စိုးမိုး | မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မစတင်နိုင်သေးဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နယ်ခြားစောင့် အရေး ဆွေးနွေးမှုများ အပြီးမသတ်သေးသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည့် စစ်အစိုးရက ယမန်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အကြောင်း အမျိုးမျိုးကြောင့် ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရများ ကာလတွင် မရရှိခဲ့သော အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးကို တည်ဆောက် ရယူနိုင်ခဲ့” ဟု စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးသောင်းက ယမန်နေ့က ပြုလုပ်သည့် တက္ကသိုလ် ကောလိပ်များ အထူးမွမ်းမံ သင်တန်းဖွင့်ပွဲတွင် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ကိုယ်စား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းပြောဆိုချက်နှင့် ပတ်သက်၍ တိုင်းရင်းသား ခေါင်းဆောင်များကမူ နအဖ စစ်အစိုးရသည် နိုင်ငံတွင်း အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးကို မတည်ဆောက် နိုင်သေးကြောင်း ထောက်ပြပြောဆိုသည်။
အပစ်ရပ် တိုင်းရင်းသား အဖွဲ့များက နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး လက်မခံခြင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲများ မစတင်နိုင်ခြင်း၊ နယ်စပ် ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခြင်း၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို မပြင်ဆင်နိုင်ခြင်း၊ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီး ချုပ်နှောင် ထားခြင်းတို့မှာ ထင်ရှားသည့် အချက်များ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက “ခေတ်အဆက်ဆက် ကတည်းက သူတို့က အဲလိုကြီးကို စကားတခွန်းကို လွယ်လွယ်နဲ့ သူတို့ ဖြစ်ချင်တာတွေ၊ သူတို့ လုပ်ချင်တာတွေကို စိတ်ကူးယဉ်ပြီး ပြောတတ်တယ်။ ပြောရမယ်ဆိုရင် စိတ်ဓာတ်ရေးရာ အရ စိတ်ပိုင်းဆိုင်ရာ အရ အက်ဘ်နော်မယ်တွေ ဖြစ်နေလို့ ပြောတာ။ စိတ်နေစိတ်ထား ပုံမှန်ဆိုရင်၊ အက်ဘ်နော်မယ် မရှိဘူးဆိုရင် ဒီလို စကားမျိုး ဘာမှပြောစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
နအဖ စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးပြီး အပစ်ရပ်အဖွဲ့များအဖြစ် ပြုလုပ်စေခဲ့ပြီးနောက်ပိုင်း နယ်ခြားစောင့် တပ်အဖြစ် အတင်းအကျပ် ပြောင်းလဲ စေခဲ့ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးမဟုတ်ဘဲ အာဏာသုံး ဖိနှိပ် ချုပ်ချယ်ခြင်းသာ ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
“တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ နိုင်ငံရေး စကားပြောဖို့ သဘောတူ ထားတယ်။ နောက်ဆုံး နိုင်ငံရေး စကားပြောဖို့ တောင်းဆိုတဲ့အခါ၊ အမျိုးသား ညီလာခံမှာ တိုင်းရင်းသားအပစ်ရပ် (၁၃) ဖွဲ့က တောင်းဆိုတဲ့အခါမှာ တပ်မတော်က နိုင်ငံဦးဆောင် အခန်းကဏ္ဍကို ယူထားတယ်။ ခင်ဗျားတို့ မကျေနပ်ရင် ပြန်တိုက်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်တာ မဟုတ်ဘူး။ အာဏာသုံး ဖိနှိပ်တာ” ဟု ကယန်း အမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီ အဖွဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်ထောင်စု တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ ဥက္ကဋ္ဌ ခွန်မားရ်ကိုဘန်းက ပြောသည်။
စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အာဏာ လွှဲပြောင်းမပေးဘဲ နှစ်ပေါင်း (၂၀) ကျော် အုပ်ချုပ်နေသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၃) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှု ပြုလုပ်ခဲ့ပြီး ယခု နောက်ပိုင်း ယင်းအဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ဆွေးနွေးနေဆဲ ကာလဖြစ်သည်။
ယမန်နှစ်က အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ကိုးကန့် အဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး ကေအန်ယူနှင့်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment