တက်လူ | အများ ပြည်သူ တို့အား သွားလာခွင့် ပိတ်ပင်ထားသည့် ကိုကိုးကျွန်းကို ဒုတိယ အကြိမ် အဖြစ် လေ့လာရေး ခရီးစဉ် သွားရောက်နိုင်ရန် စစ်အစိုးရက ထပ်မံခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီ (တယက) က ပြောကြားသည်။
အဆိုပါခရီးစဉ်ကို ယခုလ (၂၄) ရက်တွင် မြန်မာ့ ကြယ်ငါးပွင့် လုပ်ငန်းမှ သံလွင် သင်္ဘောဖြင့် သွားရောက်မည် ဖြစ်ကြောင်း တယကမှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
သွားရောက်မည့် ကာလမှာ (၃) ညအိပ် (၄) ရက် ခရီးဖြစ်ပြီး သင်္ဘောတွင် (၂) ယောက် အိပ်ခန်း တခန်းလျှင် ကျပ် (၅) သောင်း၊ (၄) ယောက် အိပ်ခန်း တခန်းလျှင် ကျပ် (၄) သောင်းနှင့် ရိုးရိုးတန်းကို ကျပ် (၃) သောင်းခွဲ သတ်မှတ် ရောင်းချမည်ဟု ၎င်းက ပြောသည်။

အဆိုပါ သံလွင်သင်္ဘောဖြင့်ပင် ပြီးခဲ့သည့်နိုဝင်ဘာ (၂၀) ရက်တွင် ပထမအကြိမ်အဖြစ် ကိုကိုးကျွန်းသို့ ခရီးသည် (၄၀၀) ကျော် သွားရောက်ခဲ့ပြီးဖြစ်သည်။
ခရီးသည် အများစုမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ကြပြီး အနုပညာသည်များ ပါဝင်ကြကာ နိုင်ငံပိုင် မီဒီယာများကို အသွားအပြန် ခရီး စရိတ်ငြိမ်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကိုကိုးကျွန်း ခရီးစဉ်ကို သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းတခု အနေဖြင့် ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့်က စီမံခဲ့ခြင်း ဖြစ်ပြီး ပထမ ခရီးစဉ် အောင်မြင်ကြောင်း တယကမှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်း အခြေစိုက် စာနယ်ဇင်းသမား တဦးကမူ “အောင်မြင်တယ် ဆိုတာမျိုးက ဘယ်လိုမျိုးလဲ။ သူတို့ ခေါ်သွားတာက မီဒီယာတွေ ပါတယ်၊ အစိုးရ ဌာနဆိုင်ရာ တွေကို ခေါ်သွားတယ်၊ ပြီးတော့ အနုပညာရှင် တွေလေ။ တကယ် သွားချင်လို့ လိုက်ခဲ့သူတွေက နည်းတယ်။ သူတို့က လိုက်ပါဆိုလို့ လိုက်တဲ့သူတွေက များတယ်။ ဒါကို အောင်မြင်တယ်လို့ ပြောလို့ ရမလား” ဟု ဆိုသည်။
၁၉၅၉ ခုနှစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း၏ အိမ်စောင့် အစိုးရ လက်ထက်က ကိုကိုးကျွန်းကြီးကို တကျွန်း အဖြစ် ထူထောင်၍ နိုင်ငံရေး အကျဉ်းသားများကို ပို့ဆောင် ထားရှိခဲ့ပြီး နောက် ၁၉၇၁ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ရာ ရန်ကုန် အင်းစိန်ထောင်သို့ ရွှေ့ပြောင်း ထားရှိပြီး ယင်းတကျွန်း ထောင်ကို ပိတ်လိုက်ကြောင်း၊ ယင်းနောက် ကိုကိုးကျွန်းကို ရေတပ်၏ ကွပ်ကဲမှု အောက်တွင် ထားရှိကာ ကျွန်းပေါ်သို့ အများပြည်သူ သွားလာခွင့်ကို ကန့်သတ် ထားခဲ့ခြင်း ဖြစ်ကြောင်း အငြိမ်းစား ဗိုလ်မှူးဟောင်း တဦးက ပြောသည်။
ကိုကိုးကျွန်းသည် ရန်ကုန်မြို့ အနောက် တောင်ဘက်မိုင် (၂၆ဝ) အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိပြီး ကိုကိုးကြီးကျွန်း၊ မင်္ဂလာကျွန်း၊ ကိုကိုးလေးကျွန်း၊ ဂျယ်ရီကျွန်း၊ စားပွဲကျွန်း၊ ရတ်ကျွန်းတို့အပါအဝင် ကျွန်းပေါင်း (၁၂) ကျွန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ယခု အခါ ကိုကိုးကျွန်းတွင် လူဦးရေ (၁၀၀၀) ကျော် ရှိပြီး အိမ်ခြေ (၂၀၀) ကျော်ရှိကာ အများစုက အစိုးရ ဝန်ထမ်များ ဖြစ်ကြောင်း ကိုကိုးကျွန်း ခရီးစဉ်ကို လိုက်ပါဖူးသူတဦးက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment