NEJ | နအဖ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ယခုနှစ် အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့မှုသည် မည်သို့မျှ မဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေဟောင်း တဦးက ပြောသည်။
ဗီယက်နမ် နိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရောက် နေသည့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးက အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများအား ယခုလ (၁၃) ရက်တွင် ပြောကြား ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူး စူရင်ပစ် စ၀မ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဦးဉာဏ်ဝင်းပြောကြားချက်နှင့်ပတ်သက်၍ ယခင်က တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်ပြီး ယခု ဥပဒေအတိုင်ပင်ခံ တဦးဖြစ်သည့် ဦးအောင်သိန်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ထောက်ပြပြောဆိုသည်။

၎င်းက “၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတာကိုလည်း သတင်းစာတွေ ကနေပြီးတော့ အများ ပြည်သူ သိအောင် ဘယ်ရက် ဘယ်လမှာ အတိအကျ လုပ်မယ် ဆိုပြီးတော့ ထုတ်ပြန် ကြေညာထားချက်လည်း အခုထိ မတွေ့ရသေးဘူး။ နောက်တချက်က သူပြော၊ ငါပြော၊ ဘေးပြော ထမင်းစားပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ပြောတာတွေ ကတော့ သူတို့ ယူဆချက်တွေ သူတို့ပြောတာ ဖြစ်မယ်။ အမှန်တော့ ဒါဟာ နိုင်ငံတခု အတွက် အရေးကြီးတဲ့ အပြောင်းအလဲ တခု ဖြစ်မယ့် ကိစ္စရပ်ဟာ ရက်တို့ အချိန်တို့ ကန့်သတ်ချက် တိတိကျကျ ဖြစ်ဖို့လိုတယ်” ဟု ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံး လုပ်နည်း အရ ကော်မရှင် အနေဖြင့် မည်သူများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိမည်၊ မည်သူများ ပါတီ ထူထောင် နိုင်မည့် အနေအထား ရှိမည်၊ ရွေးကောက်ပွဲပြီးပါက မည်သည့် အချိန် လွှတ်တော် ခေါ်ယူကာ မည်သည့် အချိန် အာဏာလွှဲပေးမည် စသည့် အသေးစိတ် အချက်အလက် များလည်း ကော်မရှင် အနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ရှင်းပြသည်။
“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းကလည်း အဲလိုပဲ ကော်မရှင် ဥပဒေတော့ ထုတ်လိုက်တာပဲ။ အဲဒီမှာ ချန်လှပ်ကွက် တွေနဲ့ ဒီနေ့အထိ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်က အကောင်အထည်ပေါ်လာနိုင်ခြင်း မရှိ သေးတာကို တွေ့ရတာပေါ့။ တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဆိုတာ တရားမျှတတဲ့ လုပ်ထုံး လုပ်နည်း တွေနဲ့ အညီ ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက်တွေရှိဖို့ လိုအပ်တယ်။ အဲဒါတွေမရှိသေးဘူးဆိုရင် အဲလိုခြွင်းချန် ချို့ယွင်း နေတဲ့ အချက်အလက်က သည်ပင်လျှင် တရားမျှတမှုကို မဖြစ်စေဘူးလို့ ကျနော်တို့က မြင်တယ်” ဟု ဦးအောင်သိန်းက ပြောသည်။
လက်ရှိစစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြောဆိုနေသော်လည်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့် စည်းရုံးလှုပ်ရှားမှုအချိန် လုံလုံလောက်လောက် ရနိုင်မည်မထင်ကြောင်း ၎င်းကပြောသည်။
“အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကတော့ ကွင်းဆင်းပြီးစည်းရုံးနေတာ ကြာလှပြီ။ လုပ်ငန်းရှင်တွေ လုပ်နေတယ်။ ရွေးကောက်ပွဲဝင်မယ့် ၀န်ကြီးတွေက နယ်မြေသတ်မှတ် ပိုင်းခြားခွင့်တွေ လုပ်နေတယ်။ အဲဒီလူတွေကို အချိန်တွေပေးပြီးတော့ ပါတီသစ်တွေက ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေနဲ့ အနှစ် (၂၀) လောက် အထိုင်ကျနေတဲ့ အန်အယ်လ်ဒီပါတီကိုတောင်မှ စည်းရုံးလှုပ်ရှားခွင့်တွေ၊ ရုံးဖွင့်ခွင့်မပေးတာတွေ စတဲ့ ဒီလိုအခြေခံအချက်အလက်တွေ မပေးဘဲနဲ့ ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောဆိုနိုင်မှာတုန်း” ဟု ဦးအောင်သိန်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲဥပဒေအရ အန်အယ်လ်ဒီပါတီအနေဖြင့် အနည်းဆုံး (၁) နှစ်နီးပါး ပါတီထူထောင်ခွင့် စည်းရုံးလှုပ်ရှားခွင့်များ ရခဲ့ကြောင်း၊ ယခုမူ ရွေးကောက်ပွဲရက်ကိုပင် မကြေညာနိုင်သေးသည့်အတွက် စစ်အစိုးရပြောနေသည့် ဒီမိုကရေစီကျကျ ရွေးကောက်ပွဲတခုဖြစ်ရန် စံချိန်စံညွှန်းများနှင့် မညီညွတ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အခုထလုပ်ပြီး ယှဉ်ပြိုင်ပါတယ်ဆိုတာ အစိုးရနဲ့လိုလားသူတွေအတွက်ပဲ ဖြစ်မှာပေါ့။ အဲလိုရွေးကောက်ပွဲကို လုပ်ဖြစ်လိုက်သည့်တိုင်အောင် လွှတ်တော်ထဲမှာ အစိုးရကို ဝေဖန်နိုင်မယ့်၊ အတိုက်အခံပြုထောက်ပြနိုင်မယ့်၊ အမှန်ကို ရှင်းပြနိုင်မယ့် ပုဂ္ဂိုလ် မပါသလောက် ဖြစ်သွားနိုင်ပါတယ်” ဟု ဦးအောင်သိန်းက ပြောသည်။
အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ပါတီများကို လုံလောက်သည့် စည်းရုံးလှုပ်ရှားမှု အချိန်ပေးရန်၊ ၁၉၉၀ ရလဒ်ကို ပုံစံတခုဖြင့် အသိပြုရန်တို့ လိုအပ်ပြီး ယင်း လုပ်ဆောင်ချက်များ တခုခု ချို့ယွင်းနေပါက မည်သို့မျှ တရားမျှတသည့် ရွေးကောက်ပွဲ လမ်းကြောင်း ပေါ်သို့ ရောက်လာနိုင်စရာ မရှိကြောင်း ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ထောက်ပြ ပြောဆိုသည်။
ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင် နေသည့် ဒီမိုကရက်တစ် ပါတီမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေကမူ ပါတီ မှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတို့ မထွက်သေးသည့် အတွက် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆိုသည်မှာ စည်းရုံး လှုပ်ရှားခွင့် ကာလ မည်မျှ ရရှိနိုင်မည် ဆိုသည့် အချိန်ကာလ အပေါ် မူတည် သည်ဟု ပြောဆိုသည်။
၎င်းက “တကယ့် တကယ် ပြောရရင်တော့ စည်းရုံး လှုပ်ရှားခွင့် ဆိုတာ တပြည်လုံး လှုပ်ရှားဖို့ ဆိုရင် အမှန်အတိုင်းက (၁) နှစ်လောက် လိုတာပေါ့နော်။ အခုဟာက (၁) နှစ်တောင် မရှိတော့ဘူးလေ။ ပါတီတွေက တကယ် ဖွဲ့ပြီးသား ဆိုရင်တော့ အရေးမကြီးပါဘူး။ ဒါပေမယ့် ပါတီတွေက အခုမှ စဖွဲ့ရမယ်၊ စည်းရုံး ရမယ် ဆိုတော့ တော်တော် ခက်ခက်ခဲခဲ လုပ်ယူ ရမယ်။ လုံလောက်တဲ့ အချိန် ကာလရယ်၊ ထွက်လာတဲ့ ဥပဒေက ဘာကန့်သတ်ချက်တွေ ရှိဦးမလဲ ဆိုတာတွေပေါ်မှာလည်း တည်သေးတယ်။ အဲဒါကို ကြည့်ပြီးတော့မှ ပြောလို့ ရမှာ။ အခက်အခဲတွေက ဘယ်လောက်ရှိမယ်၊ လုပ်နိုင်၏ မလုပ်နိုင်၏ ဆိုတာ စဉ်းစားရမှာပေါ့နော်။ အချိန် လုံလောက်မှု မရှိရင်တော့ ရွေးကောက်ပွဲ ၀င်ဖို့ စဉ်းစားရမယ့် သဘောရှိပါတယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment