

မြန်မာ ရွေးကောက်ပွဲ တရား မျှတရေး ဘန်ကီမွန်း အလေးထား

Thursday, October 07, 2010 · 0 comments

ဗီအိုအေ | ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိဖို့အတွက် အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက အခုလို ပြောကြားသွားခဲ့တာပါ။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ထိထိ ရောက်ရောက် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အထွေထွေ ညီလာခံမှာ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ခဲ့သလို ဒီနေ့မှာဆိုရင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဥရောပသမဂ္ဂနဲ့ အာဆီယံ ထိပ်သီးတွေ ဆွေးနွေးပွဲကိုလည်း ကျနော် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေ အားလုံးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အားလုံး ပါဝင်နိုင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကိစ္စဟာ ဦးစားပေး ကိစ္စတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲဟာ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် အားလုံး ပါဝင်နိုင်သော၊ ပွင့်လင်းမြင်သာမှုရှိသော လူအများ လေးစား ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမှာ ဖြစ်သလို ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် ကျနော် တိုက်တွန်းနေသလို လူသိရှင်ကြားလည်း တောင်းဆိုနေခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကျနော့်ရဲ့ ပြတ်သား ခိုင်မာတဲ့ အမှာစကား ဖြစ်သလို ဒီကိစ္စကို ဆက်လက် ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ နောက်ရက်သတ္တပတ် လေးပတ်မှာ ကျင်းပတော့မယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ့် အလားအလာ တစုံတရာ မတွေ့ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရော်လီ (P.J Crowley) က ဗုဒ္ဓဟူးနေ့မှာပဲ ပြောကြားသွားပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */