မင်းနိုင်သူ | ပြည်တွင်းရှိ အင်တာနက်ဆိုင်များတွင် ညစ်ညမ်း ၀က်ဘ်ဆိုဒ်များမှ Home Made ခေါ် သမီးရည်းစားအတွဲများ၊ အတူနေထိုင် နေကြပုံများကို ကြည့်ရှုသူ ပိုမိုများပြား လာနေကြောင်း အင်တာနက် သုံးစွဲသူများက ပြောသည်။
“သမီးရည်းစား အတွဲတွေ နေထိုင် ဆက်ဆံ နေကြပုံတွေကို ရိုက်ထားပြီး ၀က်ဘ်ဆိုဒ်မှာ တင်ထားတာ။ ခုနောက်ပိုင်း မြန်မာ အတွဲတွေ ပိုများလာတာ တွေ့ရတယ်။ အဲဒါတွေကို Home Made လို့ ခေါ်နေကြတာပဲ” ဟု ရန်ကုန်မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသတင်းဌာနများ၏ ၀က်ဘ်ဆိုဒ်များကို အများပြည်သူ မကြည့်နိုင်စေရန် အစိုးရက ပိတ်ထားသော်လည်း ယင်းညစ်ညမ်း ၀က်ဘ်ဆိုဒ်များကိုမူ ကြည့်ရှု၍ ရနေကြောင်း ပြည်တွင်း အင်တာနက် အသုံးပြုသူများထံမှ သိရသည်။

မန္တလေးမြို့ခံ စာနယ်ဇင်း ဆရာတဦးက “မြန်မာညစ်ညမ်း ၀က်ဘ်ဆိုဒ်တွေ တော်တော်ကို များလာပြီ။ သမီးရည်းစား အတွဲတွေ လည်း တော်တော် ရဲတင်းလာပြီ။ သမီးရည်းစားစုံတွဲနှစ်တွဲ အပြန်အလှန် ရိုက်ထား ကြတာတွေတောင် ရှိလာပြီ။ တချို့ဆိုင်တွေ မှာဆို download လုပ်ပြီး Desktop ပေါ် အဆင်သင့် တင်ပေး ထားတာ။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဒါမျိုးတော့ မလုပ်သင့်ပါဘူး” ဟု ဆိုသည်။
ယင်းကဲ့သို့ ညစ်ညမ်း ဗွီဒီယိုများကို Desktop ပေါ် တင်ထားခြင်းမျိုးကို မိမိတို့အနေဖြင့် လုပ်ကိုင်ခြင်း မရှိကြောင်း၊ အခြားသော ဆိုင်ရှင်များလည်း လုပ်လိမ့်မည် မထင်ကြောင်း ရန်ကုန် တာမွေမြို့နယ်ရှိ အင်တာနက် ဆိုင်ရှင်တဦးက ပြောသည်။
၎င်းက “တချို့ လူငယ်တွေက အဲဒီဆိုဒ်တွေကို ဖွင့်ကြည့်ပြီး download လုပ် desktop ပေါ်တင်သွားကြတာပါ။ လူများတဲ့အချိန်ဆို ကျနော်တို့လည်း အကုန်လိုက်ကြည့်ပြီး မဖျက်နိုင်ဘူး။ ဆိုင်က သေချာတင်ပေးထားတာ မဟုတ်ပါဘူး။ အလိုလိုမှ အင်တာနက် ဆိုင်တွေကို စရဖနဲ့ သတင်းတပ်ဖွဲ့က စောင့်ကြည့်နေတတ်တာ။ ဆိုင်တွေကိုယ်နှိုက်က အဲလိုလုပ်ကြမယ် မထင်ပါဘူး” ဟု ဆိုသည်။
နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာချိန်တွင် မြန်မာမိန်းကလေးများအနေဖြင့် မိမိ၏ အရှက်သိက္ခာ၊ မိဘ ဆွေမျိုးဂုဏ် သိက္ခာကို ပိုမို စောင့်ထိန်းရန် လိုအပ်ကြောင်း အဖျက်သိမ်းခံ ထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီး တဦးက ပြောသည်။
“ကိုယ့်ရည်းစားဆိုပြီး မယုံကြည် လိုက်ဖို့လိုတယ်။ ခုခေတ်မှာ ဖုန်းတွေမှာကို ကင်မရာ တွေပါလာတယ်။ နောက် လုံခြုံရေးပိုင်းမှာ သုံးတဲ့ hidden camera တွေရှိတယ်။ ကိုယ်နဲ့ ဆက်ဆံနေတုန်းမှာ ဗွီဒီယိုရိုက်လို့ ရိုက်နေမှန်း မသိလိုက်ရဘူး။ ၀က်ဘ်ဆိုဒ်ပေါ်မှာ ပျံ့သွားတော့မှာ ကိုယ်ကျိုးနည်း ကုန်ကြရော” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ Home Made ခေါ် ကိုယ့်ရည်းစားနှင့် နေထိုင်ပုံကို အချို့က အပျော်သဘောမျိုး ရိုက်ကူးရာမှ အကြောင်းကြောင်း ကြောင့် ၀က်ဘ်ဆိုဒ်ပေါ် ရောက်ရှိသွားခြင်းဖြစ်ပြီး အချို့က လူမှုရေးပိုင်းဆိုင်ရာ ရန်ငြိုးထား တုံ့ပြန်လို၍ အရှက်ကွဲရန် ဖန်တီးခြင်းမျိုးလည်း ရှိကြောင်း အဆိုပါတပ်ကြပ်ကြီးက ပြောသည်။
“ရန်ကုန်က စီးပွားရေးသမား တယောက်ရဲ့ သမီးလေး။ နိုင်ငံခြားသွား ကျောင်းတက်နေတာ။ ဘယ်နိုင်ငံရယ် လို့တော့ ပြန်မပြောတော့ ပါဘူး။ အဖေနဲ့ စီးပွားပြိုင်ဖက် တယောက်က လူငယ်တယောက်ကို ငွေပေးပြီး သူ့သမီးကို ဖျက်ဆီး ခိုင်းတာ။ နောက်ပြီး အဲဒီလို အတူနေနေ တဲ့ပုံကို အင်တာနက်ကနေပဲ ဖြန့်ချလိုက်တာ။ ကျနော်တို့ တပ်တွင်းမှာ ရှိတုန်းက အဲလိုမျိုးတွေ ကြုံတွေ့ ဖြေရှင်းပေးခဲ့ ရဖူးတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းကဲ့သို့ ညစ်ညမ်း ဗွီဒီယိုနှင့် ဓာတ်ပုံများကို ထောက်လှမ်းရေး များကလည်း စုဆောင်း ထားရလေ့ရှိပြီး ပြန်လည် အသုံးချ ရမှုများလည်း ရှိကြောင်း သိရသည်။
“အထူးသဖြင့်တော့ နာမည်ကြီးတွေနဲ့ ပတ်သက်တာတွေ စုရတယ်။ စီးပွားရေး သမားတွေ၊ အနုပညာရှင်တွေ အဲလိုမျိုးပေါ့။ အသုံးချရတယ် ဆိုတာက တခါတလေမှာ အထက်က လူကြီးတွေက ပွဲလုပ်ချင်တာပဲသိတယ်။ ငွေက ချမပေးဘူး။ ဥပမာ ဂေါက်ရိုက် ပြိုင်ပွဲ ဧည့်ခံပွဲ အတွက် အဆိုတော် ရုပ်ရှင်မင်းသား၊ မင်းသမီး ငှားခိုင်းတယ်။ ဘတ်ဂျက်တော့ ထုတ်မပေးဘူး။ အဲလိုအခါမျိုးမှာ ကိုယ်က သူတို့နဲ့ ပတ်သက်တဲ့ပုံတွေပြပြီး ဒီလိုပုံတွေ အပြင်မှာ မပြန့်ရအောင် ငါတို့ သိမ်းပေးထားတယ်။ ဘာညာနဲ့ပြောလိုက်ရင် သူတို့က ငွေစကား မပြောတော့ဘဲ ပွဲအတွက် လိုက်ရတော့တာပေါ့။ မလုပ်ချင်ပေမယ့်လည်း လူကြီးတွေကျေနပ်အောင်၊ ပွဲဖြစ်အောင် လုပ်ခဲ့ရတာ တွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ အနုပညာရှင် အချို့၏ ညစ်ညမ်းပုံများသာမက သာမာန် အရပ်သူအရပ်သား သမီးရည်းစား အတွဲများ အတူ နေထိုင်နေကြပုံများ အင်တာနက်ပေါ် ပိုမိုရောက်ရှိ လာကာ ၎င်းတို့ကို ဗွီစီဒီ အခွေ အဖြစ် ကူးယူဖြန့်ချိ ရောင်းချမှုများ ပြည်တွင်း၌ တွင်ကျယ်လာနေကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment