ဝီရ | နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၇) ရက်တွင် မြန်မာစစ် အစိုးရ၏ သေဒဏ် ချမှတ်ခြင်း ခံခဲ့ရသည့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်း(၂) ဦးကို နှစ်သစ် အခါ သမယ၌ အမြန်ဆုံး ပြန်လွှတ် ပေးရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ တောင်းဆိုလိုက်သည်။
“မြန်မာ နိုင်ငံက အစိုးရ ခေါင်းဆောင်တွေ ဆိုတာလည်း ဗုဒ္ဓဘာသာ ခံယူထားသူတွေ ဖြစ်တဲ့ အတွက် အခု သူတို့ကျူးလွန်တယ် ဆိုတာလည်း အတိအလင်း မသိဘဲ အခုလိုမျိုး ရက်ရက် စက်စက် သေဒဏ်အားဖြင့် မလုပ်သင့်ဘူး။ အခုလို သေဒဏ်ပေးလိုက် ခြင်းဟာ စစ်တပ် တခုလုံးကို စော်ကားရာလည်း ကျနေတယ်။ အကုန်လုံးကို ခြိမ်းခြောက်ရာလည်း ဖြစ်နေတယ်။ ဒါကြောင့် အဲဒီဒကာကြီး (၂) ယောက် အပါအဝင် မင်္ဂလာရှိတဲ့ အချိန်သမယမှာ နိုင်ငံရေး အကျဉ်းသား ရဟန်း၊ လူပုဂ္ဂိုလ် အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်း ဖြင့်သာ မင်္ဂလာနှစ်သစ်ကို ဆောင်ကြဉ်း သင့်တာကြောင့် အခုလို တောင်းဆို လိုက်တာ ဖြစ်တယ်” ဟု မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ ပြောခွင့်ရ အရှင် ဣဿရိက မိန့်ကြားသည်။

သေဒဏ် အပြစ်ပေး ခံရသူများမှာ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အကြီးတန်းစာရေး ဦးသူရကျော်တို့ ဖြစ်ကြပြီး စစ်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စီမံကိန်းများ ဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စီမံကိန်း၊ မြေအောက် လှိုဏ်ခေါင်းများ စီမံကိန်း၊ နိုင်ငံခြားတိုင်းပြည်များမှ စစ်လက်နက်ပစ္စည်း တင်သွင်းမှုဆိုင်ရာ မှတ်တမ်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့ပြီးနောက် အစွပ်စွဲခံရပြီး သေဒဏ်အပြစ်ပေးခံရခြင်း ဖြစ်သည်။
သေဒဏ်ကျ ဗိုလ်မှူး ဝင်းနိုင်ကျော်သည် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျ၍ ကွယ်လွန်သွားသူ နဝတ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေး အရာရှိ တဦးဖြစ်၍ ထိုစဉ်က ထိပ်ပိုင်း ခေါင်းဆောင် အချင်းချင်း လုပ်ကြံခဲ့မှုကို နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖျောက်ဖျက် နိုင်ရန် ယခုကဲ့သို့ သေဒဏ် ပေးလိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေး သုံးသပ်သူတို့က ပြောဆိုနေကြသည်။
ယင်းကဲ့သို့ အပြစ်ပေးလိုက်ခြင်းသည် စစ်တပ်အတွင်း မကျေနပ်မှုများ ဖန်တီးရာ ရောက်စေပြီး တိုင်းပြည် မငြိမ်မသက်မှုများ ဖြစ်ပွားလာစရာ အကြောင်းရှိကြောင်း၊ အာဏာပေါ်တွင် အာဏာ ဆင့်နေခြင်းသာ ဖြစ်နေကြောင်းလည်း အရှင်ဣဿရိက ထောက်ပြသည်။
အရှင်ဣဿရိက “စစ်ခေါင်းဆောင်တို့က ကိုယ့်အကျိုးစီးပွားအတွက်ဆိုရင် ဇာတ်တူသားကိုတောင် စားဖို့ဝန်မလေးကြသူတွေ ဖြစ်တယ်ဆိုတာ ဒီလုပ်ရပ်က အထင်အရှား ပြသလိုက်တာပဲ။ နိုင်ငံရေးအကြောင်းရင်းခံနဲ့ သေဒဏ်ပေးတာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းခြင်း လုံးဝ မမည်ဘူး” ဟု ဆက်လက်မိန့်ကြားသည်။
ထိုနိုင်ငံ့ ဝန်ထမ်းများသည် နအဖစစ် ခေါင်းဆောင်ကြီးများ၏ အကျိုးစီးပွား အတွက် ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင် ခဲ့သူများ ဖြစ်ခဲ့ကြသည်ဟု သိရှိ နားလည်ပါသည်။ ထိုသို့သော ပုဂ္ဂိုလ်များကိုပင်လျှင် စစ်ခေါင်းဆောင်ကြီးများက သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြလိုက်မှုကြောင့် ယခုကဲ့သို့ ရက်ရက်စက်စက် သေဒဏ် ချမှတ်လိုက်ပြီး စစ်တပ်ကြီး တခုလုံးမှ ကျန်အရာရှိ အရာခံ၊ အကြပ်၊ တပ်သား မှန်သမျှကိုလည်း နှစ်သစ် အခါသမယတွင် ခြိမ်းခြောက် ပြလိုက်ခြင်း ဖြစ်ပါသည်ဟူ၍ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment