အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးရန် တောင်းဆို

Wednesday, June 03, 2009 ·

ဆလိုင်းပီးပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ တကမ္ဘာလုံးက မြန်မာ့ဒိမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို အာရုံစိုက် နေကြချိန်တွင်ပင်၊ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး လွတ်မြောက်ရေး အတွက် ဝိုင်းဝန်း ဖိအားပေးကြပါရန် ကမ္ဘာ့နိုင်ငံများကို ဝါရင့်နိုင်ငံရေးသမား တဦးက တောင်းဆိုလိုက်ပါသည်။

ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့် သတင်းစာဆရာ တဦးဖြစ်သူ ဦးဝင်းတင်က အင်္ဂါနေ့က ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို စောင့်ကြည့်ရန်နှင့် သူမ၏ လွတ်မြောက်ရေးအတွက် ဖိအားပေးရန်မှာ အရေးကြီးသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဦးတင်ဦး လွတ်မြောက်ရေးအတွက် စစ်အစိုးရကို ဖိအားပေးသင့်ကြောင်း သူက ပြောဆိုပါသည်။

“ကျနော် အာဏာပိုင်တွေကို တိုက်တွန်းချင်တာ ၅ နှစ်လဲ ပြည့်ပြီမို့ သူ့ကို လွှတ်ပေးဘို့ပါဘဲ” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အငြိမ်စား ဗိုလ်ချုပ်ကြီးဖြစ်သူ ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့က အထက် မြန်မာနိုင်ငံ ဒီပဲယင်းမြို့တွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော လူအုပ်က သူတို့၏ ကားတန်းကို ဝင်ရောက် ရိုက်နှက်ခြင်းခံခဲ့ရအပြီး ဖမ်းဆီးခြင်း ခံခဲ့ရသည်။

သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသမားတဦး ဖြစ်ခဲ့သူ ဦးဝင်းတင်က ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၅ နှစ်ကြာ အကျဉ်းချခံရပြီး ဖြစ်သဖြင့် သူတို့ကို လွှတ်ပေးရန် အချိန်တန်ပြီဟု ပြောပါသည်။

“သူတို့ကို လွှတ်ပေးဘို့ ပြောဆိုတာက လွဲလို့ ကျနော်တို့ ဘာမှ မလုပ်နိုင်ပါဘူး” ဟု သူက ဆက်လက် ပြောဆို ပါသည်။

ဒီပဲယင်းမြို့တွင် ရက်စက်စွာ အကြမ်းဘက် တိုက်ခိုက်ခံရ အပြီးတွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခြင်း ခံခဲ့ရပါသည်။ ထို့နောက် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့သို့ ပြန်လည် ခေါ်ယူလာခြင်း ခံခဲ့ရပြီး သူ၏ နေအိမ်တွင် အကျယ်ချုပ် ချထားခြင်း ခံရသည်။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံတော်အား နှောင့်ယှက်ျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀(က) အရ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ ဤပုဒ်မအရ ထိန်းသိမ်းခံရသူကို အများဆုံး ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။

၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလမှ တရားဝင် စတင်ရေတွက်လျှင်ပင် သူ၏ အကျယ်ချုပ် သက်တမ်းမှာ ၅ နှစ်ပြည့် နေပြီ ဖြစ်သဖြင့် သူ့ကို ဆက်လက် ဖမ်းဆီး ချုပ်နှောင်ထားခြင်းမှာ မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ဦးဝင်တင်က ပြောသည်။

သို့သော် သူ့ကို နေအိမ်အကျယ်ချုပ် သက်တမ်း နောက်ထပ်တနှစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း စစ်အစိုးရက ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေငြာခဲ့သည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဆက်လက် ချုပ်နှောင်ထားခြင်းသည် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိကြောင်း ပြသနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - မြန်မာပြည်ကို တည်ထောင်သူတဦးနှင့် တွဲဘက် အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်က အင်္ဂါနေ့က ပြောပါသည်။

တနင်္ဂနွေနေ့ကလည်း စစ်အစိုးရ ကာကွယ်ရေး ဒုဝန်ကြီးဖြစ်သူက စင်္ကာပူတွင် ကျင်းပသော ဒေသတွင်း လုံခြုံရေး အစည်း အဝေးတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ တရား ဥပဒေ အတိုင်း ရုံးတင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းရေးကိစ္စဖြစ်၍ မည်သည့် နိုင်ငံကမျှ ဝင်ရောက် စွက်ဖက်ခြင်း မပြုသင့်ကြောင်း ပြောကြားသွားသည်။

ဤတရားခွင်သည် နိုင်ငံတကာဥပဒေ မူဝါဒတရပ်ဖြစ်သည့် တရားဥပဒေ၏ အထက်၌ မည်သူမျှမရှိ ဟူသောမူ အရ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ “ဥပဒေ ချိုးဖောက်သူကို အရေးယူခြင်း မပြုပါက မင်းမဲ့ဝါဒ လွှမ်းမိုးလာပြီး လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ကျိုးပေါက်စေလိမ့်မည် ဖြစ်သည်” ဟု သူက ပြောပါသည်။

စစ်မှုထမ်းဟောင်းတဦးဖြစ်သူ ဦးတင်ဦးသည် စစ်သားများအကြား အထူး လေးစားခြင်း ခံရသူ ဖြစ်သည်။ သူသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ဤပါတီသည် ၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် ဤရလဒ်ကို စစ်အစိုးရက မည်သည့် အခါကမျှ လေးစား လိုက်နာခြင်း မရှိခဲ့ပါ။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */