မဇ္ဈိမ |
တက္ကသိုလ်ရိပ်သာလမ်းကို ပြန်လည် ပိတ်လိုက်ပြီ
ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ရန် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးက ဆုံးဖြတ်ခဲ့မှုနှင့် တိုက်ဆိုင်စွာ သူမ၏ နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းကို နေအိမ် အကျယ်ချုပ် ကျစဉ်ကာလကဲ့သို့ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။
လမ်းများနှင့် အင်းစိန်ဈေး ပြန်ပိတ်ပြီ
ရန်ကုန် အင်းစိန်ထောင် ပတ်ဝန်းကျင်ရှိ ကားလမ်းများကို နံနက်ပိုင်းက လူအများသွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သော်လည်း နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါ လမ်းများနှင့် အင်းစိန်ဈေးကို အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီဖြစ်သည်။
အင်းစိန်ကုန်းတံတားတွင် ရဲကား ၁၀ စီးခန့် အင်အားအပြည့်ဖြင့် ရှိနေသလို၊ မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ်များ မြောက်မြားစွာ ချထားသည်။
ပြည်နယ်နှင့် တိုင်း ပါတီဝင်များ စုရုံးရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် ယနေ့တွင် ပြည်နယ်နှင့်တိုင်း အန်အယ်ဒီ ပါတီဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ တထောင်ကျော် ရောက်ရှိနေသည်။
“ဒီနေ့က တော်တော်ကို များတယ်။ လူတော်တော်စုံပြီးတော့ များတယ်။ ခန့်မှန်းခြေက ထောင်ကျော်မယ်။ ဟိုဘက်ကုန်းထိပ် ဘက်မှာရော၊ ဒီဘက်မှာလည်းဆိုတော့ ထောင်ကျော်ကတော့ သေချာတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ အန်အယ်ဒီ ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဒီတခါ ထူးတာက ပထမ စီရင်ချက် ချမယ်ဆိုတဲ့ နေ့လိုမျိုးပဲ လမ်းမပိတ်ဘူး။ ကုန်းတံတားကနေ ကျော်ပြီးတော့ ဝင်လို့ရတယ်။ အင်းစိန်ဈေးရဲ့ အလယ်ပေါက်လောက်ကနေ အဲဒီနေရာမှာ လူတွေ စုနေတယ်။ ဝင်လို့ရတယ်” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
ရန်ကုန်တိုင်း ခရမ်း၊ သုံးခွ၊ မင်းလှ စသည့် မြို့နယ်များမှ အန်အယ်ဒီ လူငယ်များသည် အုပ်စုလိုက်လာကြပြီး အဝါရောင်ဆွဲကြိုး၊ အချို့လူငယ်များသည် အနီရောင်၊ အနက်ရောင် ဆွဲကြိုးများ ဝတ်ဆင်လာကြသည်။
မန္တလေးတိုင်း အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမျိုးအောင်၊ ဦးလှဦး၊ ဒေါက်တာမေဝင်းမြင့်တို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဝင်းနိုင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုဖြစ်သူ ဦးအောင်သန်း၏ သား ဦးချိုအောင်သန်းတို့လည်း ရောက်ရှိနေသည်။
ရှေ့နေများနှင့် သံတမန်များ ထောင်တွင်းသို့ ဝင်ရောက်
ဒေါ်စု၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် နိုင်ငံခြား သံတမန်ကား ၇ စီးခန့် အင်းစိန်ထောင်အတွင်း နံနက် ၁၀ နာရီကျော်တွင် ဝင်ရောက်သွားသည်။
ပါတီခေါင်းဆောင်များ တရားခွင်သို့ ဝင်ခွင့်ရရေး ကြိုးပမ်း
ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တရားခွင်သို့ ဝင်ရောက်လေ့လာခွင့် ရရှိရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် စစ်အစိုးရထံ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယခုထိ ဝင်ခွင့် မပေးခဲ့ပါ။
ကျန်းမာရေး မကောင်းသော အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးဝင်းတင်တို့ အပါအဝင် ဗဟို အလုပ်အမှုဆောင် အဖွဲ့များ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
source by : မဇ္ဈိမ

0 comments:
Post a Comment