မျိုးဝင်းဇော် | ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့ အတွင်း လျှပ်စစ်မီး ရရှိမှု အခြေအနေ ဆိုးရွား နေကြောင်း မြို့လယ် နေထိုင်သူများက ပြောပြကြသည်။
ရန်ကုန်မြို့ မီးမလာသည်မှာ အဆန်း မဟုတ်သော်လည်း ယခုအခါ ပုံမှန်မီး မရရှိတော့ဘဲ (၁) ရက်လျှင် နာရီ အနည်းငယ်သာ ရသည့် အတွက် ရန်ကုန် မြို့လယ်တွင် မီးစက်သံများဖြင့် ဆူညံနေကြောင်း မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ (၃၇) လမ်းတွင် နေထိုင်သူ တဦးက “အခု (၁ဝ) ရက်ကျော်ပြီ။ မီးအရမ်းပျက်တယ်။ အရင် အလှည့်ကျ စနစ် အတိုင်းလည်း မဟုတ်တော့ဘူး။ ခုဆို (၁) ရက်ကို ညဘက်မှာပဲ (၆) နာရီ (၇) နာရီလောက် ရတယ်။ နေ့ဘက် ကတော့ လာချိန်လည်း မလာဘူး၊ မလာချိန်လည်း မလာဘူး။ တခါတရံ လာချိန်မှာ ခဏလာပြီး ပြန်ပြန် ပျက်သွား တာမျိုး တရက်ကို (၁၀) ကြိမ်အထက် ဖြစ်နေတယ်” ဟု ပြောသည်။

ရန်ကုန် မြို့တွင်း စီးတီး တက္ကစီ မောင်းသူ တဦးကလည်း နေ့ခင်း ပိုင်းတွင် မြို့လယ် ဧရိယာ တဝိုက် ဆူးလေ မီးပွိုင့်က လွဲ၍ မီးပွိုင့်အားလုံး ပျက်နေတတ်၍ ကိုယ့်ဖာသာကိုယ် သတိကြီးစွာ ထားပြီး မောင်းနေရကာ ယာဉ်ထိန်းရဲက စနစ်တကျ ကြပ်မတ်ခြင်းမျိုး မရှိသဖြင့် ကားအချင်းချင်း မကြာခဏ ညိကြ၊ ချိတ်ကြသည်ကို မြင်ရကြောင်း ပြောသည်။
ထို့အပြင် မီးပျက်များသည့် အတွက် ဂက်စ် ဖြည့်သည့်ဆိုင် အားလုံး အသုံး မပြုနိုင်ဘဲ မီးစက်ရှိသည့် ဆိုင်အချို့တွင်သာ ဂက်စ် ထည့်ရသည့် အတွက် တန်းစီချိန် အနည်းဆုံး (၁) နာရီခန့် အချိန်ပို ပေးရကြောင်း ပြောသည်။
ရန်ကုန်မြို့မှ စီးပွားရေး သမားများက လျှပ်စစ် မီးပျက်မှုကို မည်သူမှ အရေးတယူ မလုပ်ကြသော်လည်း မီးစက် အသုံးပြုချိန် များခြင်း၊ ဓာတ်ဆီ ဒီဇယ်ဆီဈေး မြင့်တက်ခြင်း တို့ကြောင့် ငွေကုန်ကြေးကျ များလာသဖြင့် ညည်းညူ နေကြသည်။
ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် မိုးရာသီ သြဂုတ်လမှ နိုဝင်ဘာလ အထိသာ မီးမှန်မှန် ရရှိကာ ဒီဇင်ဘာမှ စကာ အချိန်ပိုင်းနှင့် မီးပေး နေပြီး တနေ့လျှင် (၁၆) နာရီခန့် မီးလာရမည် ဖြစ်သော်လည်း နောက်ပိုင်း တနေ့ (၆) နာရီ (၇) နာရီခန့်သာ ရရှိပြီး ညဘက်တွင်ပင် မှန်မှန် မီးမလာသည့် အခြေအနေ ဖြစ်လာသည်။
ဂက်စ်မရသည့် အတွက် ဂက်စ်တာဘိုင်များ မလည်နိုင် ဖြစ်ပြီး မီးမပေးနိုင်ခြင်း ဖြစ်ကြောင်း ကျောက်တံတား မြို့နယ် လျှပ်စစ် ဓာတ်အားပေးဌာနက ပြောသည်။
လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု စက်တပ်ဆင်မှု ပမာဏ တိုးတက် မလာခြင်း၊ ထုတ်လုပ်မှု တိုးတက် မလာခြင်း၊ ရန်ကုန်သို့ ဂက်စ်ပေးပို့မှု လုံလောက်မှု မရှိခြင်း၊ နေပြည်တော်တွင် လျှပ်စစ် အလွန်အကျွံ အသုံးပြုနေခြင်း စသည့် အချက်များကြောင့် ရန်ကုန်တွင် လျှပ်စစ်မီး ရရှိမှု တနေ့တခြား ပိုဆိုးလာရခြင်း ဖြစ်ကြောင်း ဗိုလ်တစ်ထောင် မြို့နယ်မှ လျှပ်စစ် ဝန်ထမ်းဟောင်းကြီး တဦးက ရှင်းပြသည်။
နအဖ စစ်အစိုးရကမူ ယခုနှစ် ဒီဇင်ဘာတွင် ရဲရွာ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ တာဘိုင် (၄) လုံး စလည်မည်၊ ၂ဝ၁ဝ ရန်ကုန်တွင် (၂၄) နာရီ မီးလင်း စေရမည် စသဖြင့် ဝါဒဖြန့် ကြွေးကြော်လျက် ရှိသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment