မင်းနိုင်သူ | ပဲခူးတိုင်း မင်းလှ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၅) စုမှ လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အတွက် ပဲခူး လမ်းပြကြယ် အဖွဲ့ကို အကူအညီ တောင်းခံ ထားကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
“ကျနော်တို့ လယ်မြေတွေကို ရယူပြီး လုပ်နေတဲ့ ပုဂ္ဂလိက ငါးကန် လုပ်ငန်းကို ဖယ်ရှားပြီး ကျနော်တို့ရဲ့ အမည်ပေါက် လယ်မြေ တွေကို ပြန်လည် လုပ်ကိုင်ခွင့် ရရေး အတွက် အကူအညီ ပေးဖို့ တင်ပြ ထားပါတယ်” ဟု ဒေသခံ လယ်သမား တဦးက ပြောသည်။
မင်းလှမြို့နယ်ရှိ ကျေးရွာ (၅၀) ကျော် ပါဝင်သည့် ကျေးရွာအုပ်စု (၁၅) စုမှ လယ်မြေဧက (၈၀၀) ကျော်ကို လက်ပံတန်း မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးစံမင်းက ၂၀၀၄ ခုနှစ် အတွင်း မြင်က၀- ကျောက်အိုင် မြစ်ရေကာတာ ကျိုးပေါက် ပျက်စီးမှုကို ပြုပြင်ပေးရစဉ် နိုင်ငံပိုင် စက်ယန္တရားကြီး (၂) စီးဖြင့် ညအချိန်တွင် ဒေသခံ လယ်သမားများ၏ လယ်ယာမြေများ ပေါ်၌ ငါးမွေးကန် တူးဖော် သွားခဲ့သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

ထိုကဲ့သို့ ငါးကန် တူးဖော်ခဲ့သည့် အပြင် ဒေသခံ လယ်သမားများ၏ လယ်မြေ ပြေစာခွန်များကို ၂၀၀၆-၂၀၀၇ တွင် မြို့နယ် မြေစာရင်းရုံးမှ ဖျောက်ဖျက်ခဲ့ပြီး ၂၀၀၇-၂၀၀၈ တွင် ဦးစံမင်း၏ ငါးကန် ဧရိယာ အားလုံးကို တဦးတည်း အမည်ပေါက် အဖြစ် မြို့နယ် မြေစာရင်း ဦးစီးဌာနမှ ထုတ်ပေး ခဲ့သည်ဟုလည်း ဒေသခံ လယ်သမားများက ပြောသည်။
အဆိုပါ လယ်မြေများ မတရား ဖျက်ဆီး သိမ်းပိုက်ခြင်း ခံရသည့် ကိစ္စကို လက်ပံတန်း မြို့နယ်၊ ဂုံမင်းကွင်း ကျေးရွာနေ ဦးကြွယ်ထွဋ်က နစ်နာရသည့် လယ်သမားများကို ဦးဆောင်ကာ (၂၃-၃-၂၀၀၄) ရက်တွင် နိုင်ငံ အကြီးအကဲ များထံ တိုင်ကြားခဲ့ရာ ဒေသခံလယ်သမားများနှင့် အစိုးရ၀န်ထမ်းအချို့ကို ခေါ်ယူစစ်မေးခဲ့ပြီး ဦးစံမင်းကို လက်ပံတန်းမြို့နယ် ဆည်မြောင်းမှ နတ္တလင်းမြို့သို့ ပြောင်းရွှေ့ပေးခဲ့ရုံမျှသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသခံ လယ်သမားများ အနေဖြင့် မိမိလယ်မြေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးကိုသာ လိုလားကြသည်ဖြစ်ရာ အသိမ်းခံရစဉ်မှ စ၍ နှစ်စဉ် နိုင်ငံ့ အကြီးအကဲ များထံ တိုင်ကြားနေခဲ့ရာ ၂၀၀၇ ခုနှစ်အတွင်း ဦးဆောင် တိုင်ကြားသူ လယ်သမား ဦးကြွယ်ထွဋ်ကို ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦးက ခေါ်ယူ တွေ့ဆုံ ခဲ့သော်လည်း အကြောင်းမထူးခဲ့ကြောင်း၊ (၂၇-၄-၂၀၀၉) ရက်တွင်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေသခံ လယ်သမားများကို ခေါ်ယူ စစ်ဆေး မေးမြန်း ခဲ့ပြန်သော်လည်း အကြောင်း မထူးသဖြင့် (၂၈-၁၀-၂၀၀၉) ရက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ထပ်မံ စာပို့ တောင်းဆိုထားသည့် အပြင် လမ်းပြကြယ် အဖွဲ့ကိုလည်း အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
အဆိုပါ လယ်မြေသိမ်းပိုက်ခံထားရမှုနှင့် စပ်လျဉ်း၍ ပဲခူးလမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “ပန်းဇံတူးမြောင်းကို ပိတ်ပြီး ငါးကန်ဖော်သွားတာ။ အဲဒီအနီးတ၀ိုက်က လယ်တွေ အကုန်ပါတာပေါ့။ ကျေးရွာ (၅၀) ကျော်က အိမ်ထောင်စုပေါင်း (၂၀၀) ကျော်လောက် နစ်နာနေကြရတာ။ အချက်အလက်တွေ အားလုံးစုဆောင်းထားပြီးပါပြီ။ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောသည်။
ပဲခူး လမ်းပြကြယ် အဖွဲ့အနေဖြင့် ကလေး စစ်သား သွပ်သွင်း ခံရမှု၊ တောင်သူ လယ်သမားများ မတရား ပြုကျင့် ခံရမှုများကို ၂၀၀၆ ခုနှစ်မှ စတင်ကာ ကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည်။
မြန်မာ နိုင်ငံတွင် လယ်ယာမြေ သိမ်းပိုက်မှုများ ရှိနေဆဲ ဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း အောင်လံမြို့နယ်အတွင်းရှိ လယ်မြေများကို သကြားစက်ရုံမြေနေရာအတွက် အစိုးရက သိမ်းပိုက်ခဲ့သည့်အမှုသည် နာမည်ကြီးခဲ့သည်။
အဆိုပါ အမှုကို အိုင်အယ်လ်အိုက ကူညီ ဖြေရှင်း ပေးခဲ့သဖြင့် လယ်မြေများကို ပြန်လည် လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုင်ကြားသူ လယ်သမား (၁၂) ဦးမှာ အစိုးရ၏ ဖမ်းဆီး ထောင်ချခြင်း ခံကြရသည်။
“အိုင်အယ်လ်အိုနဲ့ အစိုးရနဲ့ အကြားက နားလည်မှုစာချွန်လွှာကို ကောင်းကောင်း သဘောပေါက်ဖို့ လိုတယ်။ အိုင်အယ်လ်အို အနေနဲ့က အဓိက ဖြေရှင်း ပေးနိုင်တာက ကလေးစစ်သားစုဆောင်းမှုနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု တွေပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စတွေက ဥပဒေ အကြောင်းကို သေချာ နားလည်ထားပြီး ဥပဒေ ဘောင်ထဲ ၀င်လာအောင် တင်ပြ ပေးနိုင်ရတယ်။ ဒါမှသာ အောင်မြင်နိုင်မယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment