NEJ | စာရေးဆရာကြီး နန်းညွန့်ဆွေသည် သုခမိန် ကလောင် အမည်ဖြင့် မြန်မာသစ် မဂ္ဂဇင်း အတွက် ရေးသားခဲ့သည့် သူ၏ ဆောင်းပါးကို စာပေစိစစ်ရေးက ပိတ်ပင်လိုက် သဖြင့် မကျေမနပ်ဖြစ်ပြီး စာပေ စိစစ်ရေး ရုံးသို့ ကိုယ်တိုင် သွားရောက် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဆရာကြီး နန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါး တပုဒ်ကို မြန်မာသစ် မဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ စာပေ စိစစ်ရေးက ပိတ်ပင်ခဲ့သဖြင့် အကျိုးအကြောင်း သွားရောက် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆောင်းပါးတွင် ဆရာကြီးက သူ့၏ဇနီးသည် စာရေးဆရာမကြီး ဒေါ်ကြည်ဦး မကျန်းမမာဖြစ်ပြီး ဆေးရုံတင် ကာစမှ နောက်ဆုံး ကွယ်လွန်ချိန် အထိ လွမ်းမောစရာ အမှတ်တရ အဖြစ်အပျက်များကို ရေးသား ထားခြင်း ဖြစ်သည်။ ဆောင်းပါးတွင် စာရေး ဆရာမကြီး ဒေါ်ကြည်ဦးက အိမ်ထောင်ထိန်းသိမ်းခဲ့ပုံ၊ သား(၃) ယောက်ကို ပြုစုပျိုးထောင်ခဲ့ပုံ၊ စီးပွားရေးလုပ်ခဲ့ပုံ၊ တရားရှုမှတ်ပုံစသဖြင့် ရေးသားထားကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမပါဘဲ၊ အကျဉ်းချ ခံနေရသည့် သားတဦးဖြစ်သူ ကိုသူရခေါ် လူရွှင်တော် ဇာဂနာအကြောင်း မရေးပါဘဲ ဘာကြောင့် ဆောင်းပါးကို ပိတ်ပင်ခဲ့သည်ကို ဆရာကြီးက နားမလည်နိုင် ဖြစ်ရသည်ဟု ဆိုသည်။
ထို့ကြောင့် မြန်မာသစ် မဂ္ဂဇင်းမှ အယ်ဒီတာ တယောက်နှင့် အတူ စာပေ စိစစ်ရေး ရုံးသို့ ကိုယ်တိုင်သွားရောက် ခဲ့ခြင်း ဖြစ်သည်။
စာပေစိစစ်ရေးရုံးမှ စာစစ်မှူးတဦးက “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အသက်ခပ်ကြီးကြီး အဖိုးအိုတယောက် ရောက်လာပြီး ညွှန်မှူးဗိုလ်မှူးတင့်ဆွေ အခန်းကို မေးတယ်။ ဒါနဲ့ကျမက ညွှန်ပြလိုက်တယ်။ နောက်ဗိုလ်မှူး အခန်းဘက်က ဆူဆူညံညံ အသံကြားတာနဲ့ သွားကြည့်တော့ စောစောက အဖိုးအိုက အသံတုန်တုန်ရီရီနဲ့ ဗိုလ်မှူး တင့်ဆွေကို ဝေဖန်နေတာ ကြားရတယ်။ ဗိုလ်မှူးကတော့ ဘာမှပြန်မပြောဘူး။ နောက်မှ အဲဒီ အဖိုးအိုက နာမည်ကျော်စာရေး ဆရာကြီး နန်းညွန့်ဆွေ ဖြစ်နေတာ သိရတယ်” ဟု ပြောသည်။
ဗိုလ်မှူး တင့်ဆွေနှင့် တွေ့ဆုံရာတွင် ၎င်း၏ဆောင်းပါးကို ဘာကြောင့် ပိတ်ပင်ရသည်ကို ပြန်လည် ဖြေကြား နိုင်ခြင်း မရှိသည့် အတွက် စိတ်ဆိုးဒေါသထွက်ပြီး စာပေစိစစ်ရေးက ယခုကဲ့သို့ လုပ်နေမှုကို ဝေဖန် ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာကြီး နန်းညွန့်ဆွေသည် သူ့၏ ကလောင် အမည်နှင့် ရေးသားသမျှကို စာပေ စိစစ်ရေးက ပိတ်ပင် နေသဖြင့် အခြားကလောင် အမည်များဖြင့် စာပေရေးသားပြီး မဂ္ဂဇင်းတိုက်များသို့ ပို့ပေးနေခဲ့ရာတွင် သုခမိန် ဆိုသည့် ကလောင် အမည်လည်း အပါအ၀င် ဖြစ်ပြီး ဆရာကြီးမှန်း စာပေစိစစ်ရေးက မသိသဖြင့် ပုံမှန် ဖော်ပြခွင့် ရရှိခဲ့သည်ဟု ပြည်တွင်း မဂ္ဂဇင်းတခုမှ စာရေး ဆရာတဦးက ပြောသည်။
သရုပ်ဆောင် ဇာဂနာ၏ ဖခင်ဖြစ်သည့် ဆရာကြီး နန်းညွန့်ဆွေသည် အသက် (၈၆) နှစ်ရှိပြီး ၎င်း၏ ဇနီးသည် ကိုဇဂနာ ၏မိခင် နာမကျန်း ဖြစ်နေစဉ်ကလည်း ကိုဇာဂနာကို လာရောက်ကြည့်ရှုခွင့်ပေးရန် နေပြည်တော် အပါအ၀င် သက်ဆိုင်ရာများထံ စာရေးတင်ပြ အသနားခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဘဲ ဆရာမကြီး ဒေါ်ကြည်ဦး ဆုံးပါးခဲ့ရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment