အာအက်ဖ်အေ | ဒေါ်အောင်ဆန်းစုကြည်က မိမိကို စွဲချက်တင်ထားတဲ့ အမှုမှာ မိမိမှာ အပြစ်မရှိကြောင်း ပြောတယ်လို့ ဒီကနေ့ မေလ ၁၄ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့ ဦးကြည်ဝင်းက RFAကို ပြောပါတယ်။ ဦးကြည်ဝင်း အနေနဲ့ မနေ့က မေလ ၁၃ရက်နေ့မှာ တကြိမ်၊ ဒီကနေ့တကြိမ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဦးကြည်ဝင်း။ ။ “သူကိုယ်တိုင် ပြောတယ်လေ၊ သူကိုယ်တိုင်လည်း သိတယ်၊ ပုဒ်မလည်း သိတယ်၊ ကျွန်မ အဲဒါတွေကို မကျူးလွန်ဘူးတဲ့၊ ဒါ သူက ရဲရဲဝံ့ဝံ့ ပြောတာ၊ ဒါ ကျွန်မ ကျူးလွန်တဲ့ ကိစ္စမဟုတ်ဖူး၊ ရှင်းတယ်ဗျ၊ ဘယ် ဟိုကနေ ရေကူးပြီးလာတယ်၊ ဒီက ဆက်သွယ်ပြီးတော့ လက်ယပ်ခေါ်ပြီးတော့ လာပါလာပါလို့ ခေါ်တာမှ မဟုတ်ပဲ။ သူရောက်လာတော့မှပဲ ရောက်လာတော့ အဲဒီမှာ ကြွက်တက်တာတို့ ဘာတို့နဲ့ ဒီလို ဖြစ်လာတဲ့ ကိစ္စ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ် နည်းနည်းပိန်သွားတာ တွေ့ရပေမဲ့ စိတ်ဓာတ်ကတော့ ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဦးကြည်ဝင်းကိုတောင် အားပေးစကား ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။
ဦးကြည်ဝင်း။ ။ “ဟာ အန်ကယ်လ်တို့ you must have stout heart တဲ့၊ နှလုံးသား မာမာ ခိုင်ခိုင်မာမာ ရှိရမယ် ဆိုတဲ့သဘော သူပြောတာပဲ။ အဲဒီတော့ ကျွန်တော်ကတောင် ပြောနေသေးတယ်၊ ကိုအောင်သိန်းတို့၊ ကိုဉာဏ်ဝင်းတို့၊ အေးဗျာလို့ အားပေးရမှာက ကျွန်တော်က အားပေးရမှာ၊ ခုဥစ္စာ သူကတောင် ကျွန်တော့ ပြန် အားပေးနေသေးတယ်လို့။”
ဦးကြည်ဝင်းအနေနဲ့ ဒီကနေ့မေလ ၁၄ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စဉ် အင်းစိန်ထောင် အထူးတရားရုံးမှာ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဦးကြည်ဝင်းနဲ့ အတူ ရှေ့နေ ဦးလှမျိုးမြင့်တို့ ပါဝင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမတို့ရဲ့ အမှုကို လိုက်ပါဖို့ ရှေ့နေများဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နဲ့ ဦးဥာဏ်ဝင်းတို့ ပါဝါတင် ထားပြီး ရှေ့နေ ဦးအောင်သိန်း နဲ့ ဒေါ်ခင်ဌေးကြွယ်တို့လည်း ဆက်ပြီး ပါဝါတင်ဖို့ ရှိတယ်လို့ သိရပါတယ်။ အင်းစိန် ထောင်တွင်း လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း ဦးကြည်ဝင်းက ပြောပြပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပုံနဲ့ ပတ်သက်ပြီး ရှေ့နေဦးကြည်ဝင်းကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
နားဆင်ရန်
source by : အာအက်ဖ်အေ








0 comments:
Post a Comment