ဝီရ | လာမည့် အောက်တိုဘာ (၂၃) ရက်၌ စတင်ကျင်းပမည့် (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် နိုင်ငံ့ ခေါင်းဆောင်များနှင့် အာဆီယံ ဒေသတွင်း လူထု အခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တို့ တွေ့ဆုံပွဲသို့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် မြန်မာ အတိုက်အခံ တဦးကို ရွေးချယ်လိုက်သည်။
ယမန်နေ့က ပြီးဆုံးသွားသည့် အာဆီယံ လူထု အခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် နိုင်ငံ့ ကိုယ်စားပြု လူထု ကိုယ်စားလှယ် အဖြစ် အာရှ ပစိဖိတ် ဒေသဆိုင်ရာ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခင်ဥမ္မာအား ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကြီးမှူးသည့် အာဆီယံ ဦးဆောင် ကော်မတီက ဒုတိယ အကြိမ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဒေါ်ခင်ဥမ္မာက “အခု ရွေးချယ်တာက ဒေသတွင်းမှာ သာမက နိုင်ငံတကာနဲ့ သတင်းဌာနတွေမှာလည်း အခြေခံ ပြည်သူလူထု ကိုယ်စား အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို တင်ပြနိုင်မယ့်သူကို ရွေးတာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းက လူတွေက စစ်အစိုးရကို ထောက်ပြ ပြောဆို ရမယ့် ဒီလို ဆွေးနွေးမှုတွေ အတွက် အခက်အခဲ အမျိုးမျိုး ရှိနေတာကြောင့် ကျမကို ပြန်ရွေးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာ နိုင်ငံလူထု ကိုယ်စားပြု တက်ရောက်မည့် တဦးတည်းသော ကိုယ်စားလှယ် ရွေးချယ်ရန် အတွက် ပြည်တွင်း ပြည်ပမှ လူထုအခြေပြု မြန်မာ အဖွဲ့အစည်း တို့က အာဆီယံ ဦးဆောင် ကော်မတီသို့ အမည် စာရင်း အသီးသီး တင်သွင်း ခဲ့ကြရာတွင် ဒေါ်ခင်ဥမ္မာ အရွေးခံရခြင်း ဖြစ်သည်။

(၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ တောင်ပိုင်း ဟိုဟင်မြို့တွင် ယခုလ (၂၃-၂၅) ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက် မည်ဟု မြန်မာ စစ်အစိုးရက ပြောကြား ထားသည်။
အစည်းအဝေးတွင် အာဆီယံ နိုင်ငံ့ ခေါင်းဆောင် တို့နှင့် လူထု အခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ် တို့၏ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးပွဲသို့ လူထု အခြေပြု ကိုယ်စားလှယ် အဖြစ် ဒေါ်ခင်ဥမ္မာ တက်ရောက် မည်ကို မြန်မာ စစ်အစိုးရက ကန့်ကွက်မှု ပြုလုပ် လာနိုင်ကြောင်း သိရသည်။
ညီလာခံ တက်ရောက်သူ လူ့အခွင့်အရေး ပညာပေး ဌာနမှ ဦးအောင်မျိုးမင်းက “ပြီးခဲ့တဲ့ ထိပ်သီး အစည်းအဝေးတုန်း ကလို အနီးကပ် ကျမှ ဝင်ခွင့် မရတာ၊ ကန့်ကွက် ခံရတာမျိုးလို စစ်အစိုးရဘက်က လုပ်ကောင်း လုပ်နိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ Statement မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ဖို့ တောင်းဆို ထားတာတွေ ပါနေတော့ စုံညီ ဆွေးနွေးပွဲမှာ ဒီလို တင်ပြခွင့် မရအောင် စစ်အစိုးရက တားမြစ်နိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ရွေးချယ်ခံ လူထု ကိုယ်စားလှယ် ဒေါ်ခင်ဥမ္မာအား မြန်မာ စစ်အစိုးရနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်တို့က ကန့်ကွက် ခဲ့ဖူးသည်။ အာဆီယံ ထိပ်သီး အစည်းအဝေး အကြို (၃) ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံအပြင် လာအို နိုင်ငံ ကပါ ကန့်ကွက်မှုတွင် ပါဝင် လာသည်ကို တွေ့ရကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
အာဆီယံ ဦးဆောင်ကော်မတီမှ လူထု အခြေပြု မြန်မာ ကိုယ်စားလှယ် ရွေးချယ်သည့် အဆင့်သည် အစည်းအဝေး စတင်မည့် အောက်တိုဘာ (၂၃) ရက်နေ့တွင် မိနစ် (၃၀) တွေ့ဆုံဆွေးနွေးပွဲအတွက်သာ အကျုံးဝင်သေးကြောင်း သိရသည်။
ထိပ်သီး အစည်းအဝေးသို့ မြန်မာ နိုင်ငံရေး၊ တိုင်းရင်းသား ရင်ကြား စေ့ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ပြဿနာ ရပ်များနှင့် အာဆီယံ ဒေသသို့ ခြိမ်းခြောက် လာနိုင်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုတို့အား တင်ပြ ဆွေးနွေးရန် စီစဉ်ထားကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။
ပြီးဆုံးသွားသည့် လူထု အခြေပြု အဖွဲ့အစည်းများ ညီလာခံသို့ ဘရူနိုင်းမှလွဲ၍ အခြားအာဆီယံ (၉) နိုင်ငံတို့မှ လူထုအခြေပြု အဖွဲ့အစည်းတို့က တက်ရောက် ခဲ့ကြပြီး မြန်မာ ကိုယ်စားပြု ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အပြင် စစ်အစိုးရ ကျောထောက် နောက်ခံပြု ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တို့လည်း တက်ရောက်ခဲ့ကြသည်။
လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး စသည့် အချက်တို့ကို ထိပ်သီး အစည်းအဝေးသို့ တင်ပြရာတွင် ထည့်သွင်းခြင်း မပြုရန် ပြည်တွင်း အဖွဲ့အချို့က အပြင်းအထန် ကန့်ကွက် ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အာဆီယံ အဖွဲ့၏ ယမန်နှစ်က အတည်ပြုခဲ့သည့် ပဋိညာဉ်တွင် အာဆီယံဒေသတွင်း ပြည်သူတို့၏ဘဝကို မြှင့်တင်ပေးရန်နှင့် အငြင်းပွားဖွယ် “လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ ကာကွယ် တိုးမြှင့်ရေး” အတွက် ကော်မရှင် တရပ်ဖွဲ့စည်းရန် ပါဝင်သော်လည်း အကောင်အထည် ဖော်ဆောင် နိုင်ခြင်း မရှိသေးချေ။
source by : ခေတ်ပြိုင်

0 comments:
Post a Comment