ခိုင်လင်း | နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ သဘောထား အဖြေ မပေးနိုင်သေးသည့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ခေါင်းဆောင် အချို့သည် တာဝန်မှ ပြောင်းရွှေ့ ရန်ရှိနေသည့် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးအား ယခုလ (၂၅) ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ၊ အထွေထွေ အတွင်းရေးမှူး ဦးပေါက်ယိုယိ ဦးဆောင်သည့် ဝကိုယ်စားလှယ် အဖွဲ့တဖွဲ့ ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့သို့ သွားရောက်ပြီး ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား တွေ့ဆုံ နှုတ်ဆက် ခဲ့သည်ဟု အမည် မဖော်လိုသည့် ဝတပ်မှူး တဦးက အတည်ပြု ပြောသည်။
၎င်းက “တိုင်းမှူးက လားရှိုးကနေ ပြောင်းရတော့မယ်။ အဲဒီအတွက် ကျနော်တို့ ခေါင်းဆောင်တွေ သွားနှုတ်ဆက်တာ။ ဆွေးနွေးတဲ့ ကိစ္စ မဟုတ်ဘူး။ အခုက တိုင်းမှူး ပြောင်းရမယ့် အတွက် သွားနှုတ်ဆက်တာ သက်သက်ပါ။ အခြား ကိစ္စတွေ မပါဘူး။ သူတို့ အားလုံး မနေ့က ပြန်ရောက် လာပါပြီ” ဟု ပြောသည်။

ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်သည် ၂ဝဝ၅ ခုနှစ် နှစ်လယ်ပိုင်းက တိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး သူ့နေရာတွင် ရောက်ရှိ လာသူ ဖြစ်ကာ မကြာမီ ကာလ အတွင်း ကာကွယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ရရန် ရှိနေသည်။
ဝတပ်ဖွဲ့ အနေဖြင့် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အတွက် ဆက်လက် ဆွေးနွေး ရန်ရှိနေပြီး ထိုသို့ ဆွေးနွေးရန် အတွက် ဝနယ်မြေ အနီး တပ်ချထားသည့် နအဖ တပ်များ ပြန်ရုပ်သိမ်း ပေးရန် တောင်းဆို ထားသည်ဟု ဝတပ်ဖွဲ့နှင့် နီးစပ်သူ ဒေသခံ တဦးက ပြောသည်။
၎င်းက “နယ်ခြားစောင့်တပ် ကိစ္စက နောက်ထပ် ဆွေးနွေး ဖို့တော့ ရှိတယ်။ သူတို့ ကတော့ ဝနယ်နားမှာ ရှိနေတဲ့ နအဖ တပ်တွေ အားလုံး ပြန်ဆုတ် ပေးမှသာ နယ်ခြားစောင့် ကိစ္စ ဆွေးနွေးပွဲလုပ်မယ်လို့တော့ ပြောထားတယ်။ အခုကလည်း တိုင်းမှူးကို သွား နှုတ်ဆက်တာ ဆိုပေမယ့် နယ်ခြား စောင့်တပ် ကိစ္စတွေလည်း ပြောကြ ဆိုကြမယ့် သဘောတော့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ ဗဟိုစစ်ဦးစီးမှူး ကျောက်ကော်အန်း တို့လည်း ပါသွားတယ်” ဟု ပြောသည်။
ဝမြောက်ပိုင်း ဒေသ အနီး ဟိုပန် မြို့နယ် အတွင်း တပ်မ (၉၉) လက်အောက်ခံ တပ်များနှင့် ရမခ လက်အောက်ခံ တပ်အချို့က သြဂုတ် လကုန်ပိုင်း ဖြစ်ပွားခဲ့သည့် ကိုးကန့် အရေးအခင်း မတိုင်မီကာလနှင့် အရေးအခင်း နောက်ပိုင်း ဝင်ရောက် တပ်စွဲနေခြင်း ဖြစ်သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment