ခိုင်လင်း | မကြာသေးမီက နေပြည်တော်၊ ကာကွယ်ရေး ဝန်ကြီးဌာန ရုံးချုပ်ရှိ အလယ်အလတ် အဆင့်ရှိ တပ်မှူးများကို နည်းဗျူဟာမှူး ရာထူးဖြင့် နယ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။
ပထမတန်း စစ်ဦးစီးမှူးများ ဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး အောင်ဇော်အေးအား ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ် အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၏ ယာယီ နည်းဗျူဟာမှူး အဖြစ် လည်းကောင်း၊ ဒု-ဗိုလ်မှူး သိုက်စိုးအား မိတ္ထီလာ အခြေစိုက် တပ်မ (၉၉) ၏ အမှတ် (၃) နည်းဗျူဟာ၏ ယာယီ နည်းဗျူဟာမှူး အဖြစ် လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး သန်းထွန်းဦးအား အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကွမ်းလုံ စစ်ဗျူဟာမှူး အဖြစ် လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး အောင်ဇော်ဦးအား ရခိုင်ပြည်နယ်၊ အမ်းအခြေစိုက် အမှတ် (၅)၊ စကခ၏ ယာယီ နည်းဗျူဟာမှူး အဖြစ် လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးရုံး စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းသိန်းအား အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး အဖြစ် လည်းကောင်း ပြောင်းရွှေ့ နေရာ ချထားခဲ့သည်ဟု စစ်ရုံးချုပ်နှင့် နီးစပ်သည့် သတင်း ရပ်ကွက် အရ သိရသည်။
မိုးမိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော်အား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ စစ်ဦးစီး ဗိုလ်မှူးကြီး အဖြစ် နေရာ ပြောင်းရွှေ့ခဲ့ပြီး အလားတူ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို နေရာ ပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်း ရပ်ကွက်က ပြောသည်။
ယခု ပြောင်းရွှေ့မှုတွင် ယခင် ရှိနေပြီးသည့် ဗျူဟာမှူးများကို မည်သည့် နေရာတွင် အစားထိုး ခန့်အပ် ခဲ့သည်ကို မသိရဘဲ ဖြစ်နေ သကဲ့သို့ မကြာသေးမီက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က ဆင်းသည့် ဒု-ဗိုလ်မှူးကြီး များနှင့် ဗိုလ်မှူးကြီး များထဲမှ အချို့ကို မူလတာဝန် ပြန်ပေး နေသည့် အတွက် တပ်မတော် အတွင်း ရာထူး တာဝန်ပေးမှုနှင့် ပတ်သက်၍ လုပ်ရိုးလုပ်စဉ် ပုံမှန်မျိုးမဟုတ်ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်၏ အမတ် နေရာများ အတွက် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း စစ်ရေး အကဲခတ်များက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment