မင်းနိုင်သူ | အလင်္ကာ ၀တ်ရည် ဂျာနယ် ဒီဇိုင်နာ ကိုခန့်မင်းထက်ကို အာဏာပိုင်များက အောက်တိုဘာ (၂၂) ရက်တွင် နေအိမ်မှ လာရောက် ခေါ်ဆောင် သွားပြီးနောက် ရက်သတ္တ (၂) ပတ် ကြာသည် အထိ မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ဖခင်ဖြစ်သူ စာရေးဆရာ မောင်စိမ်းနီက ပြောသည်။
“ည (၁၀) နာရီလောက်မှာ လာခေါ်သွားတာ။ ဘာ့ကြောင့် ဆိုတာလဲ ဘာမှမသိရဘူး။ သူက ကဗျာဆရာလည်း ဖြစ်နေတာဆိုတော့ သူ့ကဗျာတွေနဲ့များ ပတ်သက်သလား။ ဘာမှ ရေရေရာရာ မသိရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က အခုချိန်ထိ ဘယ်မှာ ထားမှန်း မသိရတော့ စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။
ကိုခန့်မင်းထက်ကို သာကေတ မြို့နယ် အမှတ် (၃) နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် (၄) ရက် အကြာတွင် အလင်္ကာ ၀တ်ရည် ဂျာနယ်တိုက်ရှိ ကွန်ပျူတာများကို အာဏာပိုင်များက စစ်ဆေးခဲ့ပြီး ကွန်ပျူတာ ဟတ်ဒစ်ကိုလည်း သိမ်းဆည်း သွားခဲ့ကြောင်း သိရသည်။

၎င်းအဖမ်းအဆီး ခံရပြီးနောက် (၅) ရက်အကြာတွင် သာကေတမြို့နယ် ယုဇနဥယျာဉ် အိမ်ရာတွင် ရှိနေသော FOREIGN AFFAIR ဂျာနယ်မှ အယ်ဒီတာ ကိုသန့်ဇင်စိုးနှင့် သတင်းထောက် ကိုပိုင်စိုးဦးတို့ အပါအ၀င် လူငယ် (၈) ဦး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။
ထိုလူငယ် (၈) ဦးကိုလည်း မည်သည့် နေရာတွင် ထိန်းသိမ်း ထားသည်ကို ယခု အချိန်ထိ မသိရသေးကြောင်း ရန်ကုန် သတင်းထောက်များက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ စာရင်းများ အရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (၂,၀၀၀) ကျော် ရှိနေဆဲ ဖြစ်ပြီး ထိုအထဲတွင် စာနယ်ဇင်း သမား (၄၀) ကျော်လည်း ပါဝင်သည်။
မြန်မာနိုင်ငံသည် သတင်း လွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံများ စာရင်းတွင် အစဉ်တစိုက် ပါဝင်နေပြီး နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) ကလည်း မြန်မာစစ်အစိုးရ၏ သတင်း မီဒီယာများ အပေါ် ဖိနှိပ်နေမှုကို အောက်တိုဘာ (၂၉) ရက်တွင် ပြစ်တင် ရှုတ်ချထားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment