မျိုးချစ်သူ | ယခုနှစ် နေပြည်တော် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကြိုးတန်း ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ ရရှိမည် မဟုတ်ကြောင်း ရန်ကုန် အနုပညာလောက အသိုင်းအ၀ိုင်းတွင် ထင်ကြေး ပေးနေကြသည်။
အကယ်ဒမီ ၂၀၀၈ ခုနှစ် အတွက် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို လာမည့် ဖေဖော်ဝါရီ (၆) ရက်တွင် နေပြည်တော် လေဟာပြင် ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက တရားဝင် ထုတ်ပြန် ကြေညာသည်။
“ဒီနှစ်မှာ ဇာတ်ကား (၁၂) ကား ရှိတယ်။ ဟာသ (၈) ကားပါတယ်။ ဟာသဇာတ်ကားကို ပုံဖော်ကြတဲ့ အနုပညာရှင်တွေလည်း အကယ်ဒမီကို မျှော်လင့်လို့ရတယ်။ ဒီနှစ်ကတော့ ထူးခြားမှု ရှိပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြိုးတန်း ရုပ်ရှင် ဇာတ်ကားကြီးသည် တံငါသည်တို့၏ ဘ၀ကို ပီပီပြင်ပြင် ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပြီး အောက်ခြေ လူတန်းစားများ၏ သရုပ်ကို ပေါ်လွင်ထင်ဟပ်စေသော ရုပ်ရှင်ဇာတ်ကားတကားဖြစ်ကြောင်း ယင်းဇာတ်ကားကို ကြည့်ရှုဖူးသည့် ရုပ်ရှင်ကြည့် ပရိသတ် တဦးက ပြောသည်။
သို့သော် အဆိုပါ ဇာတ်ကားကို ထုတ်လွှင့် ပြသခဲ့ပြီးသည့် နောက်ပိုင်း အစိုးရက ရုပ်ရှင်နှင့် ဗွီဒီယို ရိုက်ကူးရာတွင် ဆင်းရဲသော အခန်းများ ထည့်၍ မရိုက်ရ ဟူသော အမိန့်ကို ထုတ်ပြန်ခဲ့သည်ဟု ရန်ကုန်မှ ၀ါရင့် ရုပ်ရှင် ဒါရိုက်တာ တဦးက ပြောသည်။
“ကြိုးတန်းက သေချာပေါက် အကယ်ဒမီရမယ့် ဇာတ်ကားပဲ။ ဒါပေမယ့် သဘာဝကို ပုံဖော်တာ တိကျ သေချာ လွန်းနေတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ထွန်းအိန္ဒြာဗိုလ် တို့ကလည်း တကယ့်ဝါရင့် သရုပ်ဆောင်တွေ ဖြစ်သလို တော်လည်းတော်ကြတယ်။ မြန်မာ နိုင်ငံမှာတော့ ကြိုးတန်းက ပရိသတ် တကယ်နှစ်သက်ခဲ့တဲ့ ဇာတ်ကားတကားပဲ” ဟု အဆိုပါဒါရိုက်တာက ပြောသည်။
ကြိုးတန်း ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာ မီးပွားကို မေးမြန်းရာ မီးပွားက အကယ်ဒမီနှင့် ပတ်သတ်၍ မည်သည့် အကြောင်းမှ မပြောလိုကြောင်း ငြင်းဆိုသည်။
နေပြည်တော် လေဟာပြင် ကဇာတ်ရုံတွင် ကျင်းပမည့် အကယ်ဒမီပွဲသို့ တက်ရောက်ရန် ရုပ်ရှင်၊ ဗွီဒီယို၊ စာပေနှင့် ဂီတ အနုပညာရှင်ပေါင်း (၅၀၀) ကျော်ကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ သိရသည်။
အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆုများကို ပေးရာတွင် တနှစ်တာ အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများမှ ဓာတ်ပုံဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ ဇာတ်ကားဆု၊ အသံပိုင်းဆိုင်ရာဆု စသည်တို့ကို ဆုရွေးချယ်ရေး အဖွဲ့က ရွေးချယ်ပေးအပ်ခဲ့ရာ ပြီးခဲ့သည့်နှစ်က ကျင်းပသော ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီး ဇာတ်ပို့ဆုပေးခြင်း မရှိခဲ့ပေ။
၂၀၀၈ ခုနှစ် ရုပ်ရှင် ထူးချွန်ဆု အတွက် တနှစ်တာလုံး ရုံတင်ပြသခဲ့သော ဇာတ်ကားများမှာ ကြိုးတန်း၊ မြင့်မိုရ်ထက်က သရဖူ၊ ငယ်သူမို့ မသိပါ၊ အများနှင့် မသက်ဆိုင်သောသူ၊ အမည် မဖော်လိုသူ အချစ်နှင့် ဟာသ ဇာတ်ကားများ ဖြစ်သော ဟော့ရှော့၊ ရင်ခုန်နှင်းဆီ၊ အချစ်က လန်းတယ်၊ ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး၊ အကယ်ဒမီရှော့ခ်၊ ဒီဝါကျွတ်အမီ ခယ်မ အမြန် အစွံထုတ်ရန် ရှိသည်၊ ကဝေပျို၏ ပစ္စုပ္ပန်တို့ ဖြစ်ကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment