NEJ | နအဖစစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံတဝန်းလုံး၌ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေးများ လုပ်ဆောင်နေကြောင်း ဒေသအသီးသီးမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွင် ဆိုင်ကယ်စီးပြီး ရုံးတက်ခွင့်ရနေသည့် ရဲသတင်းတပ်ဖွဲ့ အရာရှိတဦးက “ခု အမိန့်တမျိုး ထပ်ထွက်လာပြန်ပြီ။ ရန်ကုန်မြို့တွင်းမှာ စစ်ရောင်နဲ့ သုံးဘီးကားရောင် ဆိုင်ကယ်တွေပဲ စီးခွင့်ပြုတော့မယ်ဆိုတာမျိုး၊ ဒီအတွက် သက်ဆိုင်ရာက သူတို့ပဲ ရောင်းပေး မလား၊ ကိုယ့်ဆိုင်ကယ်ကိုပဲ ဆေးမှုတ်ပြီး စီးရမလား၊ ဒါမှမဟုတ် စီးခွင့်မှ ရှိပါ့တော့မလား မသိဘူး” ဟု ပြောသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် သာမန်ပြည်သူများကို ဆိုင်ကယ်စီးခွင့် လုံးဝ ပိတ်ပင် ထားပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်းထမ်းအချို့ကိုသာ အကန့်အသတ်ဖြင့် စီးနင်းခွင့်ပြုထားပြီး ယခုနောက်ပိုင်း အဆိုပါစီးနင်းခွင့်ရှိသူများကိုလည်း အမျိုးမျိုးကန့်သတ်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်း အတွင်းရှိ အချို့မြို့နယ်တို့တွင် ဆိုင်ကယ် စီးနင်းခွင့် မရှိသော်လည်း မြို့လယ် စည်ပင် သာယာ နယ်နိမိတ်နှင့် ဝေးကွာသည့် အတွက် ပြည်သူအများအပြား နယ်ကျော်ဆိုင်ကယ် စီးနင်းကြကာ အချို့က လိုင်စင်မဲ့ ဆိုင်ကယ်များစီးကြပြီး အဆိုပါမြို့နယ်တို့တွင် ဌာနပေါင်းစုံပါ စစ်ဆေးရေးအဖွဲ့များက လမ်းဆုံ လမ်းခွ တို့တွင် စစ်ဆေး ဖမ်းဆီး နေကြကြောင်း သိရသည်။
သန်လျင်၊ ဒလဘက်တွင် ယခုလကုန်ပိုင်းမှစပြီး ဆိုင်ကယ်တက္ကစီများကို ပြေးဆွဲခွင့် ပိတ်ပင်တော့မည့် အကြောင်း ကြေညာချက် ထုတ်ပြန်ထားကာ ဆိုင်ကယ် တက္ကစီအစား ရေနံချောင်း စက်မှုဇုန်ထုတ် သုံးဘီး ဆိုင်ကယ် တို့ကိုသာ အငှားယာဉ်များ အဖြစ် ပြေးဆွဲခွင့် ပြုမည်ဖြစ်သည့် အတွက် ဆိုင်ကယ်တက္ကစီ ပြေးဆွဲနေသူ ပြည်သူ အများအပြား မကျေမနပ် ဖြစ်နေကြောင်း စုံစမ်းသိရသည်။
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင်မူ ပြီးခဲ့သည့်ဇူလိုင်လက ရက်ပိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ် (၇၉) စီးကို ဖမ်းဆီးသိမ်းဆည်းပြီး စီးနင်းသူများကိုပါ အရေးယူထားကြောင်း မြို့ခံတဦးက ပြောသည်။
နအဖစစ်အစိုးရက ၂ဝဝ၈ ဇူလိုင်မှ နိုဝင်ဘာ အထိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသလိုင်စင် ထုတ်ပေး ခဲ့သော်လည်း နောက်ပိုင်း လိုင်စင်လုပ်ပေးမှု ရပ်ဆိုင်းလိုက်သည့်အပြင် ပြည်ပမှ တင်သွင်းခွင့်ကိုလည်း လုံးဝ ခွင့်ပြုထားခြင်း မရှိသည့်အတွက် တနိုင်ငံလုံး၌ လိုင်စင်မဲ့ ဆိုင်ကယ်များ သိန်းနှင့်ချီ အရေအတွက် ထပ်မံတိုးပွားလာကြောင်း သိရသည်။
အလားတူ နေပြည်တော် ဧရိယာ၌လည်း တရားဝင်လိုင်စင်ဖြင့် ပြေးဆွဲနေသည့် ဆိုင်ကယ် တက္ကစီများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ပါက အခြားယာဉ်များနှင့်မတူဘဲ ဒဏ်ငွေ နှစ်ဆရိုက်မည့် အပြင် နောင်ထပ်မံ ကျူးလွန်ပါက ဆိုင်ကယ် တက္ကစီ ပြေးဆွဲခွင့်ကိုပါ ရုပ်သိမ်းမည့်အကြောင်း ကြေညာထားသည်။
နအဖ စစ်အစိုးရက ကားတင်သွင်းခွင့် ပိတ်ပင်ထား၍ ကားဈေး မတန်တဆ ကြီးမြင့် နေသည့် အတွက် ပြည်သူများ ဝယ်ယူ စီးနင်းနိုင်ခြင်း မရှိဘဲ တတ်နိုင်သည့် ဆိုင်ကယ် ဝယ်ယူစီးနင်း အသုံးပြုနေခြင်းကို ယခုကဲ့သို့ ဒဏ်ရိုက် ဖမ်းဆီးမှုများ လုပ်ဆောင် နေခြင်း ဖြစ်သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment