မေကျော် | မြန်မာ ပြည်သူ လူထု အင်တာနက် အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ထိန်းချုပ် နေသော စစ်အစိုးရက ပြီးခဲ့သည့် (၃) ရက်မှစပြီး လူထုအတွင်း အသုံးများနေသည့် ဆက်သွယ်ရေး ကွန်ရက် တခု ဖြစ်သည့် ဖေ့ဘွတ် (Face Book) ကို ပိတ်လိုက်သည်။
မူလ လုပ်နေကျ အတိုင်း ဖေ့ဘွတ်ကို ပိတ်ပစ်လိုက်ခြင်း မဟုတ်ဘဲ ဆက်သွယ်မှု အမှားအယွင်း ပုံစံ အသစ် တမျိုးဖြင့် ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်း အိုင်တီ အသိုင်းအ၀ိုင်းက ပြောသည်။
“IP Drop လုပ်ပစ်လိုက်တယ်။ မသိရင် ကိုယ့်ဆီကပဲ ကော်နက်ရှင် ကျနေသလိုလို။ စစ်တပ်က သိပ်ကို တော်ပါ တယ်ဗျာ။ အရမ်း တော်ပါတယ်။ Banned တာမဟုတ်ဘဲ connection error ပုံစံမျိုး လုပ်လိုက်တာ ခင်ဗျ” ဟု ပြည်တွင်း အိုင်တီ ပညာရှင် တဦးက ပြောသည်။

လက်တလော အခြေအနေ အရ ဖေ့ဘွတ် အသုံးပြု နေသူများသည် စစ်အစိုးရက ပိတ်ပင် ထားသည့် သတင်း ၀က်ဘ်ဆိုက်များ ကဲ့သို့ ပရော့ဇီများဖြင့် ကျော်ပြီး ခက်ခက်ခဲခဲ အသုံးပြု နေရကြောင်း သိရသည်။
“ပြည်တွင်းမှာ တားမြစ် မထားတဲ့ ၀က်ဘ်ဆိုက် ဆိုတာ မရှိဘူး။ သုံးသမျှ သူတို့ဥပဒေနဲ့ ငြိတာပဲ။ အီးမေးလ်လည်း သူတို့ အီးမေးလ်ပဲ သုံးရမယ်လို့ ပြောထားတာပဲ” ဟု ပြည်တွင်း အိုင်တီ ပညာရှင် တဦးက ပြောသည်။
စစ်အစိုးရက အင်တာနက် ကဖေးများကို စည်းကမ်းချက် (၁၉) ချက် ချမှတ်ပြီး လာရောက် သုံးစွဲသူများ၏ သုံးစွဲမှု မှတ်တမ်းကို (၅) မိနစ် တခါ မှတ်တမ်း တင်ပြီး ယင်းမှတ်တမ်း များကို (၂) ပတ်တကြိမ် စီဒီများဖြင့် ကူးယူကာ မြန်မာ အင်ဖိုတက်သို့ ပေးအပ်ရန် ညွှန်ကြား ထားသည်။
ထို့အပြင် လာရောက် သုံးစွဲသူများကို မှတ်ပုံတင် နံပါတ်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို မှတ်တမ်း တင်ခိုင်းထားပြီး ဒေါင်းလော့ လုပ်မှု အားလုံးကို မှတ်တမ်း တင်ထားရန်နှင့် အင်တာနက် ဆိုင်များမှ Floppy Drive၊ CD Drive နှင့် USB Port များကိုလည်း သုံးခွင့် မပြုကြောင်း ထုတ်ပြန် ထားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment