ယာယီမြန်မာနိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး

Wednesday, August 26, 2009 ·

NEJ | ထိုင်းနိုင်ငံနှင့် နီးစပ်သည့် မြန်မာ နယ်စပ်မြို့များတွင် ထုတ်ပေးနေသည့် ယာယီ မြန်မာ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် ကုန်ကျစရိတ် များပြားသောကြောင့် သွားရောက်သူ နည်းပါးကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား များက ပြောသည်။

မြ၀တီတွင် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်သူ မြန်မာရွှေ့ပြောင်း အလုပ်သမ တဦးက “ကျမတို့ ထိုင်းမှာ အလုပ်သမား လက်မှတ် လုပ်တာက ဘတ် (၃,၈၀၀) ကုန်တယ်။ ဘန်ကောက်ကနေ မဲဆောက်ကို သူဌေးနဲ့ လာရတယ်။ ကိုယ့်စရိတ် ကိုယ်ခံပဲ။ မဲဆောက် ဆက်ဆံရေးရုံးမှာ စာရင်းသွင်းပြီး မြ၀တီဘက် ကူးရတယ်။ နိုင်ငံသား ဟုတ်မဟုတ် အစစ်ခံပြီးရင် ရုံးမှာ ကျပ် (၃,၀၀၀) ပေးရတယ်။ ပြီးမှ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးတယ်။ အဲဒီ လက်မှတ်ကို မဲဆောက် ထိုင်းလ၀ကရုံးကိုသွားပြရတယ်။ ထိုင်းက (၂) နှစ် ဗီဇာ ပေးတယ်၊ ဘတ် (၂) ထောင်ပေးရတယ်၊ တချို့ဆိုရင် (၃) ရက်လောက်စောင့်ရတယ်။ ဒီကိစ္စလာတာ အနည်းဆုံး ဘတ် (၁) သောင်းပဲ။ တော်ရုံလူ မလာနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာ အလုပ်သမားများ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် မြ၀တီ ဘက်သို့ သွားရာတွင် ထိုင်းအလုပ်သမား ရုံး၏ ထောက်ခံစာ မြန်မာ မှတ်ပုံတင်နှင့် ထိုင်းအလုပ်ရှင်ပါ အတူ လိုက်ပါရမည် ဖြစ်သည်။

ဘန်ကောက်တွင် ပလာတာ ရောင်းသည့် ကိုမာမက်က “လက်မှတ် လာလုပ်တာ သုံးရက်ရှိပြီ၊ မရသေးဘူး။ ကျနော့် နောက်က လာတဲ့သူ ရသွားပြီ။ တချို့မှတ်ပုံတင်မရှိလည်း သူတို့စစ်တာကို ဖြေနိုင်ရင်ထုတ်ပေးတယ်။ မြန်မာမှတ်ပုံတင်ရှိရက်နဲ့ ကုလားဖြစ်တော့ သူတို့ ပိုရစ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာ အလုပ်သမားတဦး၏ ၀င်ငွေသည် ဘတ် (၁၀၀) ၀န်းကျင်သာ ရှိသောကြောင့် တရားဝင် အလုပ်သမား ဖြစ်ရန် အတွက် ကုန်ကျစရိတ်မှာ ထိုင်းအလုပ်သမားမှတ်တင်ခ (၃,၈၀၀) ဘတ်၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ခ ကျပ် (၃,၀၀၀) နှင့် ထိုင်းဗီဇာကြေး (၂,၀၀၀) ဘတ်အပြင် ထိုင်းနိုင်ငံအတွင်း ရပ်ဝေးဒေသမှ လာရောက်ရသည့်အတွက် စုစုပေါင်း ကုန်ကျ စရိတ်မှာ အနည်းဆုံး ဘတ် (၁၀,၀၀၀) ခန့်ရှိပြီး ၎င်းကုန်ကျစရိတ်ကို အလုပ်ရှင်ကမပေးဘဲ မိမိဘာသာ ကျခံရသည့်အတွက် စိတ်ဝင်စားသူ အလုပ်ရှင်နှင့် အလုပ်သမား နည်းပါးခြင်း ဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်သွားလုပ်လိုပါက တဦးလျှင်ဘတ် (၉,၀၀၀) နှုန်းဖြင့် ပွဲစားများက ပြုလုပ်ပေးပြီး လူ (၁၀) ဦးပြည့်မှသာ ပို့ပေးသည်ဟု ပွဲစားနှင့်လာသူတဦးက ပြောသည်။

မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်ပြုလုပ်ရန်အတွက် မဲဆောက်ရှိ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အသင်း၊ ဆက်ဆံရေးရုံးမှတဆင့် စာရင်းပေးသွင်းပြီး မြ၀တီမြို့သို့သွားရန် ၎င်းရုံးမှ စီစဉ်ဆောင်ရွက်ပေးသည်။

ယာယီ မြန်မာ နိုင်ငံကူး လက်မှတ် ပြုလုပ်ခြင်းဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် မည်သည့်ဒေသမဆို သွားလာခွင့်ရမည်၊ တရားဝင် ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်။ ထိုင်းအလုပ်သမားဥပဒေပါ ခံစားခွင့်များ အပြည့်အ၀ရရှိမည်ဟု မြန်မာဘက်မှ ထုတ်ဝေသည့် လက်ကမ်း စာစောင်တွင် ပါရှိသည်။

ယာယီ နိုင်ငံကူး လက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး မြန်မာဘက်မှ ကနဦးထုတ်ပြန်သည့် သတင်းများအရ ယခုပထမအပတ်ထိ လက်မှတ်လာရောက်ထုတ်ယူသူ (၁၂၃) ဦးသာရှိပြီး ကော့သောင်းတွင် (၁၁၃) ဦးနှင့် မြ၀တီတွင် (၁၀) ဦးတို့ဖြစ်သည်ဟု သိရသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာနိုင်ငံသား (၂) သန်းခွဲခန့်ရှိပြီး တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၅) သိန်းခန့်ရှိသည်ဟု မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့များက ပြောသည်။

မြ၀တီတွင် လက်မှတ် ထုတ်ယူသူ အများစုမှာ ဘန်ကောက်နှင့် အခြား ခရိုင်များမှ ဖြစ်ပြီး မြန်မာ အလုပ်သမား (၁) သိန်းခွဲခန့်ရှိသည့် မဲဆောက် ဒေသတွင်းမှ လက်မှတ် သွားရောက် ထုတ်ယူသူ မရှိကြောင်း မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသူ တဦးက ပြောသည်။

မြန်မာဘက်မှ လက်မှတ် ထုတ်ပေးရေး စခန်းများကို တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ဗိုလ်ချုပ်လမ်း ဖုန်း (၀၀၃,၃၃၃,၀၅၃)၊ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးစခန်း ဖုန်း (၀၉၅,၀၉၀,၀၉၄)၊ ကော့သောင်းမြို့ တော်ဝင်လမ်း အေးရိပ်ငြိမ်ရပ်ကွက် ဖုန်း (၀၅,၉၅၀,၉၅၈) စသည့်နယ်စပ်မြို့တို့တွင် ဖွင့်လှစ်ထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */