ဘစောတင် | ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အတွင်းရှိ ကျေးရွာ များမှ လက်ယက် ရေနံတွင်းများနှင့် လယ်မြေများကို ဒေသ အာဏာပိုင်များက မကြာသေးခင်က သိမ်းယူလိုက်ကြောင်း သတင်း ရရှိသည်။
ကျောက်ဖြူ မြို့နယ် ရေနံတောင် အုပ်စုမှ ကျေးရွာများနှင့် မင်းပြင်အုပ်စုမှ ကျေးရွာများရှိ လက်ယက် ရေနံ တွင်းပေါင်း(၅၀)နှင့် လယ်မြေများကို နေပြည်တော်မှအမိန့်ဖြင့် မင်းပြင်ရဲစခန်းမှ စခန်းမှူးလှထွန်း ဦးဆောင် ကာ နိုဝင်ဘာလ (၁၄)ရက်နေ့ က သိမ်းယူသွားကြောင်း ကျောက်ဖြူမြို့ မှ ကိုမောင်ဖြူ က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ရွာတွေမှာ မိဘဘိုးဘွား အဆက်ဆက်ကတည်းက ဒီလိုပဲ ရေနံတူးပြီး အသက် မွေးလာခဲ့ကြတာ၊ အခုလို လက်နက် အားကိုးနဲ့ မတရား သိမ်းလိုက်တော့ ဘာနဲ့ လုပ်စားကြမလဲ၊ ကျနော်တို့ တောသူ တောင် သားတွေ လုပ်စားနေတာကို သူတို့က သိမ်းပြီး တရုတ်တွေ ကုလားတွေ စီးပွားဖြစ်ဖို့ သူတို့ ရောင်းစား ကြမှာ၊ ကျနော်တို့ ကတော့ ဘာမှ အကျိုး ခံစားခွင့် မရှိဘဲ မိဘ ဘိုးဘွားပိုင် မြေကို ဆုံးရှုံး လိုက်ရတာ”ဟု ၎င်းက ဆိုသည်၊

သိမ်းပိုက် ခံရသော ရေနံတွင်းနှင့် လယ်ပိုင်ရှင်များမှာ ရေနံတောင် အုပ်စု ချောင်းဖျားရွာမှ ဦးခင်မောင်၏ လယ် တဧကနှင့် ရေနံ လက်ယက်တွင်း (၃) တွင်း။ ချောင်းဝရွာမှ ဦးအဖြူ၏ လက်ယက်တွင်း ၃တွင်းနှင့် လယ်တဧက။ ကလဘာရွာမှ ဦးတင်မောင်၏ လက်ယက်တွင်း ၄တွင်းနှင့် လယ်တဧက ရေနံတောင်ရွာမှ ဦးဖဒူကြီး၏ လက်ယက်တွင်း ၆တွင်းနှင့် လယ်(၃)ဧက မင်းပြင်အုပ်စု မင်းပြင်ရွာမှ ဦးလှထွန်း၏ လက်ယက် တွင်း ၄တွင်းနှင့် လယ်မြေ ၂ဧက၊ ကျောက်ပြောက်ရွာမှ ဦးလှထွန်းတင်၏ လက်ယက်တွင်း ၆တွင်း လယ်မြေ ၃ဧက။ ၀မျှောင်ရွာမှ ဦးမောင်နီအောင်၏ လက်ယက်တွင်း ၈တွင်းနှင့် လယ်မြေ တဧက၊ ကျောက်ကလေရွာမှ ဦးမောင်စောတင်၏ လက်ယက်တွင်း (၇) တွင်းနှင့် လယ်မြေ (၃) ဧကတို့ ကို သိမ်းပိုက်သွားခဲ့သည်ဟု သိရ သည်။ ယခု သိမ်းပိုက် ခံရသော ရေနံတွင်းနှင့် လယ်မြေများ အတွက် လျော်ကြေးပေးမည် မပေးမည်ကို ပြော ဆိုခြင်း မရှိဟုလည်း ကိုမောင်ဖြူက ဆိုသည်။
ယင်းသိမ်းပိုက် ထားသော မြေများ ပေါ်တွင် တရုတ်နိုင်ငံမှ China National Offshore Oil Corporation (CNOOC) ရေနံကုမ္ပဏီက ရေနံ တူးဖော်မည်ဟု သိရသည်။
ယင်းကဲ့သို့ လယ်မြေများကို သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွါရေး ဖွံ့ ဖြိုး တိုးတက် မှု ကွန်ယက် ( Network for Environment and Economy Development –NEED) မှ ဒါရိုက်တာဖြစ်သူ ခိုင်ဓူဝံက“အခုလို ဒေသခံပြည်သူတွေရဲ့ ဘိုးဘွားပိုင် သဘာဝ သယံဇာတ တွေကို မတရားသိမ်းပိုက်လိုက် တာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကိုလည်း မတည် ငြိမ်အောင် စစ်အာဏာရှင်တွေက တမင်သက်သက် ဖန်တီးနေတာဖြစ်တယ်။ အသိမ်းခံတောင်သူလယ် သမားနဲ့ အပြစ်မဲ့ ပြည်သူတွေဟာ နောက်ဆုံးမှာတော့ စားဝတ်နေရေးခက်ခဲလို့ အိမ်နီးချင်း နိုင်ငံတွေဆီကို ထွက်ခွာပြီး လုပ်စား နေကြ တာတွေဟာ ဒီလို အာဏာပိုင်တွေရဲ့ မတရားလုပ်ခြင်းက အဓိက ကျတယ်”ဟု ပြောသည်။
ယခင်က လယ်မြေ နှင့် ရေနံတွင်း အသိမ်းပိုက်ခံခဲ့ရဖူးသူ ကိုထွန်းသာအောင်ကလည်း အဆိုပါ ယင်းသို့ သိမ်း ပိုက်လိုက်သော မြေများ အတွက် လျှော်ကြေးပေးခြင်းလည်းမရှိဟု ပြောသည်။
“သူတို့က ကျနော်တို့ကို လျော်ကြေး ပေးပါမယ် ဆိုပြီး လက်မှတ်တွေ ဘာတွေ ထိုးပေးတယ်၊ ဒါပေမယ့် တ ကယ်တမ်းကျတော့ ကျနော်တို့ ကို ဘာမှမပေးခဲ့ဘူး၊ ကျနော်တို့ မြေတွေကို ဆုံးရှုံးလိုက် ရတယ်၊ ဒါကြောင့် အခု ကျနော်တို့ မှာ လုပ်စားစရာမရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။
ကိုထွန်းသာအောင်သည် ယခု အခါ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စက်ရုံ တခုတွင် လာရောက် အလုပ်လုပ် ကိုင်နေသည်။
ရခို်င်ပြည်နယ် အတွင်းရှိ မြေယာ သိမ်းပိုက်ခြင်း သဘာဝ သယံဇာတများကို တူးဖော်ခြင်း၊ စစ်တပ်များတိုး ချဲ့ချထားခြင်းများ အတွက် စောင့်ကြည့် လေ့လာလျှက် ရှိသော ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းအောင်က တရုတ် CNOOC ကုမ္ပဏီ အတွက် လယ်မြေသိမ်းမှုများသည် ၂၀၀၇ ခုနှစ် ကတည်းကပင် ရှိခဲ့ကြောင်း ပြောဆိုသည်။
“စစ်အစိုးရနဲ့ ပေါင်းပြီး တရုတ် CNOOC ကုမ္မဏီအတွက် ရေနံတောင် မင်းပြင်ဘက်က မြေ တွေ လက်ယက် တွင်းတွေကို သိမ်းလာ တာဆိုရင် ၂၀၀၇ ခုနှစ် မေလကတည်းက စလာတာ ဖြစ် တယ်။ အရင်က ရွာခံတွေနဲ့  ဒီကုမ္ပဏီတွေနဲ့ ပြဿနာတွေ ခဏ ခဏတက်တယ်၊ လျော်ကြေးပေး မယ်ပြောပြီး မပေး တာတွေ ရှိသလို၊ ပေးတာတွေကျတော့လည်း မစို့မပို့ လေးတွေ ပေးတယ်လို့ သိရတယ်၊ ကျနော်တို့ နဲ့ သိတဲ့ အစ်မကြီး တယောက်ဆိုရင် သိန်းလေးငါးဆယ် တန်တဲ့ မြေကို နှစ်သိန်း ခွဲလောက်ပဲ ရတယ်၊ ဒီနယ်က လူတွေ တဧက နှစ်ဧက ကနေ ခုနစ် ဧက ရှစ်ဧက ထိ အသိမ်း ခံခဲ့ကြရပါတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။
ရခိုင် ပြည်နယ်တွင် စစ်အခြေစိုက် စခန်းများ တိုးချဲ့ တည်ဆောက်ခြင်း။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအား မြေငှားရမ်းခြင်း နှင့် တရုတ်ပြည်သို့ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်ခြင်းများ အတွက် လယ်ယာမြေများကို အတင်းအကျပ် သိမ်းပိုက်မှုများကို ယခင် ကတည်းက ပြုလုပ် နေမှုများ ရှိကြောင်း သိရသည်။
source by : ဧရာဝတီ

0 comments:
Post a Comment