စစ်အစိုးရကို အငြိမ်းစား စစ်မှုထမ်းဟောင်းများက ဝေဖန်ပြောဆို

Wednesday, May 20, 2009 ·

ကြည်ဝေ | ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရက မတရား အမှုဆင်ကာ တရားစွဲဆိုခြင်း ဖြစ်ပြီး ၎င်း လုပ်ရပ်ကြောင့် မြန်မာ့ တပ်မတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိပါးညစ်နွမ်း စေကြောင်း အငြိမ်းစား စစ်မှုထမ်းဟောင်း တချို့က ဝေဖန်ပြောဆို နေကြသည်။

အသက် ၆၆ နှစ် အရွယ်၊ ပင်စင်စား ဒု ၀န်ကြီးဟောင်း (အငြိမ်းစား စစ်မှုထမ်းဟောင်း) တဦးက “ရှက်စရာ ကောင်းလိုက်တဲ့ အဖြစ်၊ အခုလို လုပ်တာ လူတွေ ဘယ်လောက်တောင် အကြည်ညို မဲ့မလဲ။ ဒါအမှားကြီး တခုပဲ ဆိုတာတောင် မစဉ်းစားနိုင်ဘူး”ဟု စိတ်ပျက်ဟန်နှင့် မျက်နှာကို မဲ့ကာ ရေရွတ်သည်။

သူကဲ့သို့ပင် အစိုးရ အမှုထမ်းများ၊ ပင်စင်စား များသာမက စစ်မှုထမ်းဟောင်း အတော်များများကလည်း စစ်အစိုးရအပေါ်တွင် ယုံကြည်မှု မရှိတော့ကြောင်း ပြောပြသည်။

“တပ်မတော်သား ဘ၀တလျှောက်လုံးမှာ ပြည်သူတွေ ချစ်တာကိုပဲ လိုချင်ခဲ့တယ်။ ခုတော့ လူတွေက စစ်သားဆိုရင် ရွံမုန်းကြီး ဖြစ်နေကြပြီ။ ဒါဟာ နောင်လာ နောက်သားတွေ အတွက် မကောင်းသလို၊ တိုင်းပြည် အတွက်လည်း မကောင်းပါဘူး” ဟု သူကဆိုသည်။

သူသည် စစ်အစိုးရ လက်ထက်မှာပင် ဒု ဗိုလ်မှူးကြီးဘ၀နှင့် တပ်မှထွက်ခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ကြည်ညို ချစ်ခင်ခဲ့သလို၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း စိတ်တွင်းမှ ကြည်ညိုစိတ်ဝင်ခဲ့သူ တဦးဖြစ်သည်ဟု ပြောပြသည်။

“ကျနော် စစ်တပ်ထဲဝင်ခဲ့တာ ဗိုလ်အောင်ဆန်းကို သဘောကျလွန်းလို့ အားကျလွန်းလို့ ၀င်ခဲ့တာပဲ။ ဒါပေမယ် တပ်မတော်က ကျနော်ငယ်ငယ်က ထင်ထားခဲ့သလို မဟုတ်တော့ဘူး။ ခုတော့ တရားဥပဒေကလည်း မခိုင်မာတော့ ပိုဆိုးနေမှာ အမှန်ပဲ” ဟု သူက လက်ရှိ တပ်မတော်နှင့် ပတ်သက်ပြီး ညည်းညူသည်။

မေလ ၁၉ ရက်နေ့၊ အစိုးရထုတ် မြန်မာ့အလင်း၊ ကြေးမုံစသည့် သတင်းစာတို့၏ နောက်ကျောဘက် စာမျက်နှာတွင် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အား အမှုဖွင့်စစ်ဆေးကြားနာ ဆိုသည့် ခေါင်းကြီးနှင့် ရေးသားထားသည့် အမှုအကြောင်းကို ဖတ်ကာ သူ စိတ်ထိခိုက်သွားခဲ့ရသည်ဟု ပြောသည်။

ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်ကို ဖတ်ရှုမိကတည်းက အစိုးရ အနေနှင့် နောက်ထပ် အမှားကြီးကြီး တခုကို ထပ်မံကျူးလွန်မိပြီ ဖြစ်ကြောင်း သူက ဝေဖန်သည်။

“အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ခြေချုပ်ဥပဒေ ချိုးဖောက်တယ်လို့ ပြောတာကစ သဘာဝ မကျဘူး။ တော်တော် များများကလည်း ဒီသတင်းကို သတင်းစာမှာ ဖတ်ရကတည်းက အမှုဆင်တာပဲလို့ ပြောကြတယ်။ ခုလည်း ဇွတ်အတင်း စီရင်ချက်ချတော့မယ် ဆိုတာကို ဒီသတင်းဖတ်ကြည့်ရုံနဲ့ သိရတယ်” ဟု သူက ဆိုသည်။

မေလ ၁၉ ရက်နေ့ထုတ် သတင်းစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ကျူးလွန်သူ တဦးဖြစ်စေရန် ပုံဖော်ရေးသား ထားသည်ကို တွေ့ရကြောင်းသူက ပြောသည်။

တချိန်က တပ်မတော်တွင် ဒု ဗိုလ်မှူးကြီး အဆင့်ထိသာမက ဒု ၀န်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသော သူသည် လက်ရှိ အခြေအနေတွင် ပင်စင်စား ဘ၀နှင့် ရှိနေပြီး ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗီဘီ ရေဒီယိုများ နားထောင်လေ့ ရှိသော ပြည်သူတဦး ဖြစ်လျှက်ရှိသည်ကို တွေ့ရသည်။

သူသည် ၁၉၉၆ ခုနှစ် လှည်းတန်း အရေးအခင်း၊ ဒီပဲယင်း လုပ်ကြံမှုနှင့် ၂၀၀၈ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး တို့အပေါ် စစ်အစိုးရ၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်ပြီး ရှုတ်ချခဲ့သူဖြစ်သည်။

သူ့လိုပင် ၀န်ကြီးဌာန တခုတွင် ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသော အငြိမ်းစား ဗိုလ်မှူးကြီး တဦးကလည်း “ဒေါ်အောင်ဆန်း စုကြည်ကို ပြန်မလွှတ်ချင်လို့ ခုလိုလုပ်တာ၊ ဒါက အောက်တန်းကျတဲ့ နည်းပဲ။ ကမ္ဘာက အထင်မကြီးတဲ့ စစ်ခေါင်းဆောင်တွေကို ပိုပြီး အမြင်ဆိုးသွားစေတာပေါ့” ဟု လက်ရှိ စစ်အစိုးရကို ဝေဖန်သည်။

ထင်ရှားသည့် ၀ါရင့် သတင်းစာဆရာကြီး တဦးကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်းထား ချင်သည့်အတွက် ယခုလို လုပ်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်နေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း တရားမျှတမှု မရှိနိုင် ဆိုသည်ကို ပြသနေကြောင်း ပြောဆိုသည်။

“နိုင်ငံခြားသား တယောက် ခြံထဲ ဝင်တာကို အကြောင်းပြပြီးတော့ တရားစွဲတယ်။ တရားခွင်ကလည်း တရားမျှတမှု မရှိနိုင်ဘူး။ ဘယ်သူ့ကိုမှလည်း ၀င်ခွင့်ပေးမှာ မဟုတ်ဘူး၊ တရားလိုပြ သက်သေ တွေကအစ သူတို့ တမင်လုပ်ကြံ ဖန်တီးဦးမှာပဲ ဆိုတာ ထင်ရှားတယ်”ဟု အဆိုပါ သတင်းစာ ဆရာကြီးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်စေလိုသည့် အတွက် ယခုကဲ့သို့ အကွက်ဆင်ကာ ဖမ်းဆီးပြီး ထောင်ချရန် ကြံစည်ခြင်း ဖြစ်ကြောင်း အသက် ၇၀ ၀န်းကျင်အရွယ် နိုင်ငံရေးသမားကြီးတဦးက ဝေဖန်သည်။

“တပ်မတော်က ခုထက်ပိုပြီးတော့ အရုပ်ဆိုးစရာလည်း မရှိတော့ဘူး” ဟု သူက ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */