မြင့်မောင် | နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြို့နယ် အများအပြားတွင် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ လုံခြုံရေးများ ထူထပ်စွာ ချထားလာကြောင်း ရန်ကုန် ဒေသခံများ အဆိုအရ သိရသည်။
ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ ဒဂုံနှင့် တောင်ဥက္ကလာပ တို့အပြင် မြို့နယ်တိုင်းနီးပါး လူစည်ကားရာ နေရာများတွင် ရဲများနှင့် အရပ်ဝတ် လုံခြုံရေးများ အများအပြား တွေ့ရှိလာရသည်။
“ လွန်ခဲ့တဲ့ သောကြာနေ့ ကစပြီး ပိုပြီး သိသာလာတယ်။ လမ်းဒေါင့်တွေ၊ လမ်းဒေါင့်တွေမှာ ရဲသား ၂ ယောက်စီ ချထား တာတွေ ရှိတယ်။ ဆိုင်ကယ်တွေနဲ့ ပတ်နေတာတွေ ရှိတယ်။ FAW ကားတွေနဲ့ လှည့်နေတာတွေလည်း ရှိတယ်။ ရန်ကုန်တိုင်း မှာရှိတဲ့ ရဲတပ်ဖွဲ့တွေ အကုန်လို့တောင် ထင်ရတယ်” ဟု ဗဟန်းမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

မင်္ဂလာတောင်ညွှန့်မှ ကျောင်းဆရာမ တဦးက “အောင်ဆန်း အားကစား ရုံနားနဲ့ ဗဟန်း ကန်တော်ကြီးစောင်းမှာ လုံခြုံရေး ချထားတာ တွေ့တယ်။ စစ်ကားတွေ အများကြီးပဲ။ အောင်ဆန်း အားကစား ရုံနားမှာ စစ်သားအပြည့်နဲ့ စစ်ကား ၂ စီး ရပ်နေတယ်။ ရပ်ကွက်တချို့မှာ ဧည့်စာရင်း စစ်တာတွေ ရှိလာတယ်” ဟု ပြောသည်။
ကြည့်မြင်တိုင် မြို့နယ် သီရိမင်္ဂလာဈေးမှ ဈေးသည် တဦးကလည်း ''ဈေးရှေ့ မီးပွိုင့်တွေမှာ လုံခြုံရေးတွေ ချထားတယ်။ အရပ်ဝတ်တွေ၊ လက်နက်ကိုင်တွေရော၊ ဌာနဆိုင်ရာတွေ၊ ယာဉ်ထိန်းရဲတွေရော အပြည့်ရှိတယ်။
ဘယ်လောက် ရှိတယ် ဆိုတာ မပြောတတ်ဘူး။ မီးပွိုင့်တွေနဲ့ ဓာတ်တိုင်အခန်းတွေမှာလည်း လက်နက်ကိုင် ၂ ယောက် လောက်စီ ရှိတယ်'' ဟု ပြောဆိုသည်။
ဒဂုံမြို့နယ်မှ ဒေသခံ တဦးကတော့ “၂၆ ရက်နေ့ကနေစပြီး လုံခြုံရေး တော်တော်လေး တိုးချလာတာ တွေ့ရတယ်။ မီးပွိုင့်တွေမှာ တော်တော် များများ ချထားတာ တွေ့ရတယ်။ ပေါက်တောထိပ်မှာ အများဆုံး တွေ့ရတယ်။ မြို့ထဲက ပြန်လာတော့ ဒဂုံတကြောလုံးမှာ ချထားတာ တွေ့ခဲ့ရတယ်။ လုံထိန်းကားတွေ ၁၁ စီးလောက် လက်နက် အပြည့်အစုံနဲ့ လှည့်နေတယ်။ FAW ကားတစီးကို ၂၅-၃၀ ကြား အင်အားရှိမယ် ထင်တယ်” ဟု ပြောသည်။
ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်များ အဆိုအရ ရပ်ကွက် ဘုံကထိန် များကိုပင် အနီးကပ် စောင့်ကြည့် နေကြောင်း သိရသည်။ ပြည်လမ်းပေါ်တွင် တည်ရှိသည့် လှည်းတန်းတွင်မူ လမ်းဘေးဈေးဆိုင်များ ပိတ်ထားသည်။
တောင်ဥက္ကလာပ မြို့တွင်း လမ်းများ၊ ရပ်ကွက်များနှင့် ၈ မိုင် လမ်းဆုံ၊ ပါရမီလမ်းမှ တောင်ဒဂုံသို့ သွားရောက်ရာ လမ်းများရှိ ဓာတ်မီးတိုင် တတိုင်ခြားတွင် လက်နက်ကိုင်ရဲ ၂-၃ ဦးစီ ချထားကြောင်းနှင့် ရပ်ကွက် များတွင် အထူး ဧည့်စာရင်းဟု ဆိုကာ ဒေသ အာဏာပိုင်များက လိုက်လံ စစ်နေသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)
source by : မဇ္ဈိမ

0 comments:
Post a Comment