ဝီရ | ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံများသို့ သွားရောက် မဲမထည့်ဘဲ လူထု ပါဝင်ပတ်သက်မှု မရှိသော မတရားသည့် ရွေးကောက်ပွဲ အဖြစ် ပြည်သူလူထု အနေဖြင့် ဆန့်ကျင်သွားကြရန် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက်သည်။
“မြန်မာပြည်မှာ ရွေးကောက်ပွဲ (၅) ခါ လုပ်ခဲ့တဲ့အထဲမှာ မဲမပေး မနေရ၊ မဖြစ်မနေ မဲပေးရမယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းထားတာမျိုး မရှိခဲ့ဘူး။ မဲဆန္ဒရှင်တွေရဲ့ သဘောအတိုင်း မဲပေးလိုရင် ပေးနိုင်ခွင့် ရှိတဲ့စနစ်ကိုပဲ ကျင့်သုံး ထားတယ်။ ကျနော်တို့က အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု မရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်။ ဒါကြောင့် မဲရုံကိုသွားပြီး မဲမထည့်ကြဖို့ ပြည်သူတွေကို တိုက်တွန်းတာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေ ရေးရာ သုံးသပ်ရေး ဌာနမှ တာဝန်ခံ ဦးမျိုးက ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေများကို ယခုအထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း နအဖ စစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံများက ရွေးကောက်ပွဲ အတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများကို အမျိုးမျိုးဖိနှိပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် စေရေးကိုသာ လုပ်ဆောင် နေခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် အတိုက်အခံ နိုင်ငံရေး ပါတီများ၏ စည်းရုံးရေး လုပ်ငန်းများ လုံလောက်သည့်အချိန်ကာလ ရရှိတော့မည် မဟုတ်ကြောင်း၊ မဲပေးနိုင်သူ စာရင်း၏ ထက်ဝက်က မဲရုံများသို့ သွားရောက်၍ မဲပေးခြင်း မပြုခဲ့လျှင် ရွေးကောက်ပွဲသည် တရားမဝင်သည့် လူထု ပါဝင်မှု မရှိသော ရွေးကောက်ပွဲ အဖြစ် သတ်မှတ်နိုင်ကြောင်း ဦးမျိုးက ပြောသည်။
လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ တရပ် ကျင်းပနိုင်ရန် အတွက် မြန်မာ့ နိုင်ငံရေး အခြေအနေ တည်ငြိမ် အေးချမ်းခြင်း မရှိသေးကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်း မရှိသည့် ဥပဒေ (၁၃) ရပ်ကို နအဖ စစ်အစိုးရက ဖျက်သိမ်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ထောက်ပြထားသည်။
ဦးမျိုးက “ပြည်သူ တဦးကို တလွဲ အာဏာသုံးပြီး အတင်းမဲပေးဖို့ အစိုးရ တရပ် အနေနဲ့ လုပ်ခွင့်မရှိဘူး။ စိုက်ပျိုးရေး ချေးငွေ၊ အခြား ဖွံ့ဖြိုးရေး ဆိုင်ရာ ချေးငွေတွေနဲ့ ဆွယ်ပြီး မဲပေးအောင် လုပ်တာဟာ အဂတိ လိုက်စားမှု ဆိုင်ရာ Corruption ဥပဒေနဲ့ တရားစွဲလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment