၎င်းက “ကျနော်တို့ကို အသင်းဖွဲ့စည်း လေ့ကျင့်ဖို့ ငှားတုန်းက ၂၀၁၀ မှာ ပရိုအသင်းတွေ အမှတ်ပေး ပတ်လည် ပြိုင်ပွဲ စလုပ်ဖို့ဆိုပြီး ပြောတယ်။ နောက် ဧပြီလထဲရောက်တော့ ဒီလဆန်းမှာ ပြိုင်ပွဲတွေလုပ်မယ်၊ သုဝဏ္ဏနဲ့ အောင်ဆန်း ကွင်းမှာလုပ်မယ်၊ ကြီးကျယ်အောင် လုပ်ရမယ်၊ ဒါဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ညွှန်ကြားချက် ဆိုပြီး သက်ဆိုင်ရာက ခိုင်းလာတယ်” ဟု ပြောသည်။
ယခုလ (၁၆) ရက်က မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို သုဝဏ္ဏအားကစားပြိုင်ကွင်းတွင် ဖွင့်လှစ်ခဲ့သည်။
ယခုအခါ ဘောလုံးပွဲ (၃) ပွဲ ကျင်းပပြီးစီးသွားပြီး ဘောလုံးပွဲအတွက် အသင်းပိုင်ရှင်များက ငွေကြေးသိန်းပေါင်း သောင်းနှင့်ချီ အကုန်ကျခံ သုံးစွဲနေကြောင်း ရန်ကုန်မှ အားကစား သတင်းထောက် တဦးက ပြောသည်။
၎င်းက “ဘောလုံးပွဲ မစည်စည်အောင် အသင်းပိုင်ရှင်တွေက ဘောလုံးပွဲကျင်းပတဲ့ နေ့တွေမှာ မြို့သစ်တွေက လူတွေကို ကားအကြိုအပို့ စီစဉ်ပေးတာ၊ တီရှပ်၊ ခေါင်းစည်း၊ အလံနဲ့ အစားအသောက် အခမဲ့ဝေငှတာ၊ အခမဲ့ ကြည့်ခွင့်ပေးတာတွေ လုပ်ကြတယ်။ ဘောလုံးကွင်း အထူးတန်းတွေမှာ လူတွေပြည့်နေတာပဲ” ဟု ပြောသည်။
အဆိုပါဘောလုံးပွဲများကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် ဗိုလ်ချုပ်များ၊ တိုင်းမှူးများ၊ ၀န်ကြီးများ တက်ရောက်ပြီး အဆိုတော်များ၊ ဒန်စာများနှင့် ငွေကုန်ကြေးကျ အမြောက်အမြားခံ၍ ခမ်းခမ်းနားနားကျင်းပခဲ့ကာ ဘောလုံးပွဲများကို မြန်မာ့ ရုပ်မြင်သံကြားမှလည်း တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည်။
ရန်ကုန် ယူနိုက်တက်ဘောလုံးအသင်းပိုင်ရှင် စီးပွားရေးသမား ဦးတေဇက ၎င်း၏အသင်းအား တပွဲနိုင်လျှင် ကျပ်သိန်း (၅၀၀) ဆုချမည်ဟု ကြေညာထား သကဲ့သို့ ယုဇန ဦးဌေးမြင့် ကလည်း တပွဲနိုင်လျှင် အသင်းသား တယောက်အား ကျပ် (၅) သိန်းဆုချမည်ဟု ကြေညာထားသည်။
“ကျနော်တို့ သိသလောက်က SOUTHERN MYANMAR ကို ယုဇန ဦးဌေးမြင့်ပိုင်တာ။ ကျနော်တို့ကိုလည်း သူတို့ကားတွေနဲ့ ကြိုပို့လုပ်ပြီး မလာမနေရဆိုလို့ လာအားပေးရတယ်လေ” ဟု ယုဇနကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။
စစ်အစိုးရက ပုဂ္ဂလိကဘောလုံးအသင်းများ ပေါ်ထွက်လာစေရန် စီစဉ်ပြီးနောက်ပိုင်း ဘောလုံးအသင်းများကို ၎င်းတို့လက်အောက်ခံ စီးပွားရေး လုပ်ငန်းရှင်များကို ဦးဆောင်စေခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဘောလုံးပွဲများ အကြီးအကျယ် ကျင်းပပေးနေချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏အမှု ရုံးတင်စစ်ဆေး နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် အမှုအပေါ် ပြည်သူများ အာရုံပြောင်းစေရန် ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်း အားကစား သတင်းထောက် များနှင့် ဘောလုံး ပရိသတ်များက သုံးသပ်ကြသည်။
ရန်ကုန်မြို့ခံများကမူ လောလောဆယ်တွင် ဘောလုံးပွဲထက် ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စကို ပိုမိုစိတ်ဝင်စား နေကြကြောင်း သိရသည်။
source by : ခေတ်ပြိုင်








0 comments:
Post a Comment