သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် (၂) ခု နအဖ အတွင်းရေးမှူး (၁) တိုက်ရိုက် ရွေးချယ်မည်

Saturday, January 16, 2010 ·

အောင်ထက် | လူပုဂ္ဂိုလ်များကိုသာ ပေးအပ် ချီးမြှင့်သော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဖြစ်သည့် သီရိ သုဓမ္မ မဏိဇောတဓရနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်များကို လာမည့် မတ် (၂၇) ရက်နေ့ တော်လှန်ရေး နေ့တွင် နေပြည်တော်၌ ကျင်းပမည့် ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်တော် အပ်နှင်းခြင်း အခမ်းအနားတွင် ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများ အရ သိရသည်။

အဆိုပါ ဘွဲ့တံဆိပ် နှစ်ခုသည် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းပွဲတွင် နှစ်စဉ် တပေါင်းတည်း ထည့်သွင်း နေကျ ဖြစ်သည်။

ယင်းဘွဲ့ တံဆိပ်နှစ်ခုကို ယခင်က သာသနာရေး ၀န်ကြီးဌာန၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီး ဌာနကသာ ရွေးချယ် ဆုံးဖြတ်ပြီး ယခုနှစ်မှ စ၍ နအဖ အတွင်းရေးမှူး (၁) က စိစစ် ရွေးချယ်ကြောင်း နေပြည်တော် သာသနာရေး အရာထမ်း တဦးက ပြောသည်။

နအဖကို သိန်း (၅၀) လှူဒါန်း သို့မဟုတ် ပေးကမ်းပါက အဆိုပါ ဘွဲ့နှစ်ခု ထဲက တခု ရကြောင်း၊ ယင်းကိစ္စကို ပြည်ပ မီဒီယာများက ရေးသား ပြောဆိုမှုများ ရှိလာ၍ နှစ်စဉ် စိစစ်နေကျ သာသနာရေး ၀န်ကြီးဌာနမှ နအဖ အတွင်းရေးမှူး (၁) က လက်လွှဲ ယူလိုက်ခြင်း ဖြစ်နိုင်ကြောင်း သာသနာရေး ၀န်ကြီးဌာန ၀န်ထမ်း အသိုင်းအ၀ိုင်းက ပြောဆို နေကြသည်။

သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ အပ်နှင်းခဲ့ရာတွင် ၂၀၀၈ ခုနှစ်က ပြည်တွင်း-ပြည်ပ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် အပါး (၅၀၀) ကျော်၊ ၂၀၀၉ ခုနှစ်က (၂၅၁) ပါးနှင့် ယခုနှစ်တွင် (၁၂၅) ပါး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေ အပေါ် ဆရာတော်ကြီးတပါးက “တနှစ်ထက်တနှစ် ပိုများလာဖို့ပဲ ရှိပါတယ်။ အသစ်တိုးလာတဲ့ ကိုယ်တော်တွေရှိတယ်။ ဘွဲ့တံဆိပ်တော်တခု ရပြီးတာနဲ့ ဘယ်နှနှစ်အကြာမှာ ဘယ်ဘွဲ့ ပေးရမယ် ဆိုတာ ရှိတယ်။ တနှစ်ထက် တနှစ် ဘွဲ့တံဆိပ်တော်ဦးရေ ခုလို နည်းပါးလာရခြင်းဟာ လျှောက်လွှာ တင်သူ ရဟန်းရဲ့ နိုင်ငံရေး ပါဝင် ဆက်နွှယ် ပတ်သက်မှု အပေါ် အခြေခံပြီး ရွေးချယ်တာကြောင့်ပဲ” ဟု မိန့်တော်မူသည်။

အဆိုပါ ဘွဲ့တံဆိပ်တော်များ ရရှိရန် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် တို့သည် ၎င်းတို့၏ ကိုယ်ရေးဖိုင်များကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း သာသနာရေးဦးစီးမှူးများထံ တင်ပြရသည်။ ထို့နောက် ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးရုံးမှ စိစစ်ပြီး နေပြည်တော် သာသနာရေး ဦးစီးမှူးရုံးနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးရုံး ဘုတ်အဖွဲ့တို့က ဆက်လက်စိစစ်သည်။

သာသနာရေးဝန်ကြီးထံ ကိုယ်ရေးဖိုင်တွဲများ ရောက်ရှိချိန်၌ သတင်းတပ်ဖွဲ့ (SB) မှ အဆိုပါ ရဟန်းပုဂ္ဂိုလ်သည် နိုင်ငံရေး ကင်းရှင်းမှု ရှိမရှိ စစ်ဆေးပြီး သာသနာရေးဝန်ကြီး၏ တင်ပြချက်အပေါ် အတွင်းရေးမှူး (၁) က နောက်ဆုံးအဆင့် ပယ်ဖျက်ခြင်း၊ အတည်ပြုဆုံးဖြတ်ခြင်းတို့ ပြုလုပ်ကြောင်း သာသနာရေးဝန်ထမ်းများထံမှ သိရသည်။

“ချီးမြှင့်မြောက်စားသင့်သူကို ချီးမြှင့်ခြင်းဟာ မင်္ဂလာ တပါးဖြစ်ပါတယ်။ ဒါပေမယ့် လာရောက် ဆက်ကပ်ခြင်း ခံရမယ့် နေရာမှာ ကိုယ်ဘွဲ့ တံဆိပ်ရဖို့ မိမိကိုယ်ရေး မိမိတင်ပြနေရတယ်ဆိုတာ သဘာဝတော့ မကျလှဘူး။ တို့ရဟန်းတော်တွေလည်း ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်တွေ ဖြစ်နေကြပြီ” ဟု နာမည်ကျော် ဓမ္မကထိက ဆရာတော် တပါးက မိန့်သည်။

ဆရာတော် အများစုကမူ စက်တင်ဘာ သံဃာ့ အရေးအခင်းတွင် ပါဝင် ပတ်သက်ခဲ့သည့် ရဟန်းတော်များ၊ အာဏာပိုင်တို့၏ အကျင့်ပျက်ခြစားမှုတွေ၊ လူမှု ဖောက်ပြန်မှုတွေ၊ နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစား ပြုမူနေမှုများကို ဘုရားရှင်၏ တရားတော်နှင့် ယှဉ်နှိုင်း ပြောဟော နေသည့် သံဃာတော် တို့၏ စာရင်းများ ရန်ကုန်တိုင်း သာသနာရေး ဦးစီးတွင် အခိုင်အမာ ရှိနေကြောင်း မိန့်ဆိုကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */