သန်းထိုက်ဦး | ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် သင်္ဘောတစင်းကို ကရင် အမျိုးသား အစည်းအရုံး(KNU)က ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့သည် ဟု ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အ လင်း သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ သင်္ဘောသည် ယမန်နေ့ နံနက်ပိုင်းက ရွှေဂွန်း ကျေးရွာမှ ဘားအံမြို့သို့ စတင် ထွက်ခွာလာရာ တကောင် ဘိုး ရွာ အနီး၌ သင်္ဘောပေါ်တွင် ပါလာသည့် စစ်အစိုးရ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် KNU တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ယင်းခရီးသည် ၃ ဦး သေဆုံးခဲ့ရ ခြင်းဖြစ်သည်။
မြန်မာ့အလင်း သတင်းစာ၌ ရွှေဂွန်း ရွာမှ စတင် ထွက်ခွာလာသော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ စောဥမ္မာ ခရီးသည်တင် သင်္ဘောသည် တကောင်ဘိုး ရွာမှ ဆက်လက် ထွက်ခွာလာစဉ် KNU အကြမ်းဖက်သောင်းကျန်းသူ ၂၀ ခန့်က ကမ်းစပ်မှ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် သင်္ဘောပေါ်မှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရေးသားထားသည်။

ပစ်ခတ်မှုကြောင့် လူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားဟု ဆိုသည်။ ၎င်း ဒဏ်ရာရရှိသူများကို ဘားအံ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါကမူ ယင်း သင်္ဘောအား ပစ်ခတ်မှု နှင့် ပတ်သက်ပြီး မည်သူ ပစ်သည်ကို မသိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒါ KNU လက်ချက် ဟုတ်မဟုတ် မသေချာဘူး၊ အဲဒီလိုင်းကတော့ နအဖက ဘားအံဘက်ကို ထိုးစစ် ဆင်မယ် ဆိုတဲ့ အခါကျတော့ အဲဒီလိုင်းမှာ ရှုပ်ရှုပ်ထွေးထွေးလေးတွေရှိတယ်”ဟု ၎င်းက ဆိုသည်။
အခင်းဖြစ်ပွားရာ လမ်းကြောင်း တလျှောက်တွင် KNU ပြောက်ကျားတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသကဲ့သို့ နအဖ နှင့် ပူးပေါင်း၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) တို့ကလည်း လှုပ်ရှားနေကြောင်း သိရ သည်။
နအဖ စစ်အစိုးရသည် မြန်မာပြည် အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသကဲ့သို့ ယင်းအဖွဲ့အစည်းများ ကလည်း ငြင်းဆိုလေ့ရှိကြသည်။
source by : ဧရာဝတီ

0 comments:
Post a Comment