ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ

Thursday, May 21, 2009 ·

ကြည်ဝေ | အင်းစိန် ထောင်ဘူးဝနားတွင် ငုတ်တုတ် ထိုင်လိုက်၊ အင်းစိန်ထောင် ဘေးတွင် လမ်းလျှောက်လိုက် လုပ်နေသော သူတို့ကို ညိုဝါရောင် ယူနီဖောင်းနှင့် အကျဉ်းထောင် လုံခြုံရေးဌာနမှ ၀န်ထမ်းများနှင့် ယူနီဖောင်း မီးခိုးပြာရောင်ဝတ် ရဲများက ထောင်နားတွင် မနေရန် ပြောဆို မောင်းထုတ်ခဲ့သည်။

သို့သော်လည်း သူတို့သုံးဦးစလုံး အင်းစိန်ထောင် ပတ်ဝန်းကျင်က မခွာဘဲ စောင့်နေခဲ့ကြသည်မှာ မေလ ၁၈ ရက်နေ့ ကတည်းက ဖြစ်သည်။

နေဘယ်လောက် ပူပူ၊ မိုးဘယ်လိုပင် ရွာရွာ သူတို့က အမိုးအကာကင်းမဲ့သည့် ကြားမှ ခေါင်းမာ၊ ပေကပ်စွာ၊ ကြောက်ရွံ့ခြင်း ကင်းလျှက် စောင့်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ကတော့ ဒေါ်စုကို လာအားပေးတာပါ။ ကျနော်တို့ ရှိတာကိုသိသိ၊ မသိသိ လာအားပေးချင်တဲ့ စိတ်နဲ့ကို လာတာ” ဟုအသက် ၃၅ နှစ်အရွယ် ကိုမျိုးကြီးက ပြောပြသည်။

အသားညိုသည့်ကြားထဲ နေပူလောင်ထားသည့်အတွက် သူ့မျက်နှာတပြင်လုံး မည်းညစ်လျက်ရှိပြီး ချွေးများ ကလည်း သူဝတ်ထားသော အင်္ကျီအဖြူတွင် ရွှဲစိုနေသေးသည်။ သို့တိုင်အောင် သူ့မျက်နှာတွင် အပြုံးများရှိနေပြီး သူတို့ကို ရဲများနှင့် ရယကများက မောင်းထုတ်သည့် အကြောင်း ပြောပြသည်။

“ပထမတော့ ကြောက်စိတ်ဝင်လာတယ်၊ ပြီးတော့ မခံချင်ဖြစ်မိတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ အများပြည်သူ လျှောက်လို့ရတဲ့ လမ်းမှာလျှောက်တယ်၊ လမ်းဘေးသစ်ပင်အောက်မှာထိုင်တယ်၊ အဲဒါ ဘာ မောင်းထုတ်စရာ ရှိလဲ၊ သူများတွေလည်း ဒီလိုပဲ သွားကြလာကြတာ၊ သူတို့ လမ်းပိတ်ထားတဲ့ထဲကို သွားလို့ မောင်းထုတ်တယ် ဆိုရင် တမျိုးပေါ့။ အဲဒါနဲ့ သူတို့ မောင်းထုတ်ယုံမကလို့ အချုပ်ကားပေါ် ဆွဲတင်ရင် တင်ပါစေ ဆိုပြီး နေရာ ပြောင်းပြောင်းပြီး နေနေတာ၊ အဲလို လုပ်နေတော့ သူတို့လည်း စိတ်ပျက်ပျက်နဲ့ ခဏခဏ လာ မောင်းထုတ်လိုက် သူတို့နေရာ ပြန်သွားလိုက်နဲ့ ကစားနေရသလိုပဲ အပျင်းပြေတယ်” ဟု သူက ရယ်ရင်း ပြောသည်။

ထောင်ဘူးဝတွင် ရပ်နေသူ များသဖြင့် ထောင်ဝင်စာတွေ့မည့်သူများကိုသာ တွေ့မည့်သူနာမည်၊ အိမ်ထောင်စု စာရင်း စသည်တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ထောင်ဝန်းအတွင်း ၀င်ခိုင်းသည်။ ထောင်ဝင်စာ တွေ့ရန်လာသူ မဟုတ်လျှင် ထောင်အနားတွင် မနေရန် မောင်းထုတ်သည်။

အကျဉ်းထောင် မျက်နှာချင်းဆိုင်ရှိ ကျော် လက်ဖက်ရည်ဆိုင်နှင့် ငွေလသာ စားသောက်ဆိုင်တို့တွင်လည်း လူများ ဆိုင်လုံးပြည့် ထိုင်နေကြသောကြောင့် သူတို့ ၃ ဦးမှာ အင်းစိန်ထောင်ရှေ့ရှိ ကွမ်းယာဆိုင်လေးများတွင် ထိုင်၍ တမျိုး၊ ထောင်ဘေး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် လမ်းလျှောက်၍၊ ရပ်၍ တမျိုး၊ အရိပ်ရ သစ်ပင် များအောက်တွင် ထိုင်ကာတသွယ် ပြုလုပ်ရင်း သူတို့ ချစ်ခင် ကြည်ညိုသော ဒေါ်အောင်ဆန်းစုကြည်ကို အားပေးနေကြသည်ဟု ပြောပြသည်။

သူတို့လိုပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်အဖွဲ့၊ အမျိုးသမီးများအဖွဲ့ဝင်များကိုလည်း ၂ ဦးတစု၊ ၃ ဦးတစုဖြင့် နံနက် ၉နာရီ ထိုးပြီးသည်နှင့် တဖွဲဖွဲ အဖွဲ့လိုက် ရောက်လာကြသည်ကို တွေ့ရသည်။

သူတို့ အားလုံး အင်းစိန်ထောင် ပတ်ဝန်းကျင်၌ပင် ရပ်လိုက်၊ လမ်းလျှောက်လိုက် ထိုင်လိုက်နှင့် နံနက် ၁၀ နာရီ ၀န်းကျင်မှ ညနေ ၃ နာရီ ကျော် ၄ နာရီထိ ရှိနေခဲ့ကြသည်။

“အရင်နေ့တွေက ဆရာ ဦးဝင်းတင် လာသေးတယ်။ မနေ့ကဆို နေပူနေတော့ ဆရာ့ကို ရှေ့က လက်ဖက်ရည် ဆိုင်မှာ ထိုင်စောင့်ပါလို့ ပြောတာမရဘူး၊ ကျနော်တို့နဲ့ လာရပ်စောင့်နေတယ်ဗျာ။ ဒီနေ့လည်း လာမယ်လို့ ပြောတယ်” ဟု ရန်ကုန်တိုင်း NLD လူငယ် အဖွဲ့ဝင် တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အသက် ၇၀ ကျော် ၈၀ နီးပါးရှိ သတင်းစာဆရာကြီး ဦးဝင်းတင်သည် နေကျဲကျဲတောက် ပူနေသည့်ကြားမှ ဘတ်စ်ကားတိုးဝှေ့စီးပြီး ထီးဆောင်းကာ တခြား NLD အဖွဲ့ဝင်များနှင့်အတူ လာရောက်၍ စောင့်ကြည့်လေ့ရှိကြောင်း သိရသည်။ ဦးဝင်းတင်ကို အထူးစောင့်ကြည့်နေသူများ ရှိသည်ဟု သိရသည်။

“ဆရာ ဦးဝင်းတင် ဘယ်သွားသွား ဘတ်စ်ကားပဲ စီးတော့ သူ့နောက်လိုက်နေတဲ့ သူတွေက အောင့် သက်သက်နဲ့ ဘတ်စ်ကား လိုက်စီးရတော့တာပဲ။ နောက်ကတော့ တောက်လျှောက်ကို လိုက်နေကြတာ။ ဒီကိုလာတော့လည်း ပါလာတယ်၊ ဆရာရပ်တာကို မြင်နိုင်တဲ့ နေရာကနေ စောင့်ကြည့်ကြတယ်” ဟု NLD လူငယ်တဦးက ပြောပြသည်။

NLD လူငယ်အဖွဲ့ဝင်တချို့နှင့် အမျိုးသမီးအဖွဲ့ဝင်တချို့တို့သည် မေလ ၁၅ ရက်နေ့ ကတည်းက ရုံးချိန်းရှိသည့် ရက်တိုင်း နံနက်မှ ညနေ ရုံးဆင်းချိန်အထိ တနေကုန်လာစောင့်နေကြကာ ညနေ ရုံးချိန်းသိရမှ ၎င်းတို့ရုံးချုပ်သို့ ပြန်၍ သတင်းပို့ရသည်ဟု ဆိုသည်။

“ရုံးမှာ ကျန်နေခဲ့ရတဲ့ လူတွေလည်း အရမ်းလာချင်ကြတယ်။ လူခွဲလာကြရတာလေ။ ကျမတို့ကတော့ အန်တီ့ အကြောင်းကို ရသမျှ စုံစမ်းကြည့်နေတာပဲ။ အန်တီ့ကို အားလုံးက ရည်ရည်မွန်မွန် ဆက်ဆံ တယ်။ အစား အသောက်လည်း ကောင်းကောင်းမွန်မွန် ကျွေးတယ်လို့တော့ ကြားရတာပဲ” ဟု NLD ဗဟို အမျိုးသမီးအဖွဲ့မှ အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသမီးကြီးတဦးကပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူကြားနာနိုင်သော တရားခွင်တွင် စစ်ဆေးရန် တောင်းဆို ခဲ့သော်လည်း ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် တံခါးပိတ်ကြားနာခြင်းသာ ပြုလုပ်ခဲ့သဖြင့် NLD အဖွဲ့ဝင်များက ၎င်းတို့ဆန္ဒကို ထုတ်ဖော်သည့်အနေနှင့် လာရောက် ထိုင်စောင့် နေကြခြင်း ဖြစ်ကြောင်း NLD လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရက ၂၀ ရက်နေ့တရက်ကိုသာ တရားခွင်သို့ သတင်းထောက်များနှင့် သံတမန်များကို ဝင်ခွင့် ပေးခဲ့သည်။

NLD အဖွဲ့ဝင်တို့သည် လက်ရှိအခြေအနေတွင် ရုံးတွင်းကိစ္စများကို ဆောင်ရွက်ခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။

“ဘယ်လိုလုပ်ပြီး အဖွဲ့ချုပ်က ခရီးစရိတ်ပေးနိုင်မှာလဲ။ ဘာမှ မပေးနိုင်ဘူး။ ကျမတို့က ကိုယ့်ထမင်း ကိုယ်စားပြီး နိုင်ငံရေး လုပ်လာတဲ့သူတွေပဲ။ ခုလည်း ကိုယ့်အိမ်က ပိုက်ဆံနဲ့ ကိုယ့်ထမင်းဘူးနဲ့ လာခဲ့တာ” ဟု အမျိုးသမီး အဖွဲ့မှ အဖွဲ့ဝင်တဦးက ဆိုသည်။

သူတို့အဖွဲ့နှင့် မလှမ်းမကမ်းတွင် ရဲများ၊ ရယကများက သူတို့ကို စူးစိုက်ကြည့် လျက်ရှိပြီး ထောင်ဘေး တလျှောက်တွင်လည်း ရဲအပြည့်ပါသော ရဲကားများမှာ ပေ ၅၀ တစီး နှုန်းဖြင့် ခပ်စိပ်စိပ် ချထားသည်ကို တွေ့ရသည်။

ယနေ့ထိတိုင် အင်းစိန်ဈေးနှင့် ခုံးကျော်တံတား လမ်းသည်လည်း ပိတ်ထားဆဲဖြစ်ပြီး ထောင်ဝင်စာ တွေ့ခွင့်ကို လည်း ကန့်သတ် ထားသောကြောင့် အများစုမှာ ထောင်ဝင်စာတွေ့ရန် အခက်အခဲ ရှိနေကြသည်။

“ထောင်ထဲကို ပေးချင်တာရှိရင် သေချာ စာရင်းနဲ့ ထားခဲ့လို့ရတယ်။ ထောင်ထဲက လူတွေနဲ့တော့ တွေ့ခွင့်မရ ခဲ့ဘူး” ဟု ယနေ့ နံနက်တွင် ထောင်ဝင်စာ လာတွေ့သူ တဦးက ပြောပြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */