တက်လူ | ဆင်ဆာမဲ့နှင့် ညစ်ညမ်း စီဒီနှင့် ဗွီဒီယို အရေအတွက် (၅) သိန်းခန့်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ့ ရုပ်ရှင် မြှင့်တင်ရေး လုပ်ငန်းက ဖျက်ဆီး လိုက်ကြောင်း အဆိုပါဌာနမှ ပြောခွင့်ရသူ တဦးက ပြောသည်။
အဆိုပါ အခွေနှင့် ဓာတ်ပြားများမှာ၂၀၀၄ ခုနှစ်နောက်ပိုင်း ဖမ်းဆီး ရမိထားခြင်း ဖြစ်ပြီး ယနေ့နံနက် (၇) နာရီ ခန့်တွင် မီးရှို့ခြင်း၊ လမ်းကြိတ်စက်ဖြင့် ကြိတ်နင်းဖျက်စီးခြင်းတို့ လုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၀၄ ခုမှ ၂၀၀၉ ခု နိုဝင်ဘာလထိ ရန်ကုန်တိုင်းနှင့် မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းများမှ ဖမ်းဆီးရမိသော ဆင်ဆာမဲ့နှင့် ညစ်ညမ်းအခွေနှင့်ဓာတ်ပြားများ အရေအတွက်မှာ (၄၉၅,၃၇၅) ရှိကြောင်း၊ ၎င်းတို့အနက် ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများမှ ဖမ်းဆီးရမိမှုမှာ အရေအတွက် (၂၅၉,၈၁၈) ရှိကြောင်း အဆိုပါဌာနက တရားဝင်ထုတ်ပြန်သည်။
အဆိုပါ စီဒီနှင့် ဗွီဒီယို များတွင် တရားမ၀င် ဆင်ဆာမဲ့ မြန်မာ ဗွီဒီယို တိတ်ခွေ၊ နိုင်ငံခြားခွေ၊ ဗွီဒီယို လေဆာ ဓာတ်ပြားများမှာ မြန်မာကာရာအိုကေ၊ မြန်မာဇာတ်ကား၊ နိုင်ငံခြားဇာတ်ကားနှင့် ညစ်ညမ်း ကားများ ပါဝင်ကာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် (၂,၄၇၆) သိန်းကျော်တန်ဖိုးရှိကြောင်း မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ၀န်ထမ်း တဦးက ပြောသည်။

ဓာတ်ပုံ ပညာရှင် တဦးက “ရန်ကုန်မှာ ခိုးကူးခွေတွေကို ဘယ်သူ မဆို လုပ်လို့ရတယ်။ ဒါပေမယ့် တချို့က သူများ စီးပွားပျက် အောင်ထိ လုပ်လာတယ်။ အခွေတွေကို မထွက်ရသေးခင်ကဘဲ ခိုးကူး ရောင်းချ နေပြီ။ ဒါဆိုရင် ရွှေသမင် ဘယ်က ထွက်လဲဗျာ၊ မင်းကြီးတာကပဲ ထွက်တော့မှာပေါ့။ ကျနော့် ပတ်ဝန်းကျင်က ဓာတ်ပုံ ဆရာတွေလည်း ခိုးကူးထဲ ရောက်နေတာတွေ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် လက ရန်ကုန်မြို့တွင်းတွင် ညစ်ညမ်း ခွေများကို ရောင်းချခြင်း မပြုရ၊ တွေ့ရှိပါက အရေးယူမည်ဟု နယ်မြေ ရဲများက တဆင့် ရောင်းချ သူများကို လိုက်လံ ဆော်သြ ခဲ့ကြောင်း ပုစွန်တောင် ရဲစခန်းမှ ရဲတပ်သား တဦးကပြောသည်။
“ကျနော်တို့က ရောင်းတဲ့သူတွေ အဖမ်းခံရမှာ ကြောက်တယ်။ သူတို့ပေးတဲ့ လိုင်းကြေးနဲ့ပဲ ကျနော်တို့လည်း ရပ်တည် နေတာလေဗျာ။ ရှင်းရှင်းပြောတာ” ဟု ၎င်းက ပြောသည်။
တရားမ၀င် ဆင်ဆာမဲ့ အခွေများနှင့် ညစ်ညမ်းခွေများ၊ ခိုးကူးခွေများ ပြုလုပ်ကြသူများမှာ ရဲအရာရှိ၊ စစ်တပ် အရာရှိတို့နှင့် ဆက်ဆံရေးအထူးအဆင်ပြေသူများသာ ဖြစ်ကြကြောင်း၊ ရန်ကုန်မှ စစ်ဗိုလ်ကြီး အချို့ကလည်း အဆိုပါ လုပ်ငန်းကို ၀န်ထမ်းများ ခေါ်ယူကာ ခိုးကူး စီးပွားရေး လုပ်ဆောင် နေကြကြောင်း ကိုးမိုင်ရှိ စစ်ဗိုလ် တဦး ထံတွင် ယင်းလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူက ပြောသည်။
“ဘာအခွေ လိုချင်လဲ ဆိုတာသာ ပြောပါ၊ အားလုံး ရတယ်။ ကျနော် အဲဒီမှာ စားစရိတ်ငြိမ်း လခ (၁) သိန်း ရတယ်။ ဒါပေမယ့် အဲဒီမှာ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ အဆက်အသွယ် ကောင်းမှ ရတာ” ဟု ၎င်းက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment