ခိုင်လင်း | ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ် အတွင်း ဘိန်းနှင့် ဘိန်းဖြူ လက်လီ ရောင်းချသည့် အိမ် များပြား လာနေပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေးတောင်းနေသကဲ့သို့ ၎င်းတို့ကိုယ်တိုင် သုံးစွဲမှုများ ရှိနေသည်။
ကွတ်ခိုင် မြို့ရှိ စုစည်း ရပ်ကွက်တခုလုံးနီးပါး ဘိန်းနှင့် ဘိန်းဖြူ ရောင်းချနေပြီး ရဲတပ်ဖွဲ့ဝင် များလည်း ဘိန်းဖြူ သုံးစွဲနေကြောင်း ဘိန်းသုံးစွဲဖူးသူ ကွတ်ခိုင် ဒေသခံ တဦးက ပြောသည်။
၎င်းက “စုစည်း ရပ်ကွက်မှာ အိမ်ခြေ (၁၀၀) လောက်ရှိမယ်။ ကချင်နဲ့ တရုတ်တွေ များတယ်။ သူတို့က အိမ်တွေမှာ ကျပ် (၁,ဝဝဝ) လောက် လိုက်တောင်းတယ်။ အချို့အိမ်ကျတော့ ငွေမတောင်းဘူး၊ ဆေးတောင်းပြီး သူတို့ ကိုယ်တိုင် ရှူတယ်။ အချို့ကျတော့လည်း ကျပ် (၅,ဝဝဝ) ဖိုးလောက် ရှူသွားရင် (၂,ဝဝဝ - ၃,ဝဝဝ) ပေးတာမျိုးတော့ ရှိတယ်။ အဲဒါက သူတို့ ရေတွေ လျှံတဲ့ အချိန် စိတ်ကောင်း ဝင်တဲ့ အချိန်မျိုး၊ မပေး တာကတော့ များတယ်။ ဒီကောင်တွေ အိမ်ထဲ ရောက်နေပြီ ဆိုရင် အိမ်ရှင်တွေက အိမ်ရှေ့ ထွက်ပြီး ဖောက်သည် တွေကို ပြန်လွှတ် ပေးနေရတယ်။ သူတို့ ရှူနေရင် တခြား သူတွေကို ပေးမဝင်ခိုင်းဘူး” ဟု ပြောသည်။

ကွတ်ခိုင် ရဲတပ်ဖွဲ့ဝင်များသည် ဘိန်းခန်းမှ ရရှိသည့်ငွေများ၊ ဒေသအတွင်း ဖြတ်သန်း သွားလာနေသည့် ဆိုင်ကယ် မှောင်ခို၊ နွားမှောင်ခိုနှင့် ကယ်ရီ သမားများထံမှ တောင်းခံ ရရှိသည့် ငွေကြေးများကို အထက် ရဲ အရာရှိများကို ခွဲဝေပေးကမ်း နေသကဲ့သို့ တပ်ဖွဲ့ ရန်ပုံငွေများထဲ ထည့်ဝင် ပေးနေ သဖြင့် ဘိန်းခန်းများ အတွင်း လှည့်လည် ဘိန်းသုံးစွဲခွင့် လွတ်လပ်စွာ ရရှိနေသည်ဟု အဆိုပါ ကွတ်ခိုင် ဒေသခံက ပြောသည်။
၎င်းက “တခါတလေ ကျနော်တို့က ခတ်ခူး (ဘိန်းမဲ ) ရှူနေတုန်း သူတို့တွေ ရောက်လာတာမျိုး ရှိတတ်တယ်။ အဲဒီအခါ ကျနော် တို့ကလည်း မြန်မြန်လေး လုပ်ပြီး ရှောင်ပေး ရတာတွေရှိတယ်။ အဲဒီမှာ ငွေတောင်းတဲ့ကိစ္စ၊ ဘယ်အရာရှိ ဘယ်လောက်ပေး လိုက်ရတဲ့ အကြောင်း သူတို့ အချင်းချင်း ပြောတတ် ဆိုတတ်တယ်။ သူတို့က အောက်ကတော့ ဘောင်းဘီပေါ့။ အပေါ်ကတော့ အရပ်ဝတ်နဲ့။ အချို့လည်း ရိုးရိုး အရပ်ဝတ်နဲ့ လာနေကြတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ကုန်ပိုင်း ကိုးကန့် အရေးအခင်း ကာလ အတွင်း အထက်မှ တာဝန် ပေးချက် အရ ကွတ်ခိုင် ရဲစခန်းမှ အင်အားဖြည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်များအား လောက်ကိုင်သို့ စေလွှတ်ခဲ့ရာတွင် ဘိန်းမစွဲသည့် ရဲများကိုသာ ထုတ်နုတ်ပြီး အင်အား အနည်းငယ်သာ ပို့ပေး နိုင်ခဲ့ကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်း ရပ်ကွက် အရ သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment