ဧရာဝတီ | မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ပြည်သူအများ ထိခိုက်ပျက်စီးရခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ ဆွေးနွေးပွဲတခုတွင် မြန်မာ စစ်အစိုးရက စွပ်စွဲလိုက်သည်ဟု သိရသည်။
![]() မြေမြှုပ်မိုင်း နင်းမိခဲ့သည့် ကရင်ပြည်နယ်မှ အမျိုးသမီးတဦး |
ဆွေးနွေးပွဲ တက်ရောက်သူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်သည့် ဦးကျော်တင့်ဆွေက ကရင်အမျိုးသား အစည်းအရုံး (KNU)သည် မြေမြှုပ်မိုင်း အများဆုံး အသုံး ပြုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း ဖော်ပြ သွားသည်ဟု သိရသည်။
သို့သော်လည်း စစ်အစိုးရအနေဖြင့် KNU နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို များမကြာမီ ပြုလုပ်သွားမည်၊ သို့မှသာ အစိုးရက မြေမြှုပ်မိုင်း တားဆီးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဟုလည်း အဆိုပါ မြန်မာအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း မြေမြှုပ်မိုင်း တားဆီးရေး ဆွေးနွေးပွဲများကို မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခြင်းမှာ ဤတကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။ ၃ ရက်ကြာ ဆွေးနွေးပွဲကို ယနေ့ညနေတွင် အဆုံးသတ်မည် ဖြစ်သည်။
အရှေ့တောင်အာရှတွင် မြန်မာပြည်သည် မြေမြှုပ်မိုင်းကြောင့် သေကြေ၊ ထိခိုက်ဒဏ်ရာရမှု အများဆုံး နိုင်ငံ များတွင် ပါဝင်ပြီး၊ မြေမြှုပ်မိုင်း ယခုအချိန်ထိ အများဆုံး အသုံးပြုနေသည့် နိုင်ငံလည်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနောက်တွင် အများဆုံး သုံးသည့် နိုင်ငံများမှာ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ ဖြစ်သည်။
ICBL ၏ ၂ဝဝ၆ ခုနှစ် စာရင်းများအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၂၄၆ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၇ တွင် ပေါက်ကွဲမှု ၄၃၈ ကြိမ် ရှိခဲ့သည်။ သတင်းမရရှိခဲ့သော ပေါက်ကွဲမှုများလည်း ရှိသေးသည်ဟု ICBL က ဆိုသည်။
ICBL အဖွဲ့က မြေမြှုပ်မိုင်း အသုံးပြုသည့် မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကန့်ကွက်ထားသည်။ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပြည်သူလူထုအကျိုးကို ဆောင်ရမည်ဖြစ်ပြီး မြေမြှုပ်မိုင်း သုံးပြီး သတ်ဖြတ်ခြင်း မပြုသင့်ဟု ဆိုသည်။
KNU လက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA) အဖွဲ့တို့ကလည်း မြေမြှုပ်မိုင်း အသုံးပြုခြင်း မရှိကြောင်း ငြင်းချက်ထုတ်ထားကြသည်။
“စစ်အစိုးရကတော့ ကျနော်တို့ကို စကားလုံးတွေနဲ့ အမြဲ တိုက်ခိုက်နေတာပဲ၊ သူတို့ကတော့ ကျနော်တို့ကို တိုက်ဖို့ မြေမြှုပ်မိုင်း သုံးနေတာ ကြာလှပြီ” ဟု KNU မှ ဗိုလ်မှူးကြီးစိုးစိုးက ပြောသည်။
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ စိုင်းဆိုင်မိဏ်းကလည်း အလားတူ ငြင်းဆိုထားသည်။
“စစ်အစိုးရက နိုင်ငံတကာအမြင်မှာ ကျနော်တို့က အကြမ်းဖက်အဖွဲ့ဖြစ်တယ်လို့ မြင်လာအောင် အမြဲ ပြောနေတယ်။ တကယ်တမ်းတော့ မြေမြှုပ်မိုင်းကို သုံးပြီး လူထုကို သတ်နေတာ သူတို့ပဲ” ဟု စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောပြသည်။
မြန်မာပြည်သည် ပြည်တွင်းစစ်မီး နှစ်ပေါင်းများစွာ တောက်လောင်နေသော နိုင်ငံ ဖြစ်သည်။ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကာကွယ်ရေး၊ တိုက်ခိုက်ရေးတို့ အတွက် မိုင်းမျိုးစုံ အသုံးပြုလျက် ရှိသည်ဟု သိရသည်။
ဘန်ကောက်တွင် ပြုလုပ်နေသော မြေမြှုပ်မိုင်း တားဆီးရေး ဒေသတွင်း ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်နေကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို အရှေ့တောင် အာရှ ဒေသ မိုင်း ကင်းစင်ရေး ဟု အမည်ပေးထားသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=922:2009-04-03-12-50-22&catid=1:news&Itemid=2









0 comments:
Post a Comment