အာအက်အေ | သွေးပေါင်ကျပြီး ရေဓာတ်ခမ်းခြောက်တဲ့ ဝေဒနာတွေ ခံစားနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဆေးကုသခွင့် ရဖို့အတွက် မိသားစုဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ပြုံးမိုအိက အာဏာပိုင်တွေကို မေလ ၉ ရက်နေ့မှာ နောက်တကြိမ်ထပ်ပြီး ခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင် တွေက ခွင့်မပြုဘူးလို့ သိရပါတယ်။ ဒေါက်တာ ပြုံးမိုအိဟာ မေလ ၈ ရက် သောကြာနေ့ညနေပိုင်းက ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံခွင့် ရခဲ့ပြီး အကြောဆေး သွင်းပေးခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက် နေ့မှာ နောက်ထပ် လိုအပ်တဲ့ဆေးဝါးကုသမှု ပေးနိုင်ဖို့ စောင့်ဆိုင်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ဘာမှ အကြောင်းမပြန်တာကြောင့် ခုချိန်အထိ တွေ့လို့မရသေးပါဘူး။
နအဖ စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ယမန်နှစ် အောက်တိုဘာ ၂၅ရက်နေ့က အစိုးရ ဧည့်ဂေဟာတွင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) |
ဦးဥာဏ်ဝင်း။ ။“သတင်းကြားအရတော့ တွေ့ခွင့်မရဘူးလို့ ကျနော်တို့ကြားပါတယ်။ ကျနော်တို့ နားလည် သလောက်ကတော့ သူက Drip သွင်းရတယ်၊ IV သွင်းရတယ်။ အဲလိုသွင်းရတယ်ဆိုရင် နောက်နေ့တွေမှာ ဒီ Result တွေကို ကြည့်ရှုဖို့ လိုတာပေါ့။ ကျန်းမာရေးအရဆိုရင် ဒီဥစ္စာ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျနော် သိတာ တခုပြောရရင်တော့ ဒီလို ကျန်းမာရေးနဲ့ပတ်သက်ပြီး တွေ့ဆုံခွင့်၊ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခွင့် ဆိုတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အခု ဥပဒေအရ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်ထဲမှာ မပါဘူး။ ကန့်သတ်ချက်ထဲမှာ မပါတဲ့ဟာကို ကန့်သတ်ခံနေရတယ် ဆိုတဲ့အချက်ကိုတော့ ကျနော် ပြောချင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ဒီပဲရင်း လုပ်ကြံတိုက်ခိုက်မှုအပြီး နိုင်ငံတော်ကို နှောက်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ အခု မေလ ၂၇ ရက် နေ့ဆိုရင် ခြောက်နှစ် ပြည့်ပါတော့မယ်။
ဦးဥာဏ်ဝင်း။ ။“ကျနော်တို့အမြင်ကတော့ သက်တမ်းက ကျော်နေပါပြီ။ ငါးနှစ်လို့ပဲ ဒီဥပဒေကို ကျနော်တို့ အဓိပ္ပါယ်ဖွင့်ထားတယ်။ အဲဒီတော့ အခု မေ ၂၇ ဆိုရင် ခြောက်နှစ်ရှိပြီ။ ကျနော်တို့ကတော့ ဥပဒေအရ ဆက်ပြီး နောက်ထပ်တော့ မတိုးချဲ့ဘူးလို့ ယုံကြည်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ကို ထိမ်းသိမ်းထားတဲ့ ဥပဒေဟာ အများဆုံး ၅ နှစ်အထိသာ ဖမ်းဆီးထားနိုင်ခွင့် ရှိပေမယ့် အာဏာပိုင်တွေက နောက်ထပ် တနှစ် သက်တမ်းတိုးပြီး ဆက်လက်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
source by : အာအက်ဖ်အေ








0 comments:
Post a Comment