မင်းနိုင်သူ | မြန်မာ နိုင်ငံတွင် ကလေး စစ်သား စုဆောင်းမှုများ ရှိနေဆဲ ဖြစ်ပြီး မကြာမီ ကလည်း ကွမ်းခြံကုန်း မြို့နယ်မှ ကလေးငယ် တဦး စစ်သား အဖြစ် စုဆောင်း ခံရမှု ရှိခဲ့ကြောင်း ကလေး စစ်သား စုဆောင်း ခံရမှုများကို အိုင်အယ်လ်အိုနှင့် အတူ ကူညီ ဖြေရှင်းပေးနေသော ပဲခူးမြို့မှ လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။
“ကွမ်းခြံကုန်း မြို့နယ်က (၆) တန်း ကျောင်းသားလေး မောင်ရဲကိုနိုင်တဲ့။ ကလေးက ကွမ်းခြံကုန်း ကနေ ရန်ကုန်ကို အသွား ပန်းဆိုးတန်း ဆိပ်ခံနား မှာတင် ကလေး စစ်သား အဖြစ် စုဆောင်း ခံလိုက်ရတာလို့ မိဘတွေက လှမ်းအကြောင်းကြား ထားတယ်။ မိဘတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ပြီးမှ အသေးစိတ် သတင်း သိရမယ်” ဟု ၎င်းက ပြောသည်။
လမ်းပြကြယ် အဖွဲ့က ၂၀၀၈ ခုနှစ်အတွင်း ကလေး စစ်သား စုဆောင်း ခံရမှု (၂၅) ခုကို ကူညီ ဖြေရှင်းပေးခဲ့ပြီး ယခုနှစ်တွင်မူ ကလေး စစ်သား စုဆောင်း ခံရမှု (၁၀၉) မှုကို ကူညီဖြေရှင်းပေးရန် အဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ယခုနှစ် မေလမှ စတင်၍ ယခုအချိန် လက်ခံရရှိထားသော ကလေး စစ်သား အဖြစ် စုဆောင်းခံရသူ (၁၀၉) ဦးထဲမှ ကလေးငယ် (၃၀) ကျော်ကိုသာ မိဘ ဆွေမျိုးများထံ ပြန်လည် အပ်နှံ နိုင်သေးသည်ဟု ဦးအေးမြင့်က ပြောသည်။
“ကလေး စစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး အခြားသော အန်ဂျီအို အဖွဲ့တွေ ရှိပေမယ့် အိုင်အယ်လ်အို ကသာ အကာအကွယ် ပေးနိုင်တဲ့ အတွက် ကျနော်တို့က အိုင်အယ်လ်အို ကိုပဲ အရင် ချိတ်ပါတယ်။ ဒါပေမယ့် အိုင်အယ်လ်အိုကို တင်ပြတဲ့ အမှုတချို့ ကြန့်ကြာ သွားတတ်တာ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ကြန့်ကြာရခြင်းမှာ အိုင်အယ်လ်အိုအနေဖြင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အစိုးရ အဖွဲ့ အဆင့်ထံ တင်ပြခြင်း၊ အစိုးရအဖွဲ့မှ ၀န်ကြီးများက အောက်ဆုံးသို့ လုပ်ဆောင်ရန် ချပေး လိုက်သော်လည်း ကြိုးနီ စနစ်ကြောင့် နှောင့်နှေး ကြန့်ကြာခြင်းနှင့် အောက်ခြေ စစ်တပ်မှ အရာရှိများက ဖုံးကွယ်ရန် ကြိုးစား ကြခြင်းကြောင့် ဖြစ်ကြောင်း ဦးအေးမြင့်က ပြောသည်။
ယခုနှစ် ဧပြီ (၂၃) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း၌ မြန်မာ့ တပ်မတော် အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၉) ဖွဲ့၌ ကလေးစစ်သား စုဆောင်းမှုများ ရှိနေသေးကြောင်း ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် မြန်မာ စစ်အစိုးရက ကလေးစစ်သား (၆၈) ဦးကို ပြန်လွှတ် ပေးခဲ့ကြောင်း၊ ကလေးများ၏ မိဘနှင့် ဆွေမျိုးတို့၏ တိုင်ကြားချက်များ အရ ကလေး စစ်သား စုဆောင်းမှုများကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ကလေး စစ်သား စုဆောင်းမှု ဆက်လက် ရှိနေရခြင်းနှင့် ပတ်သက်၍ ဦးအေးမြင့်က “စစ်တပ်ရဲ့ ဖွဲ့စည်းပုံ အရဆိုရင် တပ်ရင်းတခုမှာ တပ်ဖွဲ့ဝင် (၇၅၀) နဲ့ (၈၀၀) အကြားမှာ ရှိရတယ်။ ဒီနေ့ခေတ်မှာ တပ်ရင်းတွေ အများကြီးသာ ဖွဲ့ထားတယ်။ တပ်ဖွဲ့ဝင်က (၂၀၀) နီးပါးပဲ ရှိတယ်ဗျ။ အဲလို တပ်ဖွဲ့ဝင်အရေအတွက် လိုတာတွေ ရှိတယ်။ နောက်တခုက ဗိုလ်သင်တန်းတွေက တနှစ်တနှစ်ကို ထောင်ချီ ဆင်းတယ်ဗျာ။ ဆိုတော့ ဒီမှာက ငယ်သားလုပ်မယ့်လူမရှိဘူး၊ ဗိုလ်လုပ်မယ့်လူတွေချည်းများနေတော့ ကလေးတွေကိုပါ တပ်သားအဖြစ် စုဆောင်း လာကြတာ” ဟု သုံးသပ်ပြောဆိုသည်။
တပ်တွင်းမှ တပ်ကြပ်ကြီးများ အနေဖြင့် အသက်(၆၀) မပြည့်မီ တပ်မှ ထွက်လိုပါက တပ်သားသစ် (၂) ယောက် ရှာပေး ရလေ့ရှိပြီး၊ အရာရှိငယ်များ အနေဖြင့်လည်း ရာထူးတိုးလိုပါက တပ်သားသစ် (၂) ယောက် ရှာပေး နေကြရသဖြင့် ကလေး စစ်သား စုဆောင်းမှုများ ပပျောက် နိုင်ခြင်း မရှိဘဲ စုဆောင်းပြီး ကလေးငယ်များကိုပင် တပ်တွင်း၌ အဆင့်ဆင့် အရောင်းအ၀ယ် ပြုလုပ်ကြလေ့ ရှိကြောင်း သိရသည်။
ကျေးလက်နေ ကလေးငယ် များမှာ စစ်သား အဖြစ် စုဆောင်း ခံရမှု အများဆုံး ဖြစ်ကာ မန္တလေးဘူတာကြီး၊ သာစည်ဘူတာနှင့် ရန်ကုန် ဘူတာကြီးတို့မှာ ကလေးစစ်သား အများဆုံး စုဆောင်းရာ ရပ်ဝန်းများ ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ရန်ကုန် ဘူတာကြီးမှာ ကလေး စစ်သား အဖြစ် သွပ်သွင်း ခံလိုက်ရတဲ့ တပ်ရင်း ခမရ (၃၂၂) က မောင်အောင်ကိုထွေး။ အခု လာရှိုးထောင်မှာ သေဒဏ် ပေးခံ ထားရတယ်။ ဘယ်လောက် နှမြောဖို့ ကောင်းလဲ။ ကလေးကို သေနတ်ကိုင်ပြီး စစ်တိုက် ခိုင်းတယ်။ ဒီကေဘီအေတပ်က ကလေးနဲ့ ကလေး စစ်သားချင်း စကားများရာ ကနေ ပစ်ခတ်မှု ဖြစ်တော့ သေဒဏ် ပေးတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ ရှိတဲ့ ကလေးမိဘတွေကို ပြောချင်ပါတယ်။ သား ယောက်ျားငယ်လေး တွေကို မိဘ အုပ်ထိန်းသူ မပါဘဲနဲ့ ညအိပ် ညနေ သွားရမယ့် ခရီးတွေကို တယောက်တည်း မလွှတ်ပါနဲ့။ ကလေးတွေ သွားတာလာတာကို ဂရုစိုက်ကြပါ” ဟု လမ်းပြကြယ် အဖွဲ့ ဦးအေးမြင့်က ပြောသည်။
နအဖစစ်အစိုးရအနေဖြင့် ယခင်က ကလေး စစ်သား မရှိပါဟု ငြင်းဆို နေရာမှ ပြည်ပ အဖွဲ့အစည်း အသီးသီး၏ ဖော်ထုတ်ချက် များကြောင့် ၂၀၀၄ ခုနှစ်မှ စတင်ကာ ကလေး စစ်သား ပပျောက်ရေး ကော်မတီကို ဖွဲ့စည်း ခဲ့သော်လည်း ယနေ့ အချိန်ထိ ကလေး စစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment