သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆို

Thursday, October 29, 2009 ·

ဇာနည်မာန် | ရခိုင် ကမ်းလွန် ပင်လယ်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ ရောင်းချရန် ပိုက်လိုင်းများ သွယ်တန်းမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆိုသည့်စာကို တရုတ် သမ္မတ ဟူကျင်းတောင် ထံသို့ နိုင်ငံ၂၀ မှ လူမှု လှုပ်ရှားရေး အဖွဲ့များက ယနေ့ ပေးပို့သည်ဟု သတင်းရရှိသည်။


အိန္ဒိယနိုင်ငံရောက် မြန်မာအင်အားစု ၄၀ ကျော်တို့ကလည်း နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ - ဇာနည်မာန်)
ရခိုင်ပြည်နယ် ကျောက်ဖြူ ဒေသမှ တရုတ်နိုင်ငံ ယူနန် ပြည်နယ် အထိ သွယ်တန်းမည့် အဆိုပါ စီမံကိန်းသည် မြန်မာ ပြည်သူလူထု အတွက် အကျိုး တစုံတရာ မရှိဘဲ စစ်အာဏာရှင် အစိုးရကိုသာ အကျိုးအမြတ်များစွာ ရရှိ စေမည့် အပြင် ပိုက်လိုင်း တလျှောက်ရှိ မြန်မာ ပြည်သူ လူထုမှာ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ၊ ဖိနှိပ်ခံရမှု များရှိလာမည် ဖြစ်သည့် အတွက် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ယခုလှုပ်ရှားမှု ဦးဆောင်သည့် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့ က ဆိုသည်။

“ကျနော်တို့ စာထဲမှာ တောင်းဆို တာက မြန်မာ ပြည်သူတွေ ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့် ပတ်သက်ခွင့် ရတဲ့ အချိန်အထိ အတိုင်းအတာ တခုအနေနဲ့ စောင့်ပေးပါ၊ ဒီမိုကရေစီ ရတဲ့ အခါမှ လုပ်ပါ ဆိုတာကို တောင်းဆိုထား တာ ရှိတယ်”ဟု ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ (အိန္ဒိယ) မှ ကိုကင်မ်က ဧရာဝတီသို့ ပြောသည်။

စင်ပြိုင် အာဆီယံ အဖွဲ့ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် လူ့အခွင့်အရေး အဖွဲ့များ၊ မြန်မာ့အရေး လုပ်ဆောင် နေသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ စုစုပေါင်း ၁၁၅ ဖွဲ့တို့က လက်မှတ် ရေးထိုးထားသည့် အဆိုပါ တောင်းဆိုစာကို နော်ဝေး၊ ဆွီဒင်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများရှိ တရုတ်သံရုံးများသို့ ကမ္ဘာလုံးဆိုင်ရာ ရွှေဂက်စ် လှုပ်ရှားမှု အနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်ပြီး စာများ ကို တပြိုင်နက် ပေးပို့ခဲ့သည်ဟု သိရသည်။

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ ရောင်းချခြင်းမှ ရရှိ လာသော ၀င်ငွေသည် စစ်အာဏာရှင် သက်ဆိုး ရှည်ရန်သာ ဖြစ်၍ စီမံကိန်းကို ရပ်ဆိုင်း ပေးရန်လည်း အဆိုပါစာ တွင် ရေးသားထားသည်။

တရုတ် ကုမ္ပဏီ တခုဖြစ်သည့် CNPC ၏ အဆိုပါ စီမံကိန်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တိုက်ရိုက် တင်ပို့ ရန် ပိုက်လိုင်း ဆက်သွယ်မှု အတွက် လိုအပ်မည့် ပစ္စည်းများ ကျောက်ဖြူသို့ ရောက်ရှိနေပြီးဖြစ်ပြီး လာမည့် နိုဝင်ဘာလအတွင်း စတင် အကောင်အထည် ဖော်ရန် စီစဉ်လျက် ရှိသည်ဟု ကိုကင်မ်ကဆိုသည်။

သူကဆက်၍ “ဒီပိုက်လိုင်းလုပ်လိုက်လို့ရှိရင် တခုက နအဖ သက်ဆိုးရှည်မယ်၊ ဗမာပြည်မှာ နေထိုင်တဲ့ သူတွေ အတွက် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လယ်မြေသိမ်းဆည်းမှုတွေ ဖြစ်လာမယ် အခုတောင် ဓာတ်ငွေ့ထုတ်တဲ့ ရေပိုင်နက်နေရာ တ၀ိုက်မှာ တံငါတွေကို ငါးဖမ်းခွင့် ပိတ်တာ၊ ဖမ်းဆီးတာ လှေသိမ်းတာတွေ ရှိနေတယ်၊ ရခိုင်ဘက်က ပိုက်လိုင်း ဖြတ်မယ့် နေရာက လယ်မြေ တချို့ကို ပြောင်းပေးဖို့ စာပေးထားတာတွေ ရှိလာတယ်” ဟုပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ စစ်အစိုးရ အနေဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀ ခန့် ရရှိ မည်ဖြစ်ပြီး စီမံကိန်း စာချုပ်ချုပ် ဆိုထားသည့် နှစ် ၃၀ အတွက် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ နီးပါးရရှိမည် ဖြစ်ရာ ထို အကျိုးအမြတ်များမှာ ပြည်သူလူထု ထံသို့ ရောက်ရှိမည် မဟုတ်ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်ပနိုင်ငံအချို့သို့ တင်ပို့ ရောင်းချလျက် ရှိရာ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံမှာ အများဆုံး ၀ယ်ယူသော နိုင်ငံ တခု ဖြစ်သည်။

၁၉၉၀ ခုနှစ်များက ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ ရောင်းချမည့် ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ပြုလုပ်ခဲ့ပြီး ထိုစဉ်က ပိုက်လိုင်း သွယ်တန်းရာ တလျှောက်ရှိ ပြည်သူများကို စစ်အစိုးရမှ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လယ်ယာမြေများ အဓမ္မ သိမ်းဆည်းမှု စသည့် လူ့အခွင့်ရေး ချိုးဖောက်မှု များကြောင့် စီမံကိန်း လုပ်ဆောင်သည့် TOTAL နှင့် UNOCAL အဖွဲ့တို့ကို တရားစွဲဆိုခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်သည့် နာမည်ပျက် စာရင်းတွင် ထည့်သွင်းခြင်းများ ရှိခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */