အောင်ကျော်မိုး | ရန်ကုန်မြို့တွင် အမှိုက်သိမ်းယာဉ်ပေါ်လိုက်ပါပြီး အမှိုက်ရွေးသူများ ကားပေါ်မှ ပြုတ်ကျသေဆုံးမှု မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
အမှိုက်သိမ်း ကားများ အမှိုက်စုပုံရာနေရာမှ အမှိုက် စွန့်ပစ်ရာ နေရာသို့ သွားရာ လမ်းတလျှောက် ကားမောင်းနှင် နေစဉ်တွင် ကားပေါ်၌ အမှိုက်ရွေးသည့် လူများ လိုက်ပါလေ့ရှိပြီး ထိုသူများ ကားပေါ်မှ မတော်တဆ ပြုတ်ကျ သေဆုံးခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာနမှ ဝန်ထမ်း တဦးက ပြောသည်။
၎င်းက “ကားပေါ်မှာ အမှိုက် ရွေးတဲ့လူတွေက အမှိုက်သိမ်း ကားမောင်းတဲ့ ဒရိုင်ဘာကို ငွေပေးပြီး ကားပေါ်လိုက်ရတယ်။ ကားမောင်း နေတုန်း ကားပေါ်လိုက်တဲ့သူက အမှိုက်ထဲကနေ ပြန်ရောင်းစားလို့ရတဲ့ ပလတ်စတစ်၊ ရေသန့်ဘူး၊ ပုလင်းခွံ၊ စက္ကူအဟောင်း၊ သံဘူး စတာတွေကို ရွေးချယ်ကြတယ်။ ဒီလို ကားမောင်းနေတုန်း အမှိုက်ရွေးရင်း ကားပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး လူသေတဲ့ အဖြစ်အပျက်တွေ ခုတလော များလာတယ်” ဟု ပြောသည်။

အမှိုက်များစတင်စွန့်ပစ်ရာ ရန်ကုန်မြို့တွင်းရှိ အမှိုက်ပုံများတွင် ပြန်လည်ရောင်းချ၍ ရမည့်ပစ္စည်းများကို အမှိုက်သိမ်းသမားများက အရင်မွှေနှောက်ရှာဖွေကြောင်း၊ ထို့နောက် မြို့နယ်အသီးသီးက အမှိုက်ပုံစုရာနေရာများတွင် ထပ်မံရွှေးချယ်ကြကြောင်း ကျောက်တံတား မြို့နယ်မှ အမှိုက်သိမ်းသမားတဦးက ပြောသည်။
၎င်းက “အဲဒီနှစ်နေရာမှာ အမှိုက်ရွေးခွင့်မရသူတွေက အမှိုက်ကားမောင်းသူကို ငွေပေးပြီး ကားနောက်ခန်းအမှိုက်ပုံပေါ်က လိုက်ပြီး ကားမောင်းနေချိန် အမှိုက်ကို လှန်လှောရွေးကြတယ်။ အဲလိုရွေးရင်း အမှိုက်ထဲအာရုံရောက်ပြီး မကြာခဏ ကားပေါ်ကလိမ့်ကျ၊ ခေါင်းနဲ့ လမ်းဆောင့် မိပြီး သေဆုံးကြတာ။ ဒီလိုလိမ့်ကျရတာကလည်း လမ်းမကောင်းတာ အမှိုက်ကားမကောင်းတာလည်း ပါတာပေါ့လေ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၃) ရက်၌ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒုဌဝတီ ကမ်းနားလမ်းတွင် ယာဉ်မောင်း မင်းအေး မောင်းသည့် ဖူဆို အမျိုးအစား အမှိုက်သိမ်းယာဉ်ပေါ်၌ အမှိုက်ရွေးရင်း လိုက်လာသည့် မမြင့်မြင့်ဝင်း (၂၅) နှစ် ယာဉ်ပေါ်မှ ပြုတ်ကျကာ နောက်ဘီးဖြင့် ပြန်ကြိတ်မိပြီး သေဆုံးခဲ့သကဲ့သို့ သြဂုတ် (၁၉) ရက်ကလည်း လှိုင်မြို့နယ် မန္တလေးလမ်းပေါ်တွင် ယာဉ်မောင်းမျိုးမြင့် မောင်းနှင်သည့် အမှိုက်သိမ်းကားပေါ်၌ အမှိုက်ရွေးရင်း လိုက်လာသည့် နေ့စား စည်ပင်အမှိုက်သိမ်း သမားတဦးသည် အမက (၃၃) အနီးအရောက် ပြုတ်ကျသေဆုံးခဲ့သည်။
ရန်ကုန်မြို့နယ်များရှိ အမှိုက်ပစ်ကွင်းများတွင် အမှိုက်ရွေးသူများကို မတွေ့ရကြောင်း၊ အကြောင်းမှာ အမှိုက်ပစ်ကွင်း မရောက်ခင် လမ်းတွင် (၃) ဆင့်ခန့် အမှိုက်ထဲမှ ပြန်ရောင်းစားရမည့်ပစ္စည်းများကို ရွေးချယ်ထားပြီးသည့်အတွက်ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းများက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment