ဝီရ | ၂၀၁၀ ရွေးကောက်ပွဲနှင့် နယ်ခြားစောင့် တပ်ဖွဲ့စည်းမှုကို လက်မခံသည့် မွန်ပြည်သစ် ပါတီ၏ သဘောထားကို အပြည့်အဝ ထောက်ခံပြီး နအဖ စစ်အစိုးရ၏ ဖိအားများကို လူထု အခြေပြု လူ့အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး ဝိုင်းဝန်း ဆန့်ကျင် သွားမည်ဟု တိုးတက်သော မွန်လူငယ်များ အစည်းအရုံးက ဆုံးဖြတ် လိုက်သည်။
“ကျနော်တို့ ဆုံးဖြတ်တာက မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ မွန်လူမျိုးတို့ရဲ့ တန်းတူ အခွင့်အရေး တိုက်ပွဲ ကာလမှာ ကျနော်တို့ လူငယ် အစည်းအရုံးက ဖိအားပေး အင်အားစု ကဏ္ဍကနေ နိုင်ငံရေး ပါတီတွေကို ဝန်းရံပြီး ရပ်တည်သွားမယ်။ နိုင်ငံရေး ပါတီတွေအပေါ် နအဖရဲ့ ဖိအားတွေကို မွန်လူငယ်ထု၊ လူထုအခြေပြု Civil Society အဖွဲ့အစည်းနဲ့ အတူ ဆန့်ကျင်သွားမယ်” ဟု တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MYPO) ၏ ဒု-ဥက္ကဋ္ဌ နိုင်ဉာဏ်စိုက်ရာမာန်က ပြောကြားသည်။
MYPO ၏ ဒုတိယ အကြိမ် ညီလာခံကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ (၃-၄) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် သုံးသပ်ခြင်း မပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပါက ရရှိသော ရလဒ်သည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုင်းရင်းသား တို့၏ တန်းတူ အခွင့်အရေးကို ဖော်ဆောင် ပေးနိုင်မည် မဟုတ်ကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ဉာဏ်စိုက်ရာမာန်က “ဒီ ၂၀၁၀ ရွေးကောက်ပွဲကို တတ်နိုင်တဲ့ ဘက်ကနေ နည်းလမ်း ပေါင်းစုံ ကနေ ကျနော်တို့ လူငယ် အစည်းအရုံးက ဆန့်ကျင် သွားမယ်။ အသေးစိတ်ကိုတော့ ကျနော်တို့ ဆက်လက် ချမှတ်သွားမယ်။ မွန်ပြည်သစ်နဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့တိုရဲ့ ဦးဆောင်မှု အတိုင်း ကျနော်တို့ ခံယူသွားမယ်။ ဝိုင်းရံသွားမယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ယခင်လက ကျင်းပခဲ့သည့် မွန်လူငယ်များ နှီးနှယ် ဖလှယ်ပွဲတွင် ရွေးကောက်ပွဲ အပေါ် အမြင်သဘောထား၊ အပစ်ရပ် အဖွဲ့တို့၏ အလားအလာ တို့နှင့် လူငယ်ထု အတွင်း ညီညွတ်ရေး သေနင်္ဂဗျူဟာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် တိုးတက်သော မွန်လူငယ်များ အစည်းအရုံးကို ယခု ကျင်းပခဲ့သည့် ဒုတိယ အကြိမ် ညီလာခံတွင် ခေါင်းဆောင်ပိုင်းကို လူငယ်များနှင့်ပြန်လည်အစားထိုးခန့်အပ်ခဲ့သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment