မျိုးသိဏ်း | ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း၌ ကြက်သွန်နီ လက်ကျန်နည်းနေသလို ဈေးကွက်အတွင်း အဆမတန် ဈေးတက်နေသည့်အတွက် စီးပွားကူးသန်း ဝန်ကြီးဌာနက အိန္ဒိယမှ တန်ချိန် (၅၀၀)ခန့် အရေးပေါ် မှာယူ တင်သွင်းရန် ပြင်ဆင်နေသည်။
အောက်တိုဘာ လဆန်းပိုင်းက တပိဿာ ကျပ် (၁၀၀၀) ဝန်းကျင်သာ ရှိခဲ့သော အကောင်းစား ထိပ်စရှယ်(ပခုက္ကူ) ကြက်သွန်နီမှာ အောက်တိုဘာ (၁၅)ရက်နေ့တွင် တပိဿာ (၁၈၀၀)ကျပ် ဈေးအထိ ဖြစ်လာသည်။

အာဏာပိုင်များက ဘုရင့်နောင်ရှိ ပွဲရုံများကို အောက်တိုဘာ (၁၁) ရက်နှင့် အောက်တိုဘာ (၁၄)ရက်တို့တွင် နှစ်ကြိမ်ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းလည်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။
လက်ရှိတွင် သက်ဆိုင်ရာမှ ကျပ်(၁၃၀၀) ထက်ပိုမို၍ မရောင်းရဟု ညွှန်ကြားချက်အမိန့် ထုတ်ပြန်ထားသဖြင့် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံများတွင် အရောင်းအဝယ် အေးနေသည့်ဟန်ရှိသော်လည်း အဓိက လက်လီဈေးကွက် ဖြန့်ဖြူးရာဖြစ်သည့် ညောင်ပင်လေးဈေးကဲ့သို့သော ဈေးများတွင် အဝယ်လိုက်နေပြန်သည်။
လက်ရှိတွင် အိန္ဒိယမှ မှာယူထားသော ကြက်သွန်နီ ကွန်တိန်နာ (၈)လုံး တန်ချိန် (၂၂၀)ခန့် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ တင်သွင်းခွင့်လိုင်စင် စုစုပေါင်း တန်ချိန် (၅၀၀) ချပေးထားသော်လည်း တပြိုင်နက် တင်သွင်းစေခြင်း မဟုတ်ဟု သိရှိရသည်။
သို့သော် ပြည်တွင်းဈေးကွက်အတွင်း လက်ကျန်နည်းနေသည့်အပြင် ကြက်သွန်နီပေါ်ချိန် ရာသီဖြစ်သော ဒီဇင်ဘာလရောက်ရန်မှာလည်း တလကျော်ခန့် လိုနေသေးသဖြင့် ဈေးနှုန်း ကျဆင်းခဲ့ပါကလည်း လဆန်းပိုင်း ဈေးနှုန်းသို့ ပြန်ရောက်ဖွယ်မရှိဟု ကုန်သည် အများစုက သုံးသပ်ကြသည်။
`ကြက်သွန်နီဈေးက နေ့တိုင်းတက်နေတယ်လို့ သတင်းကြားနေရလို့ အိတ်လိုက် ပြေးဝယ်ထား လိုက်တယ်။ အရင်က ဆယ်ပိဿာ လောက်ပဲယူရောင်းတာ။ အခု လတ်စ (အလယ်အလတ်ဆိုက်) ကို (၁၇၅၀) အိတ်ဆွဲဈေးနဲ့ ဝယ်ခဲ့ လိုက်ရတယ်။` ဟု တဆင့်ပြန်လည် ရောင်းချရန် ညောင်ပင်လေးဈေး သို့ လာရောက်ဝယ်ယူနေသူ အမျိုးသမီးတဦးက မဇ္ဈိမသို့ပြောသည်။
မြန်မာအိမ်ရှင်မများ၏ မီးဖိုချောင်သုံး မပါမဖြစ် ကုန်စည်မှာ ဇန်နဝါရီလတွင် တပိဿာ ကျပ် (၂၅၀) ဈေးနှုန်းရှိခဲ့ပြီး မတ်၊ ဧပြီလအထိ ဈေးနှုန်းအနည်းငယ်သာ တက်ခဲ့သော် လည်း ဇူလိုင်လဆန်းတွင် ကျပ် (၆၅၀) ဝန်းကျင်အထိ ရောက်ရှိလာခဲ့သည်။ သြဂုတ်၊ စက်တင်ဘာ လဆန်းပိုင်းများတွင် ကျပ် (၈၀၀)၊ ကျပ် (၉၀၀) စသဖြင့် အသီးသီး ရှိခဲ့ရာမှ ယခုလဆန်း (၅)ရက်နေ့တွင် ကျပ် (၁ဝဝဝ) ဝန်းကျင် နီးပါးအထိ ဈေးပေါက်ခဲ့သည်။
ထို့အပြင် ပြည်ပသို့လည်း တင်ပို့ရပြီး အကောက်ခွန်ဌာနမှ တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ တန်ချိန် (၁၈၄၀၀) ကျော် တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ဘုရင့်နောင် ရေတမာလမ်းရှိ ပွဲရုံ ပိုင်ရှင်တဦးက အစိုးရ ထိန်းချုပ်ထားသော အိတ်စပို့ ပေါ်လစီများ မှားယွင်းမှုကြောင့် ပြည်တွင်း ဈေးကွက်အတွင်း ယခုကဲ့သို့ ဖြစ်ရသည်ဟု ပြစ်တင် ပြောဆိုလိုက်သည်။
`၂၀၀၇ ခုနှစ်က ကြက်သွန်နီဈေးတက်တော့ ပြည်တွင်းစားသုံးမှု ဖူလုံအောင် အိတ်စပို့တင်မယ့် ကုမ္ပဏီတွေ ကိုယ်တိုင်စိုက်ပြီး ထွက်တဲ့ကြက်သွန်နီကိုပဲ တင်ရမယ်ဆိုတဲ့ ပေါ်လစီထုတ်တယ်။ နောက် ကုမ္ပဏီကြီးတွေ ကို မြေနေရာတွေချပေးတယ်။ စိုက်ခိုင်းတယ်။ ကုမ္ပဏီတွေက အိတ်စပို့လိုင်စင်ရမယ် ဆိုတော့ မြေနေရာယူတယ်။ နောက်တော့ မစိုက်ဘူး။ ဧက (၁၀၀) လောက်စိုက်ရမှာကို လေး၊ငါး၊ဆယ် ဧကလောက် စိုက်ပြီး အပြင်ကဝယ်ပြီး ပို့လိုက်တယ်။ ဒီတော့ ပြည်တွင်းစားသုံးမှုက Demand နဲ့ Supply Balance မဖြစ်တော့ဘူးလေ။ ဒီတော့နှစ်တိုင်း ကြက်သွန်နီဈေးက ကမောက်ကမ ဖြစ်တော့ တာပဲ။` ဟု ဆိုသည်။
ယခု ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် (၁၁၀၀၀) ကျော်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင် သီးနှံ စိုက်ပျိုး၊ ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့က မီဒီယာများမှတဆင့် “ကြက်သွန် သိုလှောင်သူများ ဆုံးရှုံးနိုင်”၊ “ကြက်သွန်နီဈေး ပြန်လည် ကျဆင်းတော့မည်” ဟု ဇူလိုင်လအတွင်း ပြောကြားကာ သိုလှောင်မှု နည်းပါးရန် ကြိုးစားခဲ့သေးသည်။
အများစု စားသည့် ဆန်ကြမ်းနှင့် ဆန်လတ်ဈေးနှုန်းများ မြင့်တက်နေသည့် အချိန်တွင် ကြက်သွန်နီဈေးကလည်း အိမ်ရှင်မများအတွက် ခေါင်းကိုက်စရာ တခု ထပ်တိုးခဲ့သည်။
ဇူလိုင်လအထိ ငစိန်၊ ပေါ်ကျွဲစသော ဆန်များမှာ တတင်းခွဲဝင် တအိတ် ကျပ် (၁၂၀၀၀) ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအချိန်တွင် ကျပ်(၁၇၅ဝဝ) ဝန်းကျင်ခန့်အထိ ဈေးပေါက်နေသည်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ကြက်သွန်နီဈေးနှုန်းများ မကြုံစဖူး ထိုးကျခဲ့သည့် ဖြစ်ရပ်မျိုး ရှိခဲ့သည်။ (၂၀၀၈)ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန် ဘုရင့်နောင် ကုန်စည် ဒိုင်တွင် တပိဿာ (၁၆၀)ကျပ်ဈေးအထိ ကျဆင်းခဲ့ပြီး မကွေးတိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ကျပ်(၅၀) အထိ ဈေးနှုန်းကျဆင်းခဲ့သည်။ ထိုစဉ်က စိုက်ပျိုးသူ တောင်သူများမှာ ခူးယူခြင်း မပြုသည့် အနေအထား သို့ပင် ရောက်ရှိခဲ့သည်။
source by : မဇ္ဈိမ

0 comments:
Post a Comment