ခိုင်လင်း | ယခုလ အစောပိုင်းမှ စ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပါအဝင် ကျောက်စိမ်းတွင်း ဒေသရှိ ဒေသခံလူထုအကြား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အာဏာသက်ရောက်မှု မရှိစေရန် ဖားကန့် စစ်ဗျူဟာမှူးက လုပ်ဆောင် နေသဖြင့် နှစ်ဖက် အကြား ဆက်ဆံရေး တင်းမာနေသည်။
ကေအိုင်အို အဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြုတပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ် နေသည့် အမှုအခင်း ကိစ္စရပ်များအား ဝင်ရောက် ဖြေရှင်းမှုများ ရှိနေသည့် အပေါ် ဖားကန့် စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ် ပိတ်ပင် လိုက်ခြင်း ဖြစ်ပြီး ကေအိုင်အို အဖွဲ့က နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ် နိုင်သည်ဟု အများက ယူဆနေသည်။
ဒေသခံ လူထု အတွင်း ဖြစ်ပေါ်သည့် ငွေကြေး အရှုပ်အရှင်း ကိစ္စရပ်များ၊ ကျောက်စိမ်း အတုလုပ်ခြင်း၊ ခိုးဆိုး လုယက်မှုနှင့် လိမ်လည် မှုများနှင့် ပတ်သက်သည့် တိုင်ကြားချက်များကို ဒေသအတွင်းအခြေစိုက်သည့် ကေအိုင်အေတပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်း ပေးလေ့ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ တိုင်ကြားရန် ဖားကန့်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ် ထုတ်ထားသည်ဟု ဖားကန့် မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “ဗျူဟာမှူးက ပြောထားတာက ကချင်အဖွဲ့က ဝင်ရှုပ်တာကို မလိုချင်ဘူးပေါ့။ ပြည်သူလူထုတွေက သူတို့ကို ယုံကြည် အားကိုး လာအောင် လုပ်ဖို့ လိုတယ်ပေါ့။ တခုခုဖြစ်လာရင် သက်ဆိုင်ရာကို လာတိုင်ကြားနိုင်အောင် ပညာပေး စည်းရုံးဖို့လိုတယ်ပေါ့။ ကချင်အဖွဲ့ ဝင်ရှုပ်နေတာတွေ့ရင်လည်း လာတိုင်ကြားဖို့ အဲလို ပြောထားတယ်” ဟု ပြောသည်။
လုံးခင်းနှင့် ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာအတော်များများတွင် ကေအိုင်အိုအဖွဲ့က ဆယ်စုနှစ် အတော်ကြာ စီမံခန့်ခွဲ အုပ်ချုပ် နေခဲ့ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရ အကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာလမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်းမှော်များရှိ ကျောက်တွင်း များတွင် အခွန် ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ် ဆုံးရှုံးခဲ့ရသည်။
ပြီးခဲ့တဲ့သည့်လ ပထမပတ်အတွင်း ဖားကန့် ဒေသ ရေကြီးမှု ဖြစ်စဉ်တွင် ရေကန် ဖောက်ချခဲ့သည့် တစ်သုံးလုံး ကုမ္ပဏီအား အပြစ်ရှိသည့် အတွက် လမ်းများပျက်စီးမှုအပေါ် ရှင်းလင်းပေးရန် ကေအိုင်အိုအဖွဲ့က ပြောဆိုမှု အပေါ် ဖားကန့် စစ်ဗျူဟာမှူးက ကန့်ကွက်ပြီး နောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်ဟု ဖားကန့် ကလာသည့် သတင်းများ အရ သိရသည်။
“အခုက မှော်ထဲမှာ တရုတ်နဲ့ ဗမာပဲ အများဆုံးတွေ့ရတယ်။ ကချင်အဖွဲ့တွေလည်း မတွေ့ရတော့ဘူး။ ကချင်တွေတောင် သိပ်မရှိ တော့ဘူး။ အရင်ကဆို ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ ဖားကန့်နဲ့ ဆိုင်းတောင်တွေမှာ ရောက်လာတာ တွေ့ရသေးတယ်” ဟု ဖားကန့် ဒေသခံ တဦးက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment