ဝီရ | မွန်ပြည်နယ် အတွင်းရှိ အထွက်နှုန်း ကောင်းသည့် လယ်ယာများ ပိုးဖျက်ခံရသည့် အတွက် မွန်ပြည်နယ်မှ ယခုနှစ်စပါးအထွက်နှုန်း ထက်ဝက်ခန့်လျော့ကျသွားနိုင်ကြောင်း တောင်သူများက ခန့်မှန်းကြသည်။
မွန်ပြည်နယ် အတွင်း စပါးအထွက် အများဆုံး ဒေသဖြစ်သည့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် မကြုံစဖူးသော စပါးဖျက်ပိုးများကြောင့် (၁) ဧက တင်း (၆၀) ကျော် ထွက်ရှိသည့် လယ်ယာများ၌ပင် ယခုနှစ်တွင် တင်း (၃၀) ထွက်ရှိရန် မလွယ်ကူတော့ကြောင်း သံဖြူ ဇရပ်မြို့နယ်မှ ဧက (၄၀) ကျော်ပိုင်သည့် လယ်သမားတဦးက ပြောသည်။
၎င်းက “သံဖြူဇရပ်ကနေ ကျိုက္ခမီ၊ ကွမ်လှာ၊ ကမာဝက် အထိ လယ်ယာတွေ အားလုံးနီးပါး ပိုးထိတယ်။ ဒီနှစ် မှန်းထားတာရဲ့ တဝက်လောက်ပဲ စပါးထွက်မယ်။ စပါးနှံတွေ ထွက်လာပြီးမှ ပိုးတွေက စပါးနှံရဲ့ အတံကိုပဲ ကိုက်ဖြတ်တာဆိုတော့ အခုအချိန်မှာ ဘာမှလုပ်လို့မရတော့ဘူး။ အပင်နဲ့အရွက်တွေပဲ ကျန်နေတယ်။ တချို့အကွက်တွေဆို ဘာမှကိုမကျန်တာ။ ဒီနှစ် မြေသြဇာ ဈေးနှုန်း ကလည်း ကြီးတော့ လယ်စဝင်ချိန် ထွန်ယက်ခကနေ စပါးသိမ်းလို့ အိမ်ရောက်တဲ့ အထိ အရင်းအနှီးတွေကို ဖယ်လိုက်ရင် တဧကမှာ (၁၀) တင်းလောက်ပဲ ကိုယ့်အတွက်ကျန်မယ်” ဟု ပြောသည်။

ယခု ရင်ဆိုင်လိုက်ရသည့် စပါးဖျက်ပိုးသည် ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်း စပါးနှံထွက်စ အချိန်တွင် စတင် ကျရောက်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာတွင် ပိုးဖျက်ဆေးများ ဝေငှပေးခဲ့သော်လည်း အရာမရောက်ခဲ့ကြောင်း အဆိုပါ လယ်သမားက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ စပါးပိုးကျရခြင်းမှာ ပြည်တွင်းထုတ် အဆင့်မမီသည့် မြေသြဇာအချို့ကြောင့်ဟုလည်း လယ်သမားအချို့က ယူဆနေကြသည်။
ကောက်သစ်စပေါ်ချိန်ဖြစ်သည့် လက်ရှိ စပါးကြမ်း တင်း (၁၀၀) လျှင် ကျပ် (၃) သိန်းအထက် မြင့်တက်နေသော်လည်း မွန်ပြည်နယ်တွင် စပါးအများစု ထွက်ရှိချိန် ဒီဇင်ဘာလရောက်လျှင် လက်ရှိဈေးနှုန်းထက် နိမ့်ကျနိုင်၍ အရင်းအနှီး စရိတ်ကို ကာမိရန် မလွယ်ကူကြောင်း လယ်သမားများက ပြောသည်။
ပိုးဖျက်ခံရသည့် ကောက်ကြီးစပါးသည် လာမည့် ဒီဇင်ဘာ လဆန်းပိုင်းတွင်မှ ရိတ်သိမ်းရမည့် စပါးမျိုး ဖြစ်ပြီး အချို့ ဒေသ၌ ဖျက်ပိုးများ သာမက ကြွက်ကိုက် ဖျက်ခြင်း များလည်း ရှိကြောင်း ရေးမြို့နယ်မှ စိုက်ပျိုးရေးဌာန ဝန်ထမ်းတဦးက ပြောသည်။
“မွန်ပြည်နယ်မှာက ဖျက်ပိုးတွေ အတွက် ကျနော်တို့ ဌာနက တဆင့် ကြိုတင် ထားရှိထားတာ မရှိဘူး။ လယ်သမားတွေကိုယ်တိုင် ကြိုတင် ဝယ်ယူထားတာပဲ များတယ်။ ကျနော်တို့သွားကြည့်ဖြစ်တဲ့ လမိုင်းမြို့ဘက်ခြမ်းက ပိုးထိတာ များတယ်။ စပါးနှံကိုပဲ ကိုက်စားတဲ့ ပိုးမျိုးပေါ့” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
ထိုဝန်ထမ်း၏ အဆိုအရ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က မွန်ပြည်နယ်၏ စပါးအထွက်နှုန်းသည် တဧကလျှင် (၄၄) တင်းသာ ရှိကြောင်း၊ ယခုနှစ်တွင် ယင်းထွက်နှုန်း၏ ထက်ဝက်မီရန် မလွယ်ကူတော့ကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment