ဇာနည်မာန် | အိန္ဒိယ နိုင်ငံတွင် မြန်မာ ဘုရားဖူးများ လိုက်ပါလာသော ယာဉ်တစီး မတော်တဆ တိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ကျန်ခရီးသည် များလည်း ဒဏ်ရာ ရရှိခဲ့ကြကြောင်း သတင်း ရရှိသည်။
ဇန်န၀ါရီလ ၂၃ ရက် နံနက် ၅ နာရီခန့်က နယူးဒေလီမှ ကီလိုမီတာ ၃၀၀ ကျော်တွင်ရှိသော ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်သို့ အသွား မြူနှင်းများ ထူထပ်စွာ ကျရောက် နေရာ လမ်းမပေါ် ဖြတ်ပြေးသည့် တိရစ္ဆာန်တကောင်ကို ရှောင်လိုက်ရာမှ ဘုရားဖူးယာဉ် တိမ်းမှောက် ခဲ့ရကြောင်း သိရသည်။
“အကောင်ကို ရှောင်လိုက်လို့ ကားက လမ်းချော်သွားတာ။ ကားပေါ်ပါတဲ့ ဦးပဉ္ဇင်း ၇ ပါးအပါအ၀င် ၁၆ ယောက်လုံး ပွန်းပဲ့ဒဏ်ရာတွေ ရကြတယ်။ ရန်ကုန်က အသက် ၄၀ ကျော်အရွယ် ဦးသိန်းမြင့်ကတော့ ဆုံးသွားတယ်” ဟု ယာဉ် တိမ်းမှောက်မှုတွင် ပါဝင်သော ဘုန်းတော်ကြီး တပါးက မိန့်သည်။

အဆိုပါ မြန်မာ ဘုရားဖူး အဖွဲ့သည် ဗုဒ္ဓ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်တွင် မယ်တော်မိ နတ်သားကို တရားဟောပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှ ဆင်းလာသည့် နေရာဟု အဆိုရှိသော သင်္ကဿနဂိုင်္ဃ ပြည်သို့ ဦးတည်သွားခဲ့ကြခြင်း ဖြစ်သည်။
“အဲ့ဒီနေ့ ညနေကပဲ သင်္ဂြိုဟ်လိုက်တယ်။ ဘုရားဖူးတွေကတော့ သာဝတ္ထိဘက် ရှေ့ဆက်သွားမလို့ မသွားဖြစ်တော့ဘူး။ ဒကာမကြီးတွေကလည်း ခြေထောက်တွေ တော်တော် နာသွားကြတယ်။ အခုတော့ သင်္ကဿနဂိုင်္ဃက ဘုန်းတော်ကြီး ကျောင်းမှာပဲ နားနေကြတယ်” ဟု တခြား ဦးပဉ္ဇင်းတပါးက မိန့်သည်။
ဆောင်းတွင်း ကာလဖြစ်၍ နယူးဒေလီမြို့ အပါအ၀င် အိန္ဒိယနိုင်ငံ မြောက်ပိုင်း မြေပြန့် ဒေသ တချို့၌ မြူနှင်းများ ထူထပ်စွာ ကျရောက် ချိန်တွင် ယာဉ်သွားလာမှုခက်ခဲသကဲ့သို့ ယာဉ်မောင်းများ၏ မဆင်မခြင် မောင်းနှင်မှု၊ ပေါ့ဆမှု တို့ကြောင့် ယာဉ်မတော်တဆ ထိခိုက်မှုများ တိုးပွားလာကြောင်း အိန္ဒိယ သတင်းစာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကလည်း ဗုဒ္ဓဂါယာတွင် ဖြစ်ပွားသော ယာဉ်တိုက်မှု တခု၌ ဘုရားဖူး လာသည့် ရန်ကုန် သာကေတ မိုးကုတ် ရိပ်သာမှ သက်တော် ၅၃ နှစ်အရွယ် ဆရာတော် ဦးပုညာနန္ဒ ပျံတော် မူခဲ့သည်။
source by : ဧရာဝတီ

0 comments:
Post a Comment