ကြံ့ဖွံ့ပါတီတွင်း သဘောထား ကွဲလွဲမှုများရှိနေ

Monday, October 11, 2010 ·

ဆက်လင်း | ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အောက်ခြေ မြို့နယ် အဆင့် တာဝန်ရှိသူများ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက ပြောသည်။


ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ တင်ထွန်းဦး အောက်တိုဘာ ၉ ရက်နေ့က မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ်(ဓာတ်ပုံ - AP)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့အသင်း) ကတည်းက တာဝန် ထမ်းဆောင် ခဲ့သော မြို့နယ် အဆင့် အမှုဆောင် အများစုမှာ ပါတီ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ချိန်တွင် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် မရဘဲ အရပ်ဝတ်လဲ ဗိုလ်ချုပ်ကြီး ဟောင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ လိုလားသည့် ပညာရှင်များက နေရာ ယူလာသည့် အတွက် မကျေနပ်မှုများ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီ၏ တိုင်း၊ ခရိုင်နှင့် မြို့နယ် အမှုဆောင် ရာထူးများတွင် စစ်တပ်မှ အငြိမ်းစားပေးခံခဲ့ရသည့် အရာရှိများ ရောက်ရှိ လာချိန် ကတည်းက မကျေနပ်မှု တချို့ စတင် ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်အဆင့် ကြံ့ဖွံ့ပါတီ အမှုဆောင် တဦးက ပြောသည်။

“သူတို့တွေက ရွေးကောက်ပွဲ ကော်မရှင်ကို တင်တော့ လိပ်စာကို ပြိုင်မယ့် မြို့နယ်တွေရဲ့ လိပ်စာ ရေးထား ပေမယ့် အဲဒီမြို့နယ်တွေ မှာ တကယ်နေတာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

အသင်းကို ပါတီ မပြောင်းလဲခင်ကတည်းက မြို့နယ် အမှုဆောင်အဖွဲ့ဝင် တာဝန်ယူခဲ့သူ ဧရာဝတီတိုင်း ကျုံပျော် မြို့နယ်မှ ကြံ့ဖွံ့ ပါတီ အလုပ် အမှုဆောင် တဦးကလည်း “မြို့နယ် အမှုဆောင် အဆင့် က တိုင်းဒေသကြီး လွှတ်တော် တခုတလေ လောက်ပဲ ၀င်ပြိုင် လို့ ရတော့တယ်၊ နေရာတော်တော်များများက ယူနီဖောင်း ချွတ်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေရယ်၊ ၀န်ကြီးတွေရယ်၊ လုပ်ငန်း ရှင်ကြီး တွေရယ်၊ ဆရာဝန်တွေ ပညာရှင် တွေရယ်နဲ့ ပြည့်နေတော့ အရင်အသင်းက ခရိုင်အဆင့် တိုင်းအဆင့် အမှုဆောင်တွေလောက်ပဲ ပါလို့ ရတော့တယ်”ဟု ပြောသည်။

ကျုံပျော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်ဆန်းဆင့်က ယူနီဖောင်းချွတ်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများ အဖြစ် တိုင်းနှင့်ခရိုင်တို့မှ ကြံ့ဖွံ့ကိုယ်စားလှယ်များ က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် မြို့ခံအမှုဆောင်များ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရကြောင်း သိရသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် ဒေါက်တာ တင်ထွန်းဦး နှင့် တက္ကသိုလ်မြတ်သူတို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယခင် ပုဇွန်တောင် မြို့နယ် ကြံ့ဖွံ့ အသင်း အမှုဆောင်များမှာ တိုင်းဒေသကြီးလွှတ်တော် တနေရာတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်ဟု ပုဇွန်တောင်မြို့နယ် ကြံ့ဖွံ့ ပါတီဝင် တဦး က ပြောပြသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဒေါက်တာတင်ထွန်းဦးအတွက် မဲဆွယ်စည်းရုံးသည့် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေရာတွင် ပါတီဝင်ထဲမှ လိုက်ပါကူညီမည့်သူ မရှိသဖြင့် ပါတီဝင်မဟုတ်သူ ၁၂ ဦးကို ပါတီ တံဆိပ်ပါ တီရှပ်များ ၀တ်ဆင်ပေးပြီး နေ့တွက် စားရိတ် ပေးကာ ဖြန့်ဝေခိုင်းခဲ့ရသည်ဟု ကြော်ငြာဖြန့်ဝေပေးခဲ့သူများနှင့် နီးစပ်သူတဦးကပြောသည်။

အမည်မဖော်လိုသူ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းတဦးကလည်း ပါတီစည်းရုံးရေး လုပ်ငန်းများအတွက် မြို့ခံ ပါတီဝင်များနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း ပြောဆိုသည်။

“အောက်ခြေကလူတွေသာ ဘာမှန်းညာမှန်းမသိဘဲ ခိုင်းတာလုပ် ကျွေးတာစားဖြစ်နေတာ၊ မြို့နယ်အမှုဆောင် အဆင့်လောက်က အရင်ကတည်းက နိုင်ငံရေး မျှော်မှန်းချက်တွေထားပြီး လုပ်နေကြတာ၊ တကယ်တမ်းပြိုင်မယ်ဆိုတော့ အထက်က အလျှိုလျှို ရောက်လာတော့ အချင်းချင်းပြန် ငြိကုန်ကြရော”ဟု ကြံ့ဖွံ့ အသင်းဝင် ဟောင်းတဦးက ပြောပြသည်။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးကလည်း“နဂိုကတည်းက အခွင့်အရေး သမားတွေလေ၊ အခုတော့ ရတဲ့ အခွင့်အရေးကို လုရင်း မသင့်မမြတ်ဖြစ်တာ မဆန်းပါဘူး၊ နောက်ပိုင်းမှာ ဒီထက်ကြီးတဲ့ ပြဿနာတွေလည်း ထပ်ကြားရလာနိုင်တာပဲ”ဟု ပြော သည်။

ကြံ့ဖွံ့ပါတီသည် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့က ဧပြီလ ၂၉ ရက် နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့သည်။

ကြံ့ဖွံ့ပါတီတွင် ယခင် အသင်းဝင် အစိုးရ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သက်ကြီး ရွယ်အိုများကို ပါတီဝင် အဖြစ် လက်ခံခြင်းမရှိဘဲ စာရင်း ပယ်ဖျက် လိုက်ပြီး လက်ရှိတွင် အသင်းဝင်အင်အား၏ သုံးပုံ တစ်ပုံ ဖြစ်သော ပါတီဝင် ၈ သန်းကျော် ရှိသည်ဟု ကြံ့ဖွံ့ပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးတင်မောင်ဝင်းက စက်တင်ဘာလ အတွင်း သတင်းထောက်များကို ပြောခဲ့ သည်။

ကြံ့ဖွံ့အသင်းကို ဇူလိုင်လ ၆ ရက်နေ့မှ စ၍ ဖျက်သိမ်းပြီး အသင်းပိုင် ပစ္စည်းများကို ပါတီသို့ အပြီးအပိုင် လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သတင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါ ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့ အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဘဲ လူမှုရေး လုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရ အလိုကျ နိုင်ငံရေး မူဝါဒများကို အကောင်အထည် ဖော်လာခဲ့ခြင်း ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */