မင်းနိုင်သူ | နဂိုကပင် ပျက်ယွင်းနေသည့် ပညာရေးစနစ်တွင် ရည်ချွန် စာမေးပွဲများကြောင့် ကျောင်းသားများ ပညာသင်ကြားရေးတွင် မတရားမှုများ ပေါ်ပေါက်စေသည်ဟု မုံရွာမြို့မှ ကျောင်းသား မိဘ အချို့က ပြောသည်။
“အခု (၄) တန်းကနေ (၁၀) တန်းအထိ ရည်ချွန်စာမေးပွဲဆိုပြီး ကလေးတွေကို ဖြေခိုင်းတယ်။ အဲဒီလို ဖြေခိုင်းပြီး ကျောင်း အဆင့်မှာ (၁ ၊ ၂ ၊ ၃) အဆင့်ဝင်တဲ့ ကလေးကို မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် ဆက်ပြိုင်စေတယ်။ အဲဒီလို ပြိုင်စေတဲ့ အခါမှာ ကျောင်းဆရာ တွေရဲ့ မသမာ လုပ်မှုတွေ ပေါ်လာတော့တာပဲ” ဟု ကျောင်းသား မိဘ တဦးက ပြောသည်။
ရည်ချွန် စာမေးပွဲ အဆင့်ဆင့်တွင် မေးခွန်း ပေါက်ကြားခြင်း၊ ငွေလိုက်နိုင်သည့် ကျောင်းသားကိုသာ ရွေးချယ်ခြင်း စသည့် မသမာမှုများကို ကျောင်းဆရာ များက ပြုလုပ်လေ့ ရှိကြကြောင်း ကျောင်းသား မိဘများက ပြောသည်။

မကြာသေးမီ ကလည်း မုံရွာမြို့၊ ဆူးလေကုန်း ကျောင်းမှ ကျောင်းအုပ်ကြီးအား ရည်ချွန် စာမေးပွဲတွင် မသမာမှုပြုလုပ်ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သိရသည်။
ဆူးလေကုန်းကျောင်းမှ ကျောင်းသား မိဘ တဦးက “ကျောင်းအုပ်က ဇွန်လပိုင်းကမှ စပြောင်းလာတာ။ ပြီးခဲ့တဲ့လပိုင်းက လုပ်တဲ့ (၄) တန်း ရည်ချွန်စာမေးပွဲမှာ မသမာမှု လုပ်တယ် ဆိုပြီး အတိုင်ခံရတယ်။ တခြား ကျောင်းတွေမှာ ရည်ချွန်စာမေးပွဲ မေးခွန်းထုတ်ရင် ကော်မတီ ဖွဲ့ထုတ်ပေမယ့် သူက သူတဦးတည်း မေးခွန်းထုတ် ခဲ့တယ်လို့ ကြားတယ်။ အခု စသုံးလုံးက စစ်နေပြီ” ဟု ပြောသည်။
ဆူးလေးကုန်း ကျောင်းတွင် ရည်ချွန် စာမေးပွဲ၌ (၄) တန်းကျောင်းသား ဖြေဆိုရမည့် သင်္ချာ ဘာသာရပ် မေးခွန်းတွင် (၆) တန်းအဆင့်ရှိ သင်္ချာမေးခွန်းများ ထည့်သွင်း ထားရာ ကလေး အများစု မဖြေဆို နိုင်သော်လည်း ကလေးအချို့က ဖြေဆို နိုင်နေသည်ဟု ကျောင်းသား မိဘများက ပြောသည်။
“အဆင့်လွန် မေးခွန်းကို ဖြေနိုင်တဲ့ ကလေး သုံးလေးယောက် ရှိနေတယ်ဆိုတော့ မေးခွန်းပေါက်ကြားမှုရှိလို့ပဲ ဖြစ်နိုင်တာပေါ့ဗျာ” ဟု ကျောင်းသား မိဘတဦးက ပြောသည်။
၁၉၈၈ ခုနှစ် မတိုင်မီက (၈) တန်းနှင့် (၁၀) တန်းတို့တွင် လူရည်ချွန် စာမေးပွဲများ ရှိခဲ့ဖူးပြီး ရွေးချယ်ခံရသည့် နိုင်ငံအဆင့် လူရည်ချွန်များသည် နိုင်ငံတွင်းရှိ စီမံကိန်းများ၊ အပန်းဖြေစခန်းများသို့ နိုင်ငံတော်စရိတ်ဖြင့် အခမဲ့သွားရောက်ခွင့်ရရှိသည်။
“အခု ရည်ချွန် စာမေးပွဲကတော့ ကျောင်းသား မိဘတွေ အတွက် ဂုဏ်တု၊ ဂုဏ်ပြိုင်စရာ သက်သက်လို ဖြစ်နေတာပါ။ တကယ်တော်တဲ့ ကျောင်းသားက ရည်ချွန်ဖြစ်ချင်မှဖြစ်တာ။ ပိုက်ဆံလိုက်နိုင်တဲ့ မိဘရဲ့ ကလေးတွေက တိုင်းရည်ချွန် ဖြစ်ချင်လည်းဖြစ်နေကြတော့ ဆင်းရဲပြီး စာတော်တဲ့ ကလေး မိဘတွေက မခံနိုင်ကြ တော့တာတွေလည်း ရှိလာတယ်။ အဓိကက ဆရာတွေ လာဘ်ယူ လာဘ်စားလုပ်ပြီး ကလေးတွေ ခွဲခြား ဆက်ဆံ ခံရတာကို မကျေနပ်ကြတာ” ဟု ကျောင်းသား မိဘ တဦးက ပြောသည်။
ရည်ချွန် စာမေးပွဲတွင် မသမာမှု လုပ်မှုများ အပြင် အထက ကျောင်းအချို့၌ မဆီလျော်သည့် စည်းကမ်း သတ်မှတ် မှုများဖြင့် ကျောင်းသားများထံမှ ငွေကြေး ရယူနေသည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။
“ပြီးခဲ့တဲ့ လပိုင်းကဆို အထက (၃) မှာ ကျောင်းသား ခွင့်မတိုင်ဘဲ ကျောင်းပျက်ရင် ဒဏ်ကြေး (၅၀၀) ကျပ် ပေးရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်တယ်။ ကျောင်းသားမိဘ ကိုယ်တိုင်က ခွင့်တိုင်ရင်လည်း ဒဏ်ကြေး (၃၀၀) ကျပ်ပေးရတာပဲ။ ဆုံးမတာမျိုး မလုပ်ဘဲ ဒဏ်ကြေး ကောက်နေတာ။ အဲဒီ ဒဏ်ကြေးငွေတွေစုပြီး တလတခါ ဆရာတွေကို ကန်တော့ ရမယ်တဲ့၊ စည်းကမ်းက အဲလိုမျိုး” ဟု ကျောင်းသား မိဘ တဦးက ပြောသည်။
မုံရွာမြို့ အထက (၃) ၏ အဆိုပါ စည်းကမ်းသစ်သည် မုံရွာတွင် ဟိုလေး တကျော်ဖြစ်ခဲ့ရာ ပြီးခဲ့သည့်လက အထက (၃) ကျောင်းသို့ စစ်ဆေးရေး ၀င်ခဲ့သော်လည်း အရေးယူမှု မရှိခဲ့ဘဲ နောက်မပြုလုပ်ရန်သာ သတိပေးခံ ခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ ကျောင်းဆရာများအကြား အကျင့်ပျက်မှုများ ဖြစ်ပွား နေရခြင်း၏ အဓိကအချက်မှာ လုပ်ခလစာငွေနှင့် မလောက်င မှုကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့မှ အငြိမ်းစား ကျောင်းအုပ်ကြီး တဦးက ပြောသည်။
၎င်းက “ဆရာတို့ အလုပ်ဝင်စ ဦးနုခေတ်က (၁၂၆) ကျပ် ရတယ်။ ရတာနဲ့ လောက်တယ်။ ဘယ်ကျူရှင်မှ သင်စရာမလိုဘူး။ မတရားတာ ဘာမှ လုပ်စရာ မလိုဘူး။ ကျောင်းသားတွေကို ဖိဖိစီးစီး စာသင်ပေးနိုင်တယ်။ အဲ…နောက်ပိုင်းတော့ လစာတွေက ပမာဏ အားဖြင့်တော့ တိုးလာပါရဲ့၊ လောက်ငတယ်လို့ မရှိတော့ဘူး။ အခုခေတ် ပိုဆိုးတာပေါ့။ ဘီအီးဒီဘွဲ့ရ ကျောင်းဆရာ တယောက်ဟာ ပြန်တမ်းဝင် အရာရှိ အဆင့်ချင်း အတူတူ တပ်က စစ်ဗိုလ်ပေါက်စထက် လစာ အများကြီး နိမ့်နေတယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment