မျိုးချစ်သူ | ရန်ကုန် မြို့တော်ဝန်က ရန်ကုန် အရောင်းစင်တာများကို တပတ်လျှင် တရက်ပိတ်ရန် ညွှန်ကြား ခဲ့သော်လည်း လိုက်နာသူ မရှိကြောင်း အဆင့်မြင့် အရောင်း စင်တာများမှ သိရသည်။
မြို့တော်ဝန်က ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ရန်ကုန်ရှိ ကိုယ်ပိုင် ဈေးကြီးများ ဖြစ်သော စူပါ မားကက်များ၊ စူပါ စင်တာများ၊ ပလာဇာများကို တပတ်လျှင် တရက်ပိတ်ရန် စာများပေးပို့ခဲ့ခြင်းဖြစ်သည်။
သို့သော် အရောင်းဆိုင်များနှင့် အလုပ်သမားများ အကြား နားလည်မှု ရှိပါက ပိတ်ရက် မလိုအပ်ကြောင်း အိုးရှင်း စူပါစင်တာမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ရဲ့ အလုပ်သမားတွေနဲ့ ကျနော်တို့စင်တာက အရောင်းဆိုင်ပိုင်ရှင်တွေနဲ့ အဆင်ပြေကြတယ်ဆိုရင် တပတ် တရက် ပိတ်ဖို့ မရှိပါဘူး။ ဒါက နှစ်ဦးနှစ်ဖက် သဘောတူကိစ္စပဲလေ” ဟု ၎င်းက ပြောသည်။
မြို့တော်ဝန်၏ အကြောင်းကြားစာနှင့်ပတ်သက်၍ အလုပ်သမားဦးစီးရုံးကို ဆက်သွယ်မေးမြန်းမည်ဟု အိုးရှင်းစူပါစင်တာမှ တာဝန်ရှိသူက ပြောသည်။
လှိုင်သာယာ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး မြို့နယ်ရုံး၏ ပြောရေးဆိုခွင့် ရှိသူ တဦးကမူ ယခုကဲ့သို့ ကိုယ်ပိုင် ဈေးများတွင် တပတ် တရက် ပိတ်ရမည် ဟူသည့် အမိန့်နှင့် ပတ်သက်၍ လာရောက် ဆွေးနွေး နိုင်ကြောင်း ပြောသည်။
ယုဇနပလာဇာတွင်မူ အဆိုပါ ကြေညာချက်ကြောင့် နိုဝင်ဘာ လကုန်ရက်မှ စ၍ တပတ်လျှင် တနင်္လာနေ့ကို တရက် ပိတ်ရက် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
“အခုလိုမျိုး တပတ်ကိုတရက် ပိတ်ခိုင်းတဲ့ အတွက် အလုပ်ရှင်တွေ နစ်နာတယ်။ ဘာလို့လဲဆိုရင် အရောင်းဆိုင် တွေက စီးပွားရေး မကောင်းလို့ ရောင်းအား မကောင်းဘူးလေ။ ဒီနှစ်က အားလုံး သိကြပါတယ်။ ယုဇနပလာဇာ အနေနဲ့ နယ်က၀ယ် လက်ကိုပဲ အားကိုးရတာ။ အခု ကျန်တဲ့ စူပါစင်တာတွေကတော့ မပိတ်ဘူး” ဟု ယုဇန ပလာဇာရှိ အရောင်းဆိုင်တခုမှ မန်နေဂျာက ပြောသည်။
ကိုယ်ပိုင် ဈေးကြီးများအား တပတ်လျှင် တရက် ပိတ်ရမည် ဟူသော ညွှန်ကြားချက်ကို မြို့တော်ဝန် ထုတ်ပြန်ရန် မလိုကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၏ အရာထမ်း တဦးက ပြောသည်။
“မြို့တော်ဝန်က မြို့တော်နဲ့ ပတ်သက်တာတွေကို ဆောင်ရွက်တယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီအလုပ်သမား တွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ကိုတော့ သေသေချာချာမသိဘဲ ညွှန်ကြားချက် ထုတ်ဖို့ မလိုဘူး။ ဆောင်ရွက် စရာရှိရင် ကျနော်တို့ ၀န်ကြီးဌာနကပဲ ဆောင်ရွက်ရမှာပါ” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment