ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးမြို့ အလုပ်ရုံတရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမ ၁ဝ ဦး၏ လျော်ကြေးငွေနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမများ သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။
ဖိုးရွှေလ အထည်ချုပ်စက်ရုံ မန်နေဂျာက လစာအပြည့် ပေးမည်ဆိုကာ လွန်ခဲ့သည့်လက အလုပ်ထုတ် ခဲ့သော်လည်း ယမန်နေ့က လစာထုတ်ပေးရန် ချိန်းဆိုရက်တွင် သတ်မှတ်ငွေ အပြည့်မရခဲ့ခြင်း ဖြစ်သည်။
“သမီးတို့ကို အလုပ်ထုတ်တဲ့နေ့ကနေ ၅ ရက်နေ့ကို လစာလာထုတ်ပါ ပြောလို့ မနေ့က ၄ နာရီထိုးမှာ ခေါ်တယ်။ ရောက်တော့ လစာထုတ်တယ်။ အထဲရောက်တော့ ရပိုင်ခွင့်ရှိတဲ့ လစာရယ်၊ တလစာရယ်၊ နစ်နာကြေး တလစာရယ်ကို ၃ သောင်းကျော်ပဲ ရှင်းပေးတယ်” အလုပ်ထုတ်ခံရသူတဦးဖြစ်သည့် အသက် ၂ဝ ကျော်အရွယ် မခင်ငြိမ်းချမ်းက မဇ္ဈိမကို ပြောသည်။
လွတ်လပ်သော အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် မပြုသည့် စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံတွင် နစ်နာခွင့်အတွက် အလုပ်သမားများက အထူးသဖြင့် အမျိုးသမီးများက တောင်းဆိုခြင်းသည် ရှားပါးသော ဖြစ်ရပ်တခု ဖြစ်သည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမများမှာ မခင်ငြိမ်းချမ်း၊ မအေးအေးမြင့်၊ မတင်တင်စိုး၊ မဝါဝါလှိုင်၊ မသူဇာဝင်း၊ မမြသန္တာအေး၊ မမြင့်မြင့်နွယ်၊ မစုစုငယ်၊ မထွေးထွေးနှင့် မဝင်းမာလွင် ဖြစ်သည်။
အားလုံးသည် ပဲခူးမြို့နယ် ကျေးရွာများမှ လာရောက်သူများဖြစ်ပြီး၊ အသက် ၂ဝ နှစ်မှ ၃ဝ နှစ် ကြား ရှိကြသည်။
စက်ချုပ်သမ တဦးလျှင် လစာငွေ ကျပ် ၁၉ဝဝဝ ရရှိပြီး၊ အလုပ်သမားများ ရပိုင်ခွင့်အားဖြင့် ၃ ဆ ပေးချေ ရမည် ဖြစ်သဖြင့် တဦးလျှင် ၅၇ဝဝဝ (၅ သောင်း ၇ ထောင်) ကျပ် ရရှိရန် သူတို့က အရေးဆိုထားကြသည်။
“သမီးတို့က …ရပိုင်ခွင့်ရှိတဲ့ လစာကိုပဲ ထုတ်မယ်။ နစ်နာကြေးကို မယူဘူးလို့ ပြောတော့ ပေးမထုတ်ဘူး။ အလုပ်သမားရုံးမှာ ပြောမယ်ဆိုပြီး ခေါ်သွားတာ။ ဟိုရောက်တော့ ဗိုလ်မှူးသိန်းနိုင် (တိုင်းညွှန်ကြားရေးမှူး) က ဘယ်လိုရရင် ကျေနပ်မလဲ မေးတယ်။ သမီးတို့က ပြောလိုက်တယ်၊ နောက်ဆုံးလစာရဲ့ ၃ ဆ ရရင် ကျေနပ်မယ်လို့” ဟု မခင်ငြိမ်းချမ်းက ပြောသည်။
ပြီးခဲ့သည့်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် သူတို့ကို စက်ရုံ မန်နေဂျာမှ အော်ဒါ နည်းခြင်းကြောင့် အလုပ်ထုတ် ခဲ့သည်။
၁၉၄၆ ခုနှစ် ပြည်သူ့ အလုပ်သမား အခြေခံ ရပိုင်ခွင့်များနှင့် တာဝန်များ ဆိုသည့် ဥပဒေတွင် အလုပ်ဖြုတ် ခံရသည့် အလုပ်သမားကို ၃ လစာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားကြောင်း အလုပ်သမားများဘက်က ကူညီပေးနေသည့် ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က ဆိုသည်။
သို့သော်လည်း ယမန်နေ့က ရှင်းပေးလိုက်သည့် ၁၂၉၇၄ ကျပ်ကိုပင် ထုတ်ယူခဲ့ရသူများလည်းရှိသည်။
“စက်ရုံမှာပဲ ထုတ်လာခဲ့တာပါ။ ဒီနေ့ ထမင်းဖိုးက အရေးကြီးတယ်။ လျော်ကြေးရော၊ လစာရော၊ မကျေနပ်ဘူး။ အိမ်မှာ စာဝတ်နေရေး မပြေလည်လို့ လက်မှတ်ထိုးပြီး ထုတ်ပေးတာကို ယူရတာပေါ့” ဟု မဝင်းမာလွင်က ပြောသည်။
“တကယ်တမ်း ဥပဒေအရဆိုရင် အလုပ်သမား လျော်ကြေး မရတာတို့၊ လျော်ကြေးပေးတာ နည်းမှ အလုပ်သမား ရှာဖွေရေးရုံးကို သွားမယ်၊ အဲဒီ ဦးစီးရုံးက လျော်ကြေးဆိုင်ရာ အမှုကို ဖွင့်ရမယ်။ ပြီးမှ ထုတ်ရမယ်။ အခုဟာက စက်ရုံရဲ့ ခါးပိုက်ထဲမှာ အလုပ်သမား ရှာဖွေရေးရုံးက ရောက်နေတယ်။ ဥပဒေနဲ့ မကိုက်ညီတော့ဘူး” ဟု ဦးအေးမြင့်က ဆိုသည်။
ဖိုးရွှေလမှာ ဦးနေတိုးဟန် ပိုင်ဆိုင်သည့် ယန်စီချန် စက်ရုံ၏ ဆိုင်ခွဲဖြစ်ပြီး၊ အလုပ်သမား ဦးရေ ၄ဝ ခန့်ဖြင့် လည်ပတ်နေသည်
source by : မဇ္ဈိမ
ပဲခူးအလုပ်သမ ၁ဝ ဦး လျော်ကြေး သဘောတူညီမှု မရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment