မဇ္ဈိမ | ချင်းမိုင်။ ။ သစ်မှောင်ခို လုပ်ကိုင်နေသည်ဆိုကာ တိုင်ကြားခံရသူ ပဲခူးမြို့ရှိ ဇေတဝန်ကျောင်း ဆရာတော်က သူ့အနေဖြင့် ထိုသို့ မဟုတ်ကြောင်း ငြင်းဆိုသည်။
“အဲဒါသူတို့ တိုင်လို့ လာစစ်တာ ဒကာကြီး။ တိုင်တဲ့အခါကျတော့ လာရှာတာ။ ဘာမှမတွေ့လို့ သူတို့ ပြန်သွားတာ။ မကြာခင်က နေပြည်တော်ကနေ ဆင်းပြီး လာရှာသေးတယ်။ သတင်းကြားလို့ သတင်းပို့လို့ဆိုပြီး လာတာ။ အဖွဲ့ နည်းတာမဟုတ်ဘူး ဒကာကြီး။ တိုင်လို့ဆိုပြီးတော့ လာစစ်တာ။ လာစစ်တော့ ဘာမှမတွေ့ဘူး။ ဒီအစိုးရ လက်ထက်မှာ ဘယ်သူမှ မဟုတ်တာ မလုပ်ဘူး။ ဒီလောက် ကြီးကြီးကျယ်ကျယ် သာသနာ ပြုနေတဲ့ပုဂ္ဂိုလ် သူတို့က သာမန်လို့ထင်ရင် သိပ်ပြောလို့ မကောင်းဘူး” ဟု ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကက မဇ္ဈိမကို ပြောသည်။
ပဲခူး-ရန်ကုန် ကားလမ်းမကြီးဘေး ဥဿာမြို့သစ်ရပ်ကွက်ကြီး အမှတ် ၆ တွင် တည်ရှိသည့် ဇေတဝန်ကျောင်း ဆရာတော် ဘဒ္ဒန္တအိန္ဒာ စက္ကက သစ်မှောင်ခို လုပ်ကိုင်နေသူအဖြစ် ပဲခူးမြို့ခံအချို့က သစ်တော၊ ရဲစခန်းတို့သို တယ်လီုဖုန်းမှ တဆင့်သော် လည်းကောင်း၊ စာရေးသား၍လည်းကောင်း တိုင်ကြားသဖြင့် ယခုလ ၂၅ ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် သစ်တောဌာနမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

သစ်တော ဦးစီးကလည်း ဘုန်းကြီးကျောင်း အတွင်း မှောင်ခိုသစ်များ လက်ခံ ထားသည်ကို သံသယရှိ နေခဲ့သော်လည်း သက်သေခံ ပစ္စည်း ရှာမတွေ့ခဲ့ဟု ပြောသည်။
“ဒီကျောင်းက ပြဿနာ ကတော့ ခဏခဏ ဖြစ်တယ်။ ကျနော်တို့လည်း ဒီသတင်းကို ကြားပါတယ်။ အဲဒီနေ့မနက် ၃ နာရီလောက် ဒီက တောအုပ်ကြီးနဲ့ သွားရှာကြပါတယ်။ ၃ နာရီခွဲလောက် ရောက်သွားတာပေါ့။ အဲဒီအချိန်မှာ မရှိတော့ဘူး။ (သစ်တွေ) ရောက်တာတော့ သေချာတယ်။ နောက်ဖေးတွေဘာတွေရော အကုန်လုံး လိုက်ကြည့်တယ်။ ကျနော်တို့က သံသယဖြစ်တာ အရင်တခါလည်း အဲဒီကျောင်းက ဖြစ်ဖူးတယ်လေ။ တိုင်တဲ့လူက သစ်တွေကို တင်နေတယ်ဆိုပြီး အချိန်မီ တားပေးပါဆိုလို့ ဒီကနေ အားချင်း သွားလုပ်ပေးတာပါ” ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက တယ်လီဖုန်းမှတဆင့် မဇ္ဈိမ သို့ ပြောသည်။
ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကသည် အာဏာပိုင်များနှင့် နီးစပ်သည်ဟု လူသိများသည်။
source by : မဇ္ဈိမ

0 comments:
Post a Comment