RFA | ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေက အာဏာပိုင်တွေ ဖမ်းဆီးသွားတဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ဧပြီလ ၁ဝ ရက်နေ့က ပြန်လွတ်ပေးလိုက်ပြီလို့ စုံစမ်းသိရှိရပါတယ်။ အဖမ်းခံရသူတွေကတော့ ပုဂ္ဂလိက စက်ရုံဝန်ထမ်းတွေဖြစ်တဲ့ ဦးဇော်မြင့်အောင်၊ ဦးစိုးဦး၊ ကိုထွန်းငြိမ်း၊ မခိုင်လင်းမြတ်နဲ့ မရွှေရည်ညွှန့်တို့ ဖြစ်ကြပါတယ်။ သူတို့နဲ့အတူ မရွှေရည်ညွှန့်ရဲ့ မိသားစုဝင် သုံးဦးလည်း အဖမ်းခံခဲ့ရတာပါ။
“ထိန်းသိမ်းခံရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတို့ ILO တို့ကို အသိပေးပြီးတော့ ကျနော်တို့ ကြိုးစားတာပါ။ ကျနော်တို့ လုပ်ထုံးလုပ်နည်း မှန်တဲ့အတွက်ကြောင့် နအဖအနေနဲ့ ပြန်စိစစ်ပြီးတော့ ကျနော်တို့ရဲ့ အဖွဲ့ဝင် တွေက ဥပဒေမဲ့ လုပ်ငန်းတွေ မလုပ်ဘူး၊ ရာဇဝတ်မှုကျူးလွန်ခြင်းမရှိဘူး၊ သာမန် အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တွေသာ လုပ်တယ်ဆိုတာကို တွေ့ရှိတဲ့အတွက် ပြန်လွှတ်ပေးတယ်လို့ ယူဆပါတယ်”
ဖမ်းသွားသူတွေနဲ့ မိသားစုဝင်တွေကို ပြန်လွတ်ပေးလိုက်ပေမယ့် မရွှေရည်ညွှန့်ရဲ့ တူမဖြစ်သူ မရီမွန်ကိုတော့ အခုချိန်ထိ ပြန်မလွတ်ပေးသေးပါဘူး။ ဘာကြောင့် အခုလို ဆက်လက် ထိန်းသိမ်းထားသလဲဆိုတာကိုတော့ မိသားစုဝင်တွေကိုယ်တိုင် မသိရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
source by : http://www.rfa.org/burmese/news/detained_ftub_members_released-04112009131410.html
0 comments:
Post a Comment