ဦးအောင်သိန်းလင်းကြောင့် ဘာသာရေး အဓိကရုဏ်း ဖြစ်တော့ မလား

Monday, October 11, 2010 ·

ဧရာဝတီ | ရပ်ဆိုင်း ထားသော အစ္စလမ်ဗလီ ဝတ်ပြုကျောင်း ဆောက်လုပ်မှုကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက မဲဆွယ် စည်းရုံးသည့် အနေနှင့် ပြန်လည် ခွင့်ပြု လိုက်သည့် အတွက် ဒေသခံ ဗုဒ္ဓဘာသာဝင် များက မကျေမနပ် ဖြစ်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာ နိုင်သည် အထိ အခြေအနေ တင်းမာ နေကြောင်း သတင်းရရှိသည်။


ကန့်ကွက်မှုကြောင့် ဆောက်လုပ်မှုရပ်ဆိုင်းထားရသည့် တောင်ဥက္ကလာပ ၇ ရပ်ကွက် သီရိဇေယျာလမ်းရှိ ဗလီဝတ်ပြုကျောင်း (ဓာတ်ပုံ - ဧရာဝတီ)
တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်၊ သီရိဇေယျာ လမ်းရှိ ဆောက်လက်စ အစ္စလမ် ဗလီဝတ်ပြုကျောင်းကို ရပ်ကွက်နေ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၂၀၀၃ ခုနှစ် ကတည်းက ဆောက်လုပ်ခွင့် ရပ်ဆိုင်း ထားခဲ့ရာမှ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် တည်ဆောက် ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်း က ၎င်းအတွက် မဲထည့်ပေးလျှင် အဆိုပါ ဗလီကို ဆောက်လုပ်ခွင့် ပြန်ပေးမည် ဟုဆိုကာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပ ၇ ရပ်ကွက်နေ ပြည်သူများက ပြောသည်။

“ဦးအောင်သိန်းလင်းက သူ့ကို အမာခံမဲပေးမယ့် ကြံ့ဖွံ့ပါတီဝင်အင်အား ၂၀၀၀ ပေးရင် ဗလီ ပြန်ဆောက်ခွင့်ပေးမယ်လို့ ပြောတဲ့အတွက် သက်ဆိုင်ရာ ဗလီဝတ်ပြုကျောင်း ဖြစ်မြောက်ရေး လူကြီးတွေစုစည်းပြီး အမာခံမဲပေးမယ့်သူတွေ၊ ပါတီဝင် အင်အားတွေ စုပေးခဲ့တယ်။ အဲဒါကြောင့် ဆောက်လုပ်ခွင့်ရတယ်” ဟု ၇ ရပ်ကွက်နေ အစ္စလမ် ဘာသာဝင် တဦးက ပြောသည်။

ထိုသို့ ဗလီဝတ်ပြုကျောင်း ဆောက်ခွင့် ပေးခဲ့သည့် အတွက် တောင်ဥက္ကလာပ မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာ ၀ါတွင်း ဆွမ်းလောင်း အသင်းများ စုပေါင်းပြီး ၇ ရပ်ကွက် ဥက္ကဋ္ဌက ဦးဆောင်ကာ မြို့တော်ဝန် ဦးအောင်သိန်းလင်းထံ ဗလီ တည်ဆောက်ခြင်းကို တရားဝင် ကန့်ကွက်သည်ဟု တင်ပြကြကြောင်း၊ ထိုသို့ တင်ပြလိုက်သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များ အကြား တင်းမာမှုများ စတင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗလီက ၃ ထပ်ဗလီ အဆောက်အအုံ၊ တော်တော်လည်းကြီးတယ်။ အစကတည်းက ဒီ ဗလီမဆောက်ဖို့ ၀ိုင်းကန့်ကွက် ထားကြတာ။ မြို့တော်ဝန်က မဲလိုချင်တာနဲ့ ဗလီဆောက်ခွင့် ပြန်ချပေးလိုက်တော့ မကျေမနပ်ဖြစ်ကုန်တယ်” ဟု တောင်ဥက္ကလာပ မြို့နယ် ၁၂ ရပ်ကွက် ၀ါတွင်းသုံးလ ဆွမ်းလောင်းအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီက ဗလီဆောက်ခွင့်ပြုပြီး မဲဆွယ်သည့် သတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း၌ ပျံ့နှံ့သွားပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မဲမထည့်လိုကြောင်း ပြောဆိုမှုများ ရှိလာသည့်အတွက် အောက်တိုဘာ ၆ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီး ဗလီတည်ဆောက်ခြင်း ဆိုင်းငံ့လိုက်ကြောင်း သတင်းရရှိသည်။

စည်ပင်က ဗလီတည်ဆောက်ခြင်းကို တားမြစ်လိုက်ခြင်းသည် ဗုဒ္ဓဘာသာဝင်များ၏ ကန့်ကွက်မှုကြောင့် ဖြစ်သည်ဟု တောင်ဥက္ကလာပမြို့နယ် အတွင်းနေ အစ္စလမ် အသိုင်းအ၀န်းက ဗုဒ္ဓဘာသာ ၀င်များအပေါ် မကျေမနပ် ဖြစ်နေကြကြောင်း ပြောဆိုနေကြသည်။

“ကျနော်တို့က မြို့တော်ဝန်ကို မဲပေးရမယ်။ ပါတီဝင် အင်အားပေးပြီးတော့မှ ဗလီဆောက်လုပ်ခွင့် ပြန်ရတာ။ အခု ဗလီ ဆောက်တာ ပြန်ရပ်လိုက်ရပြီဆိုတော့ ပါတီဝင်အင်အား ပေးလိုက်ရတာ၊ မဲစာရင်း ပေးလိုက်ရတာတွေ အလကား ဖြစ်ကုန်တာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသား တဦးက ရှင်းပြသည်။ ဗလီ ကိစ္စကြောင့် တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်ဝန်ဦးအောင်သိန်းလင်းကို ထောက်ခံမှု အင်အား ကျဆင်းလာကြောင်း
လည်း သတင်းရရှိသည်။

“နဂိုကတည်းကလည်း မကြိုက်ဘူး။ အခုဆိုရင် သူ့ကို မဲပေးပါမယ်ဆိုတဲ့ ရယကတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေတောင် တော်တော် စဉ်းစားကုန်ပြီ” ဟု ၇ ရပ်ကွက် ရယက အဖွဲ့ဝင် တဦးက ဆိုသည်။

တောင်ဥက္ကလာ မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း ဘာသာရေးကို အသုံးချသည့် ဦးအောင်သိန်းလင်းကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်ကြောင်း၊ ပြည်သူများ ထိခိုက် အနာတရ မဖြစ်စေလိုကြောင်း ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ ဗလီတည်ဆောက်ခွင့် ရပ်ဆိုင်းလိုက်ရခြင်းကို မကျေမနပ် ဖြစ်နေသော အစ္စလမ် ဘာသာဝင်များကို နှစ်သိမ့်ရန် ဦးအောင်သိန်းလင်းက ဗလီတည် ဆောက်ရေး ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေကြေးများထဲမှ လှူဒါန်းလိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း၊ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆို ထိုသူအား တနှစ်ထက်မပိုသော ထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် တသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြ ထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄) အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာ ထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */