အောင်ထက် | မလေးရှား နိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သော အလုပ်သမား အများစုမှာ ၎င်းတို့ရသင့်သည် အခွင့်အရေးများ နစ်နာ ဆုံးရှုံးနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ တရားဝင် လိုင်စင်ရ အကျိုးဆောင် အေဂျင်စီများ၏ အဆက်အသွယ်ဖြင့် မလေးရှား နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် သူများသည် မလေးရှား နိုင်ငံ အလုပ်ရှင်များ၏ မူလ အလုပ် ကမ်းလှမ်းစာပါ လစာ အတိုင်း မရရှိသည့် အပြင် ကူညီ ဆောင်ရွက် ပေးမည့်သူ မရှိ ဖြစ်နေကြသည်။
အလုပ် ကမ်းလှမ်းစာတွင် လုပ်သား တဦးလျှင် တလ ပျှမ်းမျှ မလေးရှားရင်းဂစ် (၇၀၀-၈၀၀) ရရှိမည်ဟု ပါရှိပြီး သဘောတူ စာချုပ် ခဲ့ကြသူများသည် မလေးရှား ရောက်ပြီး ယခုလပိုင်းတွင် တနေ့ (၁၈) ရင်းဂစ်မျှနှင့် အချိန်ပိုမရှိ အလုပ်ဆင်းနေကြရသည်ဟု မလေးရှားမှ ပြန်လာသူ လူငယ်တဦးက ပြောသည်။

၎င်းက “ကျနော်က ကလန်းမြို့ သံမဏိ စက်ရုံမှာ အလုပ်ဝင်တယ်။ သူဌေးက ကျနော်ရဲ့ နိုင်ငံကူး လက်မှတ်မှာ ဗီဇာပါမစ် နေထိုင်ခွင့် စတေကာ ကပ်မပေးဘူး။ တာဝန် မယူနိုင်ဘူးပေါ့။ ပြီးတော့ တခြား စက်ရုံတခုကို ရွှေ့ပေးတယ်။ အဲ့ဒီမှာ တနေ့ (၁၈) ရင်းဂစ်ပဲရတယ်၊ အိုဗာတိုင်မရှိဘူး။ မလေးရှားလူဝင်မှုက ထုတ်ပေးတဲ့ (visit pass) တလက ကုန်တော့မယ်။ ဒါနဲ့ ရန်ကုန်ကို ပိုက်ဆံ လှမ်းမှာပြီး ပြန်လာ ခဲ့တယ်” ဟု ပြောသည်။
မြန်မာ အလုပ်သမားများမှ ၎င်းတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးနေရသည့်အပေါ် ချိတ်ဆက်ထားသော ပြည်ပအေဂျင်စီများ၊ ပြည်တွင်းရှိ လိုင်စင်ရ အကျိုးဆောင် အေဂျင်စီများထံ ဆက်သွယ် ခဲ့သော်လည်း ထိရောက်သော ကူညီပံ့ပိုးမှုများ မရရှိကြကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူများအနက် တရားမ၀င်လာရောက်သူများ၊ မြန်မာနိုင်ငံကူးလက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ဗီဇာ မရှိသူများနှင့် မိမိဆန္ဒအလျောက် အလုပ်ကူးပြောင်းသူများသည် အလုပ်ရှင်များက တာဝန်ယူခြင်း မရှိသောကြောင့် အမြောက်အမြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ယခင်က မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး လွတ်ရက်စေ့ မြန်မာ နိုင်ငံသား တို့အား နေရင်း တိုင်းပြည်သို့ တိုက်ရိုက် ပို့ဆောင်ခဲ့ရာ မြန်မာ နိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီ ဖြစ်ကြောင်း ပြည်တွင်း သတင်းစာများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ အခြေစိုက် နယ် စည်းမခြား အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ပြန်လည်ပို့ဆောင်ပေးခဲ့သော မြန်မာ အလုပ်သမား များလည်း ရှိကြောင်း သိရသည်။
ပြည်တွင်း အေဂျင်စီ၏ စာချုပ်ပါ လစာနှင့် မကိုက်ညီခြင်းကြောင့် မိမိ သဘောနှင့် အလုပ်ထွက်ကာ တရားမ၀င် (အောက်လမ်း) မှ ပြည်တွင်း ပြန်ဝင်လာသူ လူငယ် တဦးက “မလေး ရဲကို ရင်းဂစ် (၇၅၀) ပေးလိုက်ရင် သူတို့က ကားကြုံနဲ့ ထိုင်းနယ်စပ် မဟာချိုင်ကို ပို့ပေးတယ်။ အဲ့ဒီကမှ ထိုင်းအချုပ်ခန်းမှာ တညအိပ်၊ နောက်နေ့ ညနေမှာ နယ်စည်း မခြားအဖွဲ့က (Express) ကားကြီးတွေနဲ့ တင်ခေါ် သွားတယ်။ ကျနော်တို့ အသုတ်မှာ အမျိုးသမီး၊ အမျိုးသား (၂၈၀) ပါတယ်။ စရိတ်စက အားလုံး နယ်စည်း မခြားက တာဝန် ယူတယ်။ မဟာချိုင်က ညနေ (၆) နာရီ ကားထွက်တယ်၊ မဲဆောက်ကို နောက်တနေ့ညနေ (၄) နာရီရောက်တယ်။ မဲဆောက်ရဲစခန်းကိုဝင်၊ အဲ့ဒီကမှ လှေနဲ့ ကိုးသုံးလုံး ဒီကေဘီအေဂိတ်ကို ပို့ပေးတယ်။ (၁) ယောက်ကို ဘတ် (၂၅၀) ပေးရတယ်” ဟု ပြောသည်။
မလေးရှား နိုင်ငံတွင် ပြည်ပ လုပ်သားခေါ်ယူမှု လျှော့ချခြင်း၊ ပြည်ပ လုပ်သား ခေါ်ယူ ခန့်ထားမှု ဥပဒေ တင်းကျပ် လိုက်ခြင်း တို့ကြောင့် မလေးရှား နိုင်ငံရောက် ကန့်သတ်မှုမဲ့ အလုပ်သမားများ၊ ရွှေ့ပြောင်း လုပ်သားများနှင့် နေထိုင်ခွင့် သက်တမ်းလွန် လုပ်သားများကို အောက်တိုဘာလကုန် အပြီးနှင်ထုတ်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment