ရဲရင့် | ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင် နှစ်သစ်ကူး ပွဲတော်ည၌ ဗုံးပေါက်ကွဲ ခဲ့သဖြင့် လူအများ သေကျေ ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။
၎င်းက “အဲဒါမျိုး ကေအန်ယူက မလုပ်ဘူး။ နအဖက မဟုတ်မမှန် စွပ်စွဲတာ။ နအဖဆိုတာက တိုင်းရင်းသား တွေရဲ့ ရိုးရာ ယဉ်ကျေးမှု တွေကို စနစ်တကျ ဖျက်ဆီးနေတယ်။ ကရင်နှစ်သစ်ကူးရဲ့ ယဉ်ကျေးမှုကိုလည်း ဖျက်ဆီးပြီး တချက်ခုတ် နှစ်ချက်ပြတ် ဖန်တီးတာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အမြင်မမှားဖို့ လိုတယ်” ဟု ပြောသည်။

နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပြဿနာ ရှာခြင်း ဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့ အနေဖြင့် ဖာပွန်မြို့ အနီး ပတ်ဝန်းကျင်တွင်ပင် စစ်ရေး လှုပ်ရှားမှုများ လုံးဝ မရှိကြောင်း၊ မိမိတို့ အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာ ဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက် ဒဏ်ရာ ရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ် ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်း သတင်းစာတွင် စွပ်စွဲထားသည်။
ယခင်လ (၁၁) ရက်နေ့ကလည်း ဘားအံ၊ ရွှေဂွန်းပြေးဆွဲသည့် စောဥမ္မာ အမည်ရှိ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ခရီးသည်တင် နှစ်ထပ်သင်္ဘောကို တကောင်ဘိုးရွာတွင် ပစ်ခတ်ခံရ၍ ခရီးသည် (၃) ဦး သေဆုံး ခဲ့မှုကိုလည်း နအဖက ကေအန်ယူကို စွပ်စွဲထားသည်။
တကောင်ဘိုး ရွာသား တဦးမှ အဆိုပါ ပစ်ခတ်မှုတွင် ဒီကေဘီအေမှ ရဲမင်းပိုင် အဖွဲ့က တကောင်ဘိုး သင်္ဘောဆိပ်မှ ဒီကေဘီအေ အကောက်မှူး ဗိုလ်သိန်းတန်(ခေါ်) ဗိုလ်ဂျပု ကို စီးပွားရေး ပြဿနာများကြောင့် လာရောက် ပစ်သတ်ရာမှ ဘားအံသို့ ဆင်းမည့် အဆိုပါ နှစ်ထပ် သင်္ဘောကိုပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment