မျိုးဝင်းဇော် | နအဖ စစ်အစိုးရနှင့် နီးစပ်ပြီး အစိုးရက ရွေးကောက်ပွဲ ဝင်ရန် ရွေးချယ် ထားသည့် သူဌေးကြီးများ ဧရာဝတီ တိုင်းတွင် စည်းရုံးရေး လုပ်နေကြောင်း ဓနုဖြူ မြို့နယ်မှ လယ်သမားများက ပြောသည်။
ဓနုဖြူမြို့နယ် အတွင်းတွင် ကဉ္စနကျွန်းသာ ကုမ္ပဏီက နွေစပါးစိုက်ရန် စိုက်ပျိုး စရိတ်များ ထုတ်ချေး ပေးနေကာ ဓာတ်မြေသြဇာ ကိုလည်း ချေးငွေ သဘောမျိုး ချပေးနေကြောင်း၊ ထို့အပြင် အဆိုပါ ကုမ္ပဏီသည် ဒေါင်းတံခွန် နာမည်နှင့်လည်း ပဲစိုက်တောင်သူ များအား စိုက်ပျိုး စရိတ်များ ထုတ်ချေးနေကြောင်း ဓနုဖြူမြို့နယ် အလာမျိုးတိုက်နယ်မှ ကျေးရွာ လယ်သမားတဦးက ပြောသည်။
“စိုက်ပျိုး စရိတ် ချေးငွေ ထုတ်ပေးတဲ့ အခမ်းအနား တိုင်းမှာ သူတို့ ပြောတာကတော့ သူတို့ ကုမ္ပဏီ လူကြီးဟာ ဧဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်ဖြစ်တယ်။ သူဟာ ဒီ ဓနုဖြူသားလည်း ဖြစ်တယ်။ ဒီဒေသဖွံ့ဖြိုးရေး ဦးဆောင်ကုမ္ပဏီကို လုပ်ကိုင်နေပြီး ဒီဒေသသားတွေ အကျိုးကို လုပ်ကိုင်ဆောင်ရွက်နေတာ ခင်ဗျားတို့အမြင်ပဲ ဆိုပြီး အမြဲပြောတယ်။ သူ့ကုမ္ပဏီက လူတွေ ပြောဆိုတာတွေ၊ ဒေသခံတွေ ပြောဆိုတာတွေကို ကြည့်ရင် ဦးချစ်ခိုင်ဟာ လာမယ့်ရွေးကောက်ပွဲအတွက် ဓနုဖြူကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့သဘော တွေ့ရတယ်” ဟု ပြောသည်။

ကဉ္စနကျွန်းသာ ကုမ္ပဏီသည် ပြီးခဲ့သည့်မိုးရာသီ၌ လယ်သမားများကို တလ (၂) ကျပ် တိုးနှုန်းဖြင့် ကျပ်သိန်းပေါင်း (၆,ဝဝဝ) ကျော် ထုတ်ချေးခဲ့ကာ ပြီးခဲ့သည့် ပဲစိုက်ရာသီကလည်း ဓနုဖြူ၊ ပန်းတနော်၊ ကျုံပျော်က ပဲစိုက်တောင်သူ (၈,ဝဝဝ) ခန့်ကို တဧက ကျပ် (၃) သောင်းနှုန်းဖြင့် ငွေကျပ် သိန်းပေါင်း (၁၃,ဝဝဝ) ကျော် ထုတ်ချေးခဲ့သည်။
ယခု နွေစပါးစိုက်ရာသီတွင်မူ တဧက ကျပ် (၂) သောင်း၊ တန်ဖိုး (၄၄,ဝဝဝ) ကျပ်ရှိ ဓာတ်မြေသြဇာ (၂) အိတ်၊ စုစုပေါင်း တဧက ကျပ် (၆၄,ဝဝဝ) ဖိုး ထုတ်ချေးခဲ့သည်။
ယခုကဲ့သို့ ကုမ္ပဏီက ငွေထုတ်ချေးသည့် အခမ်းအနားတိုင်းတွင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်နာမည်ကို ထုတ်ဖော်ကြေညာပြီး ဦးချစ်ခိုင်သည် အဆိုပါ ဒေသသား ဖြစ်သည့်အပြင် ဒေသအကျိုးကို ရှေးရှုဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ဦးချစ်ခိုင် ကိုယ်တိုင်ကလည်း အတိုးရငွေ၏ (၂၅) ရာခိုင်နှုန်းကို တောင်သူများ အကျိုးရှိရာရှိကြောင်း ပြန်လည်သုံးစွဲမည်ဟု ပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် လယ်သမားများ၏ ယုံကြည်ကိုးစားမှုရအောင် ဆောင်ရွက်နေကြောင်း ပြည်တွင်းမီဒီယာတခုကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နွေစပါး စိုက်ပျိုးစရိတ်ချေးငွေ ရယူခဲ့သူ လယ်သမားတဦးက ယခုကုမ္ပဏီ၏ ချေးငွေ ထုတ်ပေးမှုကြောင့် လယ်ယာလုပ်ငန်းတွင် များစွာ အဆင်ပြေသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
၎င်းက “ကုမ္ပဏီလူကြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာလည်း ကျနော် ရိပ်မိပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဘယ်သူက လယ်သမားတွေ ကောင်းကျိုးကို လိုလားတယ်၊ ဘယ်သူက မလိုလားဘူးဆိုတာလည်း သိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲသာ ဖြစ်ခဲ့ရင်လည်း တိုင်းပြည် အကျိုး၊ လယ်သမားအကျိုး တကယ်လုပ်တဲ့သူကို မဲပေးမှာပါ” ဟု ပြောသည်။
ဦးချစ်ခိုင်၏ ဧဒင် ကုမ္ပဏီနည်းတူ ထူး ကုမ္ပဏီက ဘိုကလေးတွင် လည်းကောင်း၊ ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက ဖျာပုံ၊ ဆန် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက မော်လမြိုင်ကျွန်း၊ ဦးဇော်ဇော်ပိုင် မက်စ်ကုမ္ပဏီက အသုတ် စသည့် မြို့နယ် တို့တွင် လယ်သမားများကို ချေးငွေထုတ်ပေးပြီး စည်းရုံးရေးလုပ်နေကြကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment